ဗုဒ္ဓအနုပညာပြခန်း
ဗုဒ္ဓအနုပညာပြခန်းတွင် ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပြီး ပျူခေတ်မှခေတ်အဆက်ဆက် မြန်မာလူမျိုးတို့ ထုလုပ်ပူဇော် ကိုးကွယ်ခဲ့ကြသည့် ဗုဒ္ဓရုပ်ပွားတော်များ၏ လက်ရာပြောင်းလဲပုံအဆင့်ဆင့်ကို ပြည်သူလူထု နှိုင်းယှဉ်လေ့လာပြီး ကြည်ညိုသဒ္ဓါပွားများ နိုင်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခေတ်အဆက်ဆက် ရုပ်ပွားဆင်းတုတော်များ၊ အုတ်ခွက်ဘုရားများ၊ ပေ၊ ပုရပိုက်၊ ကမ္မဝါအစရှိသည့် စုစုပေါင်းပြသပစ္စည်း (၂၃၂) မျိုးကို ခင်းကျင်းပြသထားပါသည်။
မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံယဉ်ကျေးမှုကဏ္ဍတွင် ပျူခေတ်မှသည်ခေတ်အဆက်ဆက်ပြောင်းလဲလာသော ဗုဒ္ဓဆင်းတုတော် အနုပညာလက်ရာများကို ကိုးကွယ်ယုံကြည်မှုနှင့်အတူ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်။ အမျိုးသားပြတိုက်(နေပြည်တော်)တွင် ဗုဒ္ဓအနုပညာပြခန်းကို အများပြည်သူများ လေ့လာကြည့်ရှုနိုင်စေရန် ၃၁-၈-၂၀၂၂ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။ ပြခန်းတွင် ခေတ်အလိုက် ဗုဒ္ဓဆင်းတုတော် အနုပညာလက်ရာများ ဖြစ်သည့် ပျူခေတ်နှောင်းပိုင်း (အေဒီ ၅ - ၉ ရာစု)၊ ပုဂံခေတ် (အေဒီ ၅ - ၉ ရာစု)၊ ပင်းယ-အင်းဝခေတ် (အေဒီ ၁၃ - ၁၆ ရာစု)၊ တောင်ငူခေတ် (အေဒီ ၁၆ ရာစု)၊ ညောင်ရမ်းခေတ်(အေဒီ ၁၇-၁၈ ရာစု)၊ ကုန်းဘောင်ခေတ် (အေဒီ ၁၈ - ၁၉ ရာစု) မှစ၍ ယနေ့ထိတိုင် ခေတ်အဆက်ဆက် မုဒြာအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့် ကျောက်၊ ကြေး၊ သံ၊ ရွှေ၊ ငွေ၊ သတ္တုရော၊ သစ်သား၊ ဆင်စွယ် စသည့်ပစ္စည်းအမျိုးမျိုး
ဖြင့် ထုလုပ်ပူဇော်ခဲ့ကြသည့် ဗုဒ္ဓအနုလက်ရာများစွာဖြင့် တခမ်းတနား ခင်းကျင်းထားသည်ကို လေ့လာ ကြည့်ရှုရမည် ဖြစ်သည်။
ဗုဒ္ဓဆင်းတုတော်ကိုးကွယ်မှုသမိုင်း
ဗုဒ္ဓဘုရားရှင်သည် ဘီစီ(၅၆၃)တွင် ပွင့်တော်မူခဲ့ပြီး ဘီစီ (၄၈၃)တွင် ပရိနိဗ္ဗာန်ပြုခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း (၄၀၀)ကျော်၊ အေဒီ (၁)ရာစု မတိုင်မီအထိ ဗုဒ္ဓဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်များကို ထုလုပ်ကိုးကွယ်ခြင်း မပြုခဲ့ကြပေ။ ဘုရားရှင်ကိုယ်စား ဆင်ပုံ၊ မြင်းပုံ၊ ခြင်္သေ့ပုံ၊ ပဒုမ္မာကြာပွင့်ပုံ၊ ခြေတော်ရာပုံ၊ ဗောဓိပင်နှင့် ရွှေပလ္လင်ပုံ၊ ဓမ္မစကြာပုံ၊ ထူပါစေတီပုံ စသည်တို့ကို ပူဇော်ခဲ့ကြပါသည်။
