ရင်ကျပ်ရောဂါဆိုတာ လေကိုရှူသွင်းလိုက်တဲ့ အချိန်အဆုတ်ကိုသွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲသလိပ်တွေပြည့်ပြီး ကျဉ်းမြောင်းသွားတာကို ဆိုလိုတယ်။ အများစုကမျိုးရိုးလိုက်ကာ ငယ်စဉ်ကတည်းက ရောဂါစပြီး ရတတ်တယ်။ ရင်ကျပ်အခံရှိသူတွေဟာ ပန်းဝတ်မှုန်၊ ရေမွှေးနဲ့အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေအနံ့၊ ဆေးလိပ်ငွေ့၊ အရက်နံ့စတဲ့အနံ့အပြင်အမွေးအမှင်၊ ပန်းဝတ်မှုန်၊မီးခိုးငွေ့စတဲ့အရာတွေ ရှူရှိုက်မိတဲ့အခါ ရင်ကျပ်ဝေဒနာခံစားရတယ်။
ရင်ကျပ်ဝေဒနာဖြစ်တတ်တဲ့သူအချို့ဟာ အလုံပိတ်အခန်းတွေမှာမနေနိုင်တာ၊ ရုပ်ရှင်ရုံ၊ ဇာတ်ပွဲ၊ဓာတ်လှေကား၊ မှန်လုံဘတ်စကားစီး ရင်ရင်ကျပ်တတ်ပါတယ်။ အခန်းကျဉ်းကျဉ်းမှာ၊ လေဝင်လေထွက်မရှိတဲ့ အခန်းတွေမှာ အသက်ရှူကျပ်တာဖြစ်နိုင်သလို ကိုယ်နဲ့မသင့်တော်တာ၊ ကိုယ်နဲ့မတည့်တဲ့ အရာတွေကို အထူးသတိထားသင့်ပါတယ်။
နောက်အဆုတ်မှာရောဂါရှိရင်ဖြစ်တတ်တယ်။
အဆုတ်ကဝမ်းဗိုက်အပေါ်ဘက် ရင်ဘတ်တစ်ဖက်တစ်ချက်စီမှာ ဘယ်နဲ့ညာဆိုပြီးရှိတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်ရရှိဖို့အတွက် လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ကို လဲလှယ်ပြီး သွေးကြောကတစ်ဆင့် ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင် ရရှိဖို့အတွက် အဆုတ်က တာဝန်ယူပေးတယ်။ လူတစ်ယောက်အတွက်အဆုတ်ကျန်းမာဖို့ အရေးကြီးတယ်။ အဆုတ်ကောင်းပါမှ ကျန်းမာရေးကောင်းနိုင်တယ်။ အဆုတ်ကသွေးကြောထဲရှိ သွေးခဲတွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်များလာရင် အက်စစ်ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ကိုဘေးဥပဒ်ဖြစ်လို့ ကာဗွန်ဒိုင်အောက်ဆိုက် အကုန်မပြန်ထုတ်နိုင်ဘဲ ပီအိပ်(PH)နည်းကာ အက်စစ်ဖြစ်လာတယ်။ ဖုန်မှုန့်တွေ၊ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ဗက်တီးရီးယားတွေကို အဆုတ်ကပြန်ပြီး ထုတ်တဲ့အနေနဲ့ ချောင်းဆိုး၊ နှာချေတာမျိုး ပြုလုပ်ပေးလေ့ရှိတယ်။
အဆုတ်မှာကာရံထားတဲ့ ရောဂါပိုးတွေ ဝင်တာကိုလည်း ကာကွယ်ပေးတယ်။ အဆုတ်ရှိခြင်းက နှလုံးကို ကာကွယ်ရာရောက်တယ်။ အဆုတ်ကနှလုံးရဲ့လုပ်ဆောင်တာတွေ ပိုပြီးကောင်းမွန်အောင်သွေးတွေ ထိန်းသိမ်း ပေးထားတယ်။ သွေးတွေကိုသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင် လဲလှယ်ပေးတဲ့ အဓိကနေရာပဲ ဖြစ်တယ်။
ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးတာ၊ ချွဲကျပ်တာ၊ အသက်ရှူမြန်တာ၊ ရင်ဘတ်အောင့်တာ၊ တရွှီရွှီမြည်တာ၊ အသက်ရှူရကျပ်တာ၊အိပ်မရတာတွေဖြစ်နိုင်တယ်။ အအေးမိဖျားနာတဲ့အခါ၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ၊ အရမ်းအေးနေတဲ့အခါ မျိုးစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အနေနဲ့ ဒေါသကြီးတဲ့ အချိန်တွေမှာ ဖြစ်စေနိုင်တယ်။
ရင်ကျပ်ရောဂါဖြစ်နိုင်ခြေများသူတွေက မိဘသို့မဟုတ် ဆွေမျိုးသားချင်းထဲမှာရင်ကျပ်ရောဂါရှိရင်၊ ကိုယ်အလေးချိန် များတဲ့သူ၊ မိမိကိုယ်တိုင် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးလိပ်ငွေ့အမြဲရှူရှိုက်နေရသူ၊ ဓာတ်မတည့်၊ နှာစေးသူ၊ ဓာတ်မတည့်သူအရေပြားယားယံနာရှိတဲ့ သူတွေအနေနဲ့ရင်ကျပ်တာ မဖြစ်အောင် ဂရုတစိုက်ကျန်းမာရေးလိုက်စားသင့်တယ်။
ရင်ကျပ်ရောဂါဖြစ်ပွားစေတဲ့အကြောင်းရင်းကမိဘမျိုးရိုးအပါအဝင် ရာသီဥတုနဲ့လည်းဆိုင်တယ်။ အဆုတ် ကျန်းမာရေးအတွက် လုပ်ဆောင်ပေးတဲ့ ပထမဆုံးအချက်က ဆေးလိပ်ဖြတ်တာဖြစ်တယ်။ ဆေးလိပ်ငွေ့ထဲမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နီကိုတင်းဓာတ်တွေ၊ ကတ္တရာစေးတွေအများအပြားပါရှိတာ ကြောင့် ဆေးလိပ်သောက်တဲ့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းသွားစေပြီး အသက်ရှူရခက်စေတယ်။
ဆေးလိပ်သောက်တာရဲ့ အကျိုးဆက်က အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာဖြစ်စေနိုင်တယ်။ ရေရှည်သောက်မယ် ဆိုရင် အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်စေတယ်။ ဆေးလိပ်ကို ရေရှည်သောက်ရင်ဆဲလ်တွေ၊ တစ်သျှူးတွေ၊ အဆုတ်ထဲ အပြောင်းအလဲဖြစ်ကာ အဆုတ် ကင်ဆာအထိ ဖြစ်စေတယ်။
မပြင်းထန်တဲ့ ပန်းနာရင်ကျပ်လက္ခဏာက တစ်ပတ်မှာနှစ်ကြိမ် သို့မဟုတ် တစ်လမှာတစ်ရက်ခံစားရတဲ့ အဆင့်နိမ့်(mild intermittent)ဖြစ်ကာတစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် တစ်ရက်မှာတစ်ကြိမ်ထက်မပိုတဲ့(mild persistent)ဖြစ်ကာ တစ်နေ့မှာတစ်ကြိမ်သို့မဟုတ် တစ်ပတ်မှာတစ်ညထက်ပိုပြီးခံစားရကာ အသင့်အတင့် ပြင်းထန်(moderate persistent)၊ နေ့တိုင်းနီးပါးရောဂါလက္ခဏာ ခံစားရတာ(server persistent)စတဲ့ ရင်ကျပ်အမျိုးမျိုးရှိတယ်။
ရာသီဥတုပေါ်မူတည်ပြီး ရင်ကျပ်ဝေဒနာပိုပြီး ဆိုးစေတယ်။ ဥပမာ စိုထိုင်းဆများတဲ့မိုးရာသီ၊ ဆောင်းရာသီ တွေမှာ ပိုပြီး ဆိုးရွားစေနိုင်တယ်။ အဓိက အမှုန်အမွှားနဲ့ မှိုတွေကြောင့်ဖြစ်နိုင်တယ်။ စိုထိုင်းဆများတဲ့ မိုးရာသီမှာ မှိုတွေပိုပြီး ဖြစ်ပွားစေနိုင်ဖို့ အခွင့်အလမ်းပိုများပြီး စိုထိုင်းဆမြင့်မားလို့ ညစ်ညမ်းတဲ့လေထုက ရင်ကျပ်ရောဂါရှင်တွေကို ပိုပြီးဆိုးရွားစေတဲ့အတွက် အသက်ရှူရခက်ခဲတာတွေ ဖြစ်စေတယ်။ မိုးသည်းနေတဲ့
အချိန်မှာ လူတွေအရမ်းကျပ်လို့ လိုင်းကားပေါ်ရောက်နေတာမျိုး၊ မိုးရေစိုစွတ်နေတဲ့အတွက်၊ လူတွေဆီ ကလည်း အနံ့အသက်ပေါင်းစုံထွက်နေတဲ့အတွက် တစ်ခါတလေအလုံပိတ်နေတဲ့ လိုင်းကားတွေပေါ် သာမန်လူတွေပါ အသက်ရှူရခက်တာမျိုး ဖြစ်နိုင်တာကြောင့် ရင်ကျပ်အခံရှိသူတွေပိုပြီး ဆိုးရွားစေတယ်။ မိုးရွာတဲ့အချိန်မှာ မှိုနဲ့ဖုန်မှုန့်တွေကြောင့် အသက်ရှူရခက်တာဖြစ်စေနိုင်ပြီး ရင်ကျပ်တာဖြစ်စေတယ်။
ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားတာ ကရင်ကျပ်နဲ့ အဆုတ်ကျန်းမာရေးအတွက် တစ်ပိုင်းတစ်စ ကူညီပေးတယ်။ ခံတွင်းကျန်းမာရေး(အာသီးရောင်တာ)ကို ဂရုစိုက်သင့်တယ်။ ပါးစပ်၊ သွားတွေကနေ ရောဂါပိုးဝင်လာနိုင်လို့ ခံတွင်းသန့်ရှင်းရေး၊ အစားအသောက်က အစဂရုပြုသင့်တယ်။ အဆုတ် ကျန်းမာရေးအတွက် အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းနေ့စဉ်နှစ်ကြိမ် တစ်ကြိမ်ကိုအခါ၂၀ လောက်လေကောင်းလေသန့်ရနိုင်တဲ့နေရာမှာ လုပ်ပေးသင့်တယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ရေကူးပြုသင့်တယ်။ အေရိုးဗစ်လုပ်နိုင်တယ်။ ယောဂထိုင်နိုင်တယ်။ တရားရှုမှတ်သူတွေအတွက် နှာသီးဝက လေဝင်တာ၊ ထွက်တာရှုမှတ်ရင် ကြွက်သားအားပိုကောင်းစေလို့ အဆုတ်ပိုကျန်းမာစေတယ်။
ရင်ကျပ်ရောဂါအတွက် ရင်ကျပ်ရှူဆေး အသင့်ဆောင်ထားသင့်ပြီး ဆေးဝါးကုထုံးသာမက လူနေမှု ပုံစံတွေပြောင်းလဲသင့်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ မိမိအိပ်ရာ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားသင့်တယ်။ တိရစ္ဆာန်အမွေးအမှင်နဲ့ မတည့်တဲ့သူအတွက် အိမ်မွေးတိရစ္ဆာန် မမွေးသင့်ပါဘူး။
မွေးခဲ့ရင်လည်းသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။လေအေး သို့မဟုတ် ခြောက်သွေ့တဲ့လေနဲ့ထိတွေ့လို့ ရင်ကျပ်တတ်ရင် နှာခေါင်းစည်းတပ်သင့်တယ်။
လေအေးစက်(အဲယားကွန်း) အိမ်မှာ၊ ရုံးမှာဖွင့်ထားရင်လည်း သန့်စင်တဲ့အတွက် ဖုန်မှုန့်တွေရှူရှိုက်မိရာကနေ ကာကွယ်ပေးတယ်။
အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့အစာတွေကချင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ပန်းသီး၊ ဘယ်ရီသီး၊ တလည်းသီး၊ အခွံမာသီး၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ဗီတာမင်ကြွယ်ဝတဲ့အစာ
တွေဖြစ်တယ်။ အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်မျှတအောင် စားသင့်တယ်။ ကျန်းမာရေးအတွက် အားကောင်းစေတယ်။ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ ဂရင်းတီး(Green Tea)သောက်တာလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးတယ်။
ပန်းနာရင်ကျပ်အတွက် လေ့လာမှုတွေ အများအပြား လုပ်ဆောင်ဆဲဖြစ်ပြီး အရင်ကထက်ကုထုံးတွေပါ တိုးတက်လာတယ်။ သက်သာစေမယ့် အချက်တွေကတော့ လူနာကမိမိနဲ့ဓာတ်မတည့်စေတဲ့ အငွေ့အသက်တွေ၊ အမွေးအမှင်တွေ၊ အေးမြစိုစွတ်တဲ့ရာသီဥတုတွေကို ရှောင်ရှားရမှာ ဖြစ်တယ်။ ပန်းနာရင်ကျပ်ဖြစ်သူရော၊ ပြုစုစောင့်ရှောက် ပေးတဲ့သူပါ ပန်းနာရင်ကျပ်ရောဂါအကြောင်းနဲ့ သူ့ရဲ့ဆေးဝါးတွေရဲ့ သဘောသဘာဝကို နားလည် သဘောပေါက်ထားရမှာ ဖြစ်တယ်။
ကုသတဲ့အခါမှာလည်း ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးကုသရမှာ ဖြစ်တယ်။ စွဲသောက်လို့ရတဲ့၊ သောက်ပေး လို့ရတဲ့ ထိန်းချုပ်ဆေးတွေလည်း ရှိတယ်။ စတီးရွိုက်ရှူဆေး၊ ဆာဗျူတမောသောက်ဆေး၊ ရှူဆေးတို့ဟာ ရင်ကျပ်တာကာကွယ်ပေးပါတယ်။ ။
ဒေါက်တာလွင်သန့်