မြန်မာ့ငါးရှဉ့်နှင့် ကဏန်းအရှင် တရုတ်သို့ တစ်ရက်လျှင် တန် ၂၀ ခန့်တင်ပို့နေ

မြန်မာ့ငါးရှဉ့်နှင့် ကဏန်းအရှင် တရုတ်သို့ တစ်ရက်လျှင် တန် ၂၀ ခန့်တင်ပို့နေ

ရန်ကုန်  စက်တင်ဘာ  ၁

    ပြည်တွင်း၌ မွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့ရေထွက်ကုန် အချို့တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံမှ ငါးရှဉ့်နှင့်ကဏန်းအရှင် ဝယ်လိုအား ရှိနေချိန်၌ ရန်ကုန်၊ မန္တလေးနှင့် မူဆယ်တို့ရှိ အရည်အသွေး စစ်ဆေးသော   ဓာတ်ခွဲခန်းနှင့် ရေလှယ်ရုံတို့မှ ပို့ကုန် အရည်အသွေးကို စစ်ဆေး၍ တင်ပို့လျက်ရှိရာ တစ်ရက်လျှင် ငါးရှဉ့်နှင့်  ကဏန်းအရှင် တန်၂၀ ခန့်တင်ပို့လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးရှဉ့်နှင့် ကဏန်းအရှင်တို့ကို မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ တစ်ဆင့် တရုတ်ပြည်သို့ တင်ပို့လျက်ရှိသည်။ ကနဦး ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်ရှိ ရေထွက်ကုန် အရည်အသွေး စစ်ဆေးသော ဓာတ်ခွဲခန်းနှင့် ရေလှယ်ရုံတွင် စစ်ဆေးပြီးနောက် မန္တလေးမြို့ငါးလုပ်ငန်း ဦးစီးဌာန နတ်ရေကန်စခန်း၌  ရေထွက်ကုန် အရည်အသွေး ဓာတ်ခွဲစစ်ဆေးရေး စခန်းတွင်စစ်ဆေး၍ ပုဂ္ဂလိကရေလှယ်ရုံ သုံးရုံတွင်  ငါးရှဉ့်၊ ကဏန်းကို ရေလှယ်ပြုပြင်ကာ မူဆယ်သို့ ဆက်လက် တင်ပို့လျက်ရှိသည်။

မန္တလေးမြို့နတ်ရေကန် စခန်းတွင် အရည်အသွေးပြည့်မီသော ဓာတ်ခွဲခန်းကို ငါးလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိပြီး  ရေလှယ်ရုံ အဟောင်းနေရာတွင် ရေလှယ်ရုံအသစ် ပြင်ဆင်တည်ဆောက်ခြင်း၊ ပုဂ္ဂလိကသို့ ငှားရမ်းခြင်း၊ ဌာနနှင့်ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေထွက်ကုန် အရည်အသွေးကို ထိန်းချုပ်ခြင်းဖြင့် ပို့ကုန်များ ထိခိုက်ပျက်စီးမှုကို  လျော့ကျမှုဖြင့် နိုင်ငံခြားဝင်ငွေ တိုးမြင့်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ  ငါးရှဉ့်နှင့်ကဏန်းကို တစ်ရက်လျှင် တန် ၂၀ ခန့် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်ပို့လျက်ရှိပြီး ရန်ကုန်မှ ပိဿာ ၁၀၀ တင်ပို့ပါက မူဆယ်တွင် ပိဿာ ၉၀ ခန့် တင်ကျန်သောကြောင့် ရေလှယ်ရုံကဏ္ဍမှာ အရေးပါလျက်ရှိရာငါးရှဉ့်၊ ကဏန်း ၄၀ ကီလို တစ်ဖာလျှင် ရေလှယ်ခဝန်ဆောင်မှု သင့်တင့်သော ဈေးနှုန်းဖြင့် ငါးရှဉ့်၊ ကဏန်းကုန်သည်များ အဆင်ပြေချောမွေ့စေရန်၊ အရည်အသွေးမြင့်သော ငါးရှဉ့်၊ ကဏန်းသန့်စင်သော ရေလှယ်ရုံများ ထားရှိရန်၊  ငါးရှဉ့်၊ ကဏန်းပို့ကုန် စီးဆင်းရာ၌ စဉ်ဆက်မပြတ် တင်ပို့မှုတွင် အရည်အသွေး ထိန်းချုပ်မှုဖြင့် ပို့ကုန်တိုးမြှင့်နိုင်ရန်၊ ဝယ်လိုအားကောင်းသော ရေထွက်ကုန်အား နိုင်ငံတော်အခွန်ငွေ ရရှိစေမည့် တရားဝင်နည်းလမ်းများဖြင့် အရည်အသွေး အာမခံသောစနစ်ဖြင့် ခိုင်မာသော ဈေးကွက်ကို ထိန်းချုပ် တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးရှဉ့်အသင်း၊ မြန်မာနိုင်ငံ ကဏန်းအသင်းနှင့် ရေလှယ်ရုံလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါလျက်ရှိသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငါး၊ ပုစွန်နှင့် အေးခဲရေထွက်ကုန်များ ပို့ကုန်ကဏ္ဍ ယာယီရပ်နားထားပြီး ငါးရှဉ့်နှင့် ကဏန်းကိုတင်ပို့လျက်ရှိရာ မန္တလေးမြို့ နတ်ရေကန် စခန်းတွင် ရေလှယ်ရုံအသစ် ဖွင့်လှစ်ပြီးပါက ယခုထက် ရေထွက်ကုန် တိုးမြှင့်တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင် ငါးရှဉ့်၊ကဏန်းတန်ချိန် ၂၀ ခန့်တင်ပို့လျက် ရှိကြောင်း သိရသည်။