အေဒီ(၁)ရာစုတွင် ဂရိဘုရင်အလက်ဇန္ဒားက အိန္ဒိယပြည်မြောက်ပိုင်း ဂန္ဓာရတိုင်းကို ဝင်ရောက်သိမ်းပိုက် အုပ်စိုးပြီးနောက် ဂန္ဓရပြည်နယ်၊ ပက်ရှဝါနယ်၌ အိန္ဒိယအတွေးအခေါ် ရောပြွမ်းလျက်ရှိသည့် ဗုဒ္ဓယဉ် ကျေးမှုကို ပါရှားဟန်နှင့် ဂရိဟန်ပေါင်းစပ်လိုက်သောအခါ ဂရိဗုဒ္ဓဘာသာ အနုပညာတစ်ရပ် ထူးထူးခြားခြား ပေါ်ပေါက်လာခဲ့သည်။ ဂန္ဓရခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များကို အေဒီ(၂)ရာစုမှ (၅)ရာစုအတွင်း ထုလုပ်ကိုးကွယ်ခဲ့ကြပါသည်။
အိန္ဒိယနိုင်ငံတွင် အန္ဓရခေတ် (ဘီစီ ၇၂ မှ ၂၅) (ဘီစီ ၁ ရာစု)၌ ရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်ခြင်းမရှိဘဲ မထုရာခေတ်(အေဒီ ၄၀ မှ ၃၂၀) (အေဒီ ၁ ရာစုမှ ၄ ရာစု)တွင် မထုရာဒေသမှစတင်၍ ဗုဒ္ဓရုပ်ပွားတော်များကို ထုလုပ်ပူဇော်ခဲ့ကြသည်။
အမရဝတီခေတ် အေဒီ(၂)ရာစုတွင် ဗုဒ္ဓဆင်းတုတော်များကို ထုလုပ်ပူဇော်ပြီး အိန္ဒိယအရှေ့တောင်ဘက်ရှိ အမရဝတီမှတစ်ဆင့် မြန်မာနိုင်ငံ သရေခေတ္တရာသို့ ဗုဒ္ဓယဉ်ကျေးမှု ရောက်ရှိလာသည်ဟု ယူဆခဲ့ကြသည်။ ထိုမှ
ဆက်၍ ဂုပ္ပတခေတ် အေဒီ (၃၂၅-၆၅၈)၊ ပါလခေတ် အေဒီ(၈၅၅-၁၈၄၀)၊ ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များကို မုဒြာအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ထုလုပ်ပူဇော်ခဲ့ကြသည်။
ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ပျူမြို့ပြ နိုင်ငံများသည် ဘီစီ (၂)ရာစုမှ အေဒီ (၉) ရာစုအထိ ထွန်းကားခဲ့ကြောင်းသိရှိရပြီး အေဒီ(၅)ရာစုနှစ် ဂုပ္ပတခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များကို သရေခေတ္တရာတွင် အစောဆုံးတွေ့ရှိရသည်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် လာခဲ့သည်နှင့်အမျှ ဗုဒ္ဓဆင်းတုတော်များကိုလည်း ထုလုပ်လာခဲ့ရာ သရေခေတ္တရာအပါအဝင် အခြားသော ပျူဒေသများတွင် မြန်မာနိုင်ငံ၏ အစောဆုံးဗုဒ္ဓဆင်းတုတော်များကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဆင်းတုတော်များကို ပျူခေတ်(အေဒီ ၄ ရာစု - ၉ ရာစု)၊ ပုဂံခေတ် (အေဒီ ၁၁ ရာစု - ၁၃ ရာစု)၊ ပင်းယ-အင်းဝခေတ် (အေဒီ ၁၃ ရာစု - ၁၆ ရာစု)၊ တောင်ငူခေတ်(အေဒီ ၁၆ ရာစု)၊ ညောင်ရမ်းခေတ် (အေဒီ ၁၇ ရာစု )၊ ကုန်းဘောင်ခေတ် (အေဒီ ၁၈ ရာစု - ၁၉ ရာစု)မှစ၍ ယနေ့ခေတ်တိုင် ခေတ်အဆက်ဆက် မုဒြာအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့် ကျောက်၊ ကြေး၊ သံ၊ ရွှေ၊ ငွေ၊ သတ္တုရော၊ သစ်သား၊ ဆင်စွယ်စသည့်ပစ္စည်းအမျိုးမျိုးကိုအသုံးပြု၍ ထုလုပ်ပူဇော်ခဲ့ကြသည်။ ဗုဒ္ဓအနုပညာပြခန်းတွင် ပြသထားသည့် ထူးခြားသည့်ဆင်းတုတော်များမှာ -
မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူဟန်ဆင်းတုတော်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူဟန်ဆင်းတုတော်သည် အေဒီ ၁၁ ရာစုလက်ရာ သဲကျောက် ဆင်းတုတော်ဖြစ်ပြီး ပုဂံမြို့ဟောင်း နဂါးရုံဘုရားမှရရှိသည်။ ဉာဏ်တော်အမြင့်မှာ ၃ ပေ ၉ လက်မ (၁၁၈ စင်တီမီတာ)ရှိသည်။ ဗုဒ္ဓဝင်ရှစ်ခန်းတွင် ပါဝင်သော ပရိနိဗ္ဗာန်စံတော်မူခန်းကို သရုပ်ဖော်ထားပြီး ကုသိနာရုံပြည်၊ အင်ကြင်းတော၌ ရတနာသလွန် ညောင်စောင်းထက်တွင် မြောက်အရပ်သို့ ဦးခေါင်းပြုတော်မူ၍
ညာဘက်ကိုစောင်းလျက် လဲလျောင်းဟန်၊ ညာဘက်လက်ကို ပါးအောက်တွင်ထားရှိပြီး ဘယ်လက်ကို ခန္ဓာကိုယ်ပေါ်တွင် ဆန့်တန်းထားသည့်ဟန်ကို ထွင်းထုထားကာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူ၍ ရဟန်းများနှင့် မလ္လာမင်းအပေါင်းတို့က ပူဇော်နေပုံကို အနုပညာလက်ရာမြောက်စွာ ထည့်သွင်းထုလုပ် သရုပ်ဖော်ထားသည်။
ဗုဒ္ဓဆင်းတုတော်များကို ကိုးကွယ်ခြင်းမပြုလုပ်ခင်က ပဒုမ္မာကြာပွင့်ပုံနှင့်ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ လှည်းဘီး၊ ရဟတ်စကြာပုံ၊ ထူပါစေတီပုံ စသည်တို့ဖြင့် သင်္ကေတပြုလုပ်၍ ထုလုပ်ပူဇော်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ဗုဒ္ဓဝင်မှထင်ရှားသည့် နာဠာဂီရိဆင်ချွတ်ခန်း၊ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းခန်း၊ သာဝတ္ထိပြည်တွင် တန်ခိုးပြာဋိဟာ ပြတော်မူခန်းနှင့် ပါလိလေယျတော၌ သီတင်းသုံးနေတော်မူခန်း စသည်တို့ကို ထုလုပ်ခဲ့ကြသည်။ ယင်းနောက် ရုပ်ပွားတော်ထုလုပ်ကိုးကွယ်မှု ပိုမိုထွန်းကားလာကာ ဗုဒ္ဓဝင်ရှစ်ခန်းလုံးကို ထုလုပ်ကိုးကွယ်လာခဲ့ကြသည်။
ဗုဒ္ဓဝင်ရှစ်ခန်းလုံးကို ကျောက်ပြားတစ်ချပ်ထဲတွင် ပထမဆုံး ပေါင်းစပ်ထုလုပ်ခဲ့သည့် လက်ရာကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောဘေးမှ ဆာရ်နတ်ပြတိုက်တွင် တွေ့မြင်နိုင်ပါသည်။
