၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းက ပထမတံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိ

နေပြည်တော်  စက်တင်ဘာ  ၂

၂၀၂၂ ခုနှစ်၊   ဝန်ကြီးဌာနပေါင်းစုံအသက် ၂၅ နှစ်အောက်  (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင်နေပြည်တော်    ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌  ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက   ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက်ဒိုင်းဆုအား    ဆွတ်ခူးရရှိကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင်    ဆုချီးမြှင့်ခြင်း အခမ်းအနားကို    ဆက်လက်ကျင်းပရာ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၈) ဟိန်းထက်စိုးနှင့် အကောင်းဆုံး နောက်တန်း အားကစားသမားဆုရရှိသည့်    ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂၅) အောင်ဇင်ဖြိုးတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း ကလည်းကောင်း၊ အကောင်းဆုံးအလယ်တန်း အားကစားသမားဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ  ကျောနံပါတ်(၇) ကျော်စိုးဦး၊     အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းမှ  ကျောနံပါတ်(၂၂) စောနေမျိုးထွန်းနှင့်   ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသည့်    ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၁၁) မင်းမော်ဦး တို့ကို  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းကလည်း ကောင်း တစ်ဦးချင်း အကောင်းဆုံးဆုများနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍    စတုတ္ထဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က ငွေသားကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသည့်    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်က  တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၁၅ သိန်းကိုလည်းကောင်း၊   ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဗိုလ်ချုပ် စိုးတင့်နိုင်က   တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမတံခွန်စိုက် ဒိုင်းဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက    တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း   ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

အလားတူ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ  ပွဲစဉ်(၅)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏ လေ့ကျင့်ရေးကွင်း(၁)၌ကျင်းပရာ ဒဂုံစတား ယူနိုက်တက်အသင်းက  Young Boys အသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့်  အနိုင်ရရှိကြောင်း သိရသည်။        

 ကျော်လွင်