ပုဂံခေတ်(အေဒီ ၁၁-၁၃ ရာစု)တွင် ဗုဒ္ဓဝင်ရှစ်ခန်းသရုပ်ဖော်မှုကို ကျောက်ဆစ်ရုပ်ကြွများတွင် တစ်ကွက်ချင်းသော် လည်းကောင်း၊ အန္တဂူရုပ်ကြွများ၊ အုတ်ခွက်များ၊ ကြေးကြာဖူးများနှင့် နံရံဆေးရေး ပန်းချီများတွင် အပြည့်အစုံသရုပ်ဖော်မှုကို အများအပြား တွေ့ရှိရပါသည်။ ဗုဒ္ဓဝင်ရှစ်ခန်းမှာ-(၁) ဖွားတော်မူခန်း၊
(၂) ဘုရားဖြစ်တော်မူခန်း၊ (၃) ဓမ္မစကြာတရားဦး ဟောတော်မူခန်း၊ (၄) တန်ခိုးပြာဋိဟာပြတော်မူခန်း၊ (၅) တာဝတိံသာမှဆင်းတော်မူခန်း၊ (၆)နာဠာဂီရိဆင်ကိုအောင်တော်မူခန်း၊ (၇) ပါလိလေယျတောတွင်စံတော်မူခန်း၊ (၈) ပရိနိဗ္ဗာန်စံတော်မူခန်းတို့ဖြစ်သည်။
ပျူခေတ်ဗုဒ္ဓဆင်းတုတော်
ပျူခေတ်ဗုဒ္ဓဆင်းတုတော်များတွင် ဥဏှီသ(မှန်ကင်းတော်)မပါရှိပါ။ မဏိတော်မှာ ပါသည်ဆိုရုံမျှသာဖြစ်သည်။ ဦးခေါင်းတော်တည့်တည့်တွင် မဏိတော်သေးသေး သွယ်သွယ်နိမ့်နိမ့်ပါရှိသည်။ သင်းကျစ်တော် မပါရှိပါ။ ဥဏ္ဏလုံမပါရှိပါ။ ဆံတော်မှာ ခရုခွေပုံသဏ္ဌာန်ဖြစ်သည်။ နားရွက်တော်မှာ အထက်ပိုင်းကားပြီး နားပေါက် ကျယ်၍ နားခွက်ပါရှိသည်။ ပခုံးတော်နှင့်မထိပါ။ မျက်နှာတော် လုံးလုံးသွယ်သွယ်ဖြစ်ပြီး မေးတော်ဝိုင်းသည်။ နှာရိုးတံမှာသွယ်တန်း၍ နှာခေါင်းတော် အနည်းငယ်ပွသည်။ မျက်လုံးတော်မှာ ရှေ့သို့စူးစိုက်ကြည့်နေဟန်၊ အချို့မှာ မျက်လွှာချဟန်ဖြစ်သည်။ ပါးစပ်တော်မှာ အောက်နှုတ်ခမ်း အနည်းငယ်ထူသည်။ ရင်ဘတ်တော် ဖြိုးမောက်ခြင်းမရှိ၊ ကိုယ်လုံးတော်မှာ ရှည်မျောမျော ပုံသဏ္ဌာန်ဖြစ်သည်။ သင်္ကန်းတော်မှာ ခပ်ပါးပါးပါရှိသည်။ လက်တော်မှာ တရားဦးဟောဟန် (ဓမ္မစက္ကမုဒြာ)၊ ဈာန်ဝင်စားဟန် (ဈာနမုဒြာ) ညာလက်ဝါးဖြန့်ပြီး ရှေ့လှည့်ထားဟန်(ဘေယမုဒြာ)တို့ရှိကြပြီး အချို့ဆင်းတုတော်မှာ လက်ဝါးနှစ်ဖက်စလုံး ရှေ့သို့လှည့်ထား သည်လည်း ရှိသည်။ ညာဘက်ပေါင်ပေါ်တွင် ညာလက်အောက်ချထား ဘယ်တင် ညာချဟန် (ဘူမိဖဿမုဒြာ) ကိုလည်း တွေ့ရသည်။ အချို့မှာ ညာတင်ဘယ်ချဟန် (ဘူမိဖဿမုဒြာ)လည်းရှိသည်။ လက်ချောင်းတော်များမှာ ပကတိလူသားကဲ့သို့ အတို အရှည်ဖြစ်သည်။ အာသနအနေဖြင့် ဘယ်ခြေပေါ်တွင် ညာခြေထပ်တင်ထားသော ခြေထပ်အနေအထားကို အများဆုံး တွေ့ရသည်။ အောက်ခြေရှိ ခြေအနည်းငယ် အပြင်ထွက်သည်။ ခြေမျက်စိပေါ်လွင်ထင်ရှားသည်။ ညာခြေ ဘယ်ထပ်ပုံစံမျိုးလည်းတွေ့ရသည်။ ပလ္လင်တော်မှာ ရိုးရိုးပလ္လင်တော် အများဆုံးတွေ့ရသည်။ အချို့ပလ္လင်တော်မှာ ကြာမှောက်ကြာလန်သဏ္ဌာန် အနည်းငယ်ဖော်ပြထားသည်ကို တွေ့ရသည်။ အချို့ပလ္လင်အခြေတွင် နာဂရီစာ၊ ပါဠိစာ၊ ပျူစာများပါရှိတတ်သည်။ ပျူခေတ် ဆင်းတုတော်များကို ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမောမြို့ဟောင်းတို့တွင် တွေ့ရှိရသည်။
ပုဂံခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်များ ကဿပမြတ်စွာဘုရားဆင်းတုတော်
ပုဂံမြို့၊ မြင်းကပါဂူပြောက်ငယ်ဘုရားမှရရှိပြီး သဲကျောက်ဖြင့် ထုလုပ်ပူဇော်ထားသည့် ပုဂံခေတ်၊ အေဒီ ၁၁ ရာစုလက်ရာဖြစ်ပါသည်။ နှစ်ကျိပ်ရှစ်ဆူသောဘုရားရှင်များတွင် ပါဝင်သည့် ကဿပမြတ်စွာဘုရားရှင်၏ဟန်ကို ထုလုပ်ပူဇော်ခြင်း ဖြစ်ပါသည်။ ကဿပမြတ်စွာဘုရားရှင်သည် မဟာပထဝီမြေကြီးကို သက်သေပြုဟန် (ဘူမိဖဿမုဒြာဟန်)ဖြစ်၍ နောက်ခံတံကဲတွင် ခြူးပန်း ခြူးနွယ်တို့နှင့် ဟင်္သာငှက်တို့၏ ပုံသဏ္ဌာန်ကို ထွင်းထုထားပြီး အောက်ခြေ၌ ကြာပလ္လင်ခံ၍ ထုလုပ်ပူဇော်ထားခြင်း ဖြစ်ပါသည်။ ကဿပမြတ်စွာဘုရား အလောင်းတော်သည် ခုနစ်ရက်ကြာ ဒုက္ကရစရိယာကျင့်တော်မူပြီး ကဆုန်လပြည့်နေ့၌ သုနန္ဒာ ပုဏ္ဏေး မလှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရှားတောကြီးအတွင်းမှာ နေ့သန့်စင်(နေခို)တော်မူ၍ ညချမ်းအချိန်၌ သောမ လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူပြီး မဟာဗောဓိပင်(ပညောင်) ပင်အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဆယ့်ငါးတောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်ဝယ် ဖွဲ့ခွေစံနေတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ကဿပဘုရားသည် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ဂေါတမဘုရားနှင့် အရိမေတ္တယျဘုရားစသည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားကြီးငါးဆူမှ ပွင့်ပြီးခဲ့သော ဘုရားဖြစ်သည်။
မင်္ဂလမြတ်စွာဘုရားဆင်းတုတော်
ပုဂံမြို့၊ နဂါးရုံဘုရားမှရရှိပြီး သဲကျောက်ဖြင့် ထုလုပ်ပူဇော်ထားသည့် ပုဂံခေတ်၊ အေဒီ ၁၁ ရာစုလက်ရာဖြစ်ပါသည်။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များတွင် ပါဝင်သည့် မင်္ဂလမြတ်စွာဘုရားရှင်၏ဟန်ကို ထုလုပ်ပူဇော်ခြင်းဖြစ်ပါသည်။ မင်္ဂလမြတ်စွာဘုရားရှင်သည် ဈာန်သမာပတ် ဝင်စားနေဟန်(ဈာနမုဒြာဟန်) ဖြစ်၍ နောက်ခံတံကဲတွင် ကျောင်းဆောင်သဏ္ဌာန်ထုလုပ်ကာ အောက်ခြေ၌ တပည့်သာဝကတို့က ရှိခိုးပူဇော်နေဟန် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်။ ကောဏ္ဍည မြတ်စွာဘုရားပွင့်တော်မူပြီးနောက် မင်္ဂလမည်သော မြတ်စွာဘုရားပွင့်တော်မူလေသည်။ မင်္ဂလမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကိုပယ်ဖျောက်၍ တရားတည်းဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၍ အမြတ်ဆုံးသစ္စာလေးပါး မြတ်တရားတို့ကိုပြတော်မူ၏။ တပည့်သာဝကများစွာသော အခြံအရံအကျော်အစောရှိသော မင်္ဂလမြတ်စွာ ဘုရားသည် တရားတည်း ဟူသော မီးရှူးတိုင်ကို ညှိထွန်းတော်မူ၍ သတ္တဝါအပေါင်းတို့ကိုကယ်တင်ပြီး ဝဿရ
မည်သောဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။
အနောမဒဿီမြတ်စွာဘုရားဆင်းတုတော်
ပုဂံမြို့၊ နဂါးရုံဘုရားမှရရှိပြီး သဲကျောက်ဖြင့် ထုလုပ်ပူဇော်ထားသည့် ပုဂံခေတ်၊ အေဒီ ၁၁ ရာစုလက်ရာဖြစ်ပါသည်။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များတွင်ပါဝင်သည့် အနောမဒဿီ မြတ်စွာဘုရားရှင်၏ ဟန်ကို ထုလုပ်ပူဇော်ခြင်းဖြစ်ပါသည်။ အနောမဒဿီဘုရားသည် နှစ်ကျိပ်ရှစ်ဆူဘုရားများမှ ဆယ်ဆူမြောက် ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်သည်။ အနောမဒဿီ မြတ်စွာဘုရားရှင်သည် ဈာန်သမာပတ်ဝင်စားနေဟန် (ဈာနမုဒြာဟန်)ဖြစ်၍ နောက်ခံတံကဲတွင် ကျောင်းဆောင် ပုံသဏ္ဌာန်ထွင်းထုကာ အောက်ခြေ၌ တပည့်သာဝကများ ဖြစ်သော အဂ္ဂသာဝကကြီး၊ အဂ္ဂသာဝိကာမကြီး၊ အဂ္ဂဒါယကာ၊ အဂ္ဂဒါယိကာမကြီးတို့နှင့် အနီးနေ အလုပ်အကျွေးရဟန်းများ ရှိခိုးပူဇော်နေဟန် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်။ အနောမဒဿီမြတ်စွာဘုရား အလောင်းတော်သည် သုံးကုဋေသောရဟန်းအပေါင်းတို့ ခြံရံလျက် ဆယ်လပတ်လုံး ဒုက္ကရစရိယာကျင့်တော်မူလေသည်။ ဆယ်လပြည့်မြောက်သည့် ကဆုန်လပြည့်နေ့၌ အနောပမာ အမည်ရှိသော သူဌေးသမီးလှူဒါန်းသည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် အင်ကြင်းတောသို့ ဝင်ရောက်နေ့ သန့်စင်(နေခို)တော်မူကာ အနောမာ အမည်ရှိသော တက္ကတွန်းလှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို အလှူခံယူတော်မူပြီး အဇ္ဇုနရုက္ခဗောဓိခေါ် ထောက်ကြံ့ (ဖောက်ကြံ့)ဗောဓိပင်ရင်းသို့ ရောက်သောအခါ လက်ယာရစ် လှည့်လည်၍ မြက်ရှစ်ဆုပ်ကို ဖြန့်ခင်းလိုက်သည်နှင့်တစ်ပြိုင်နက် အရပ်တော် ငါးဆယ့်ရှစ်တောင်နှင့် လိုက်လျောသော သုံးဆယ့်ရှစ်တောင်ပမာဏရှိသည့် အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်ဝယ်ဖွဲ့ခွေစံနေတော်မူလျက် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူကာ ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
နော်ဝေနိုင်ငံမှ ပြန်လည်ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်
ထူးထူးခြားခြားအနေနှင့် ခင်းကျင်းပြသထားသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူမှာ နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွားတော်မှာစကျင်ကျောက်ဖြင့်ပြုလုပ်ထားပြီး ဉာဏ်တော်အမြင့်မှာ ၂ ပေ ၅ လက်မ (၇၃ စင်တီမီတာ) ရှိပြီး ၁၉ ရာစု ကုန်းဘောင်ခေတ်နှောင်းလက်ရာ ရုပ်ပွားတော်ဖြစ်ပါသည်။ အဆိုပါရုပ်ပွားတော်မှာ ၂၀၁၁ ခုနှစ်က နော်ဝေနိုင်ငံသို့ ယူဆောင်လာသည်ကို နော်ဝေအကောက်ခွန်ဌာနက စစ်ဆေးတွေ့ရှိ၍ အကောက်ခွန်ဌာနတွင်ပင် ထိန်းသိမ်းထားရှိခဲ့ပါသည်။ အကောက်ခွန်ဌာန၏ စစ်ဆေး တွေ့ရှိချက်များအရ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ဝယ်ယူလာသူမှာ ထိုင်းနိုင်ငံရှိ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ ဝယ်ယူလာခြင်းဖြစ်ပြီး ယင်းဆိုင်မှာလည်း တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသောဆိုင်
ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ ရုပ်ပွားတော်မဟုတ်ဘဲ အခြားနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် နော်ဝေယဉ်ကျေးမှုဝန်ကြီးဌာနက အဆိုပါ ရုပ်ပွားတော်ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ သမိုင်းပြတိုက်သို့ပင့်ဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာပြတိုက် ကျွမ်းကျင်သူများက လာရောက်စစ်ဆေးခဲ့ပြီး ရုပ်ပွားတော်၏ မူရင်းဒေသနှင့် ရုပ်ပွားတော်၏ အခြေအနေ၊ ခေတ်ကာလကို သုတေသနပြု ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်အရ ဤရုပ်ပွားတော်မှာ မြန်မာနိုင်ငံ မန္တလေးဒေသမှဖြစ်နိုင်ပြီး နှစ် ၁၅၀ မှ ၂၀၀ သက်တမ်းရှိနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ သို့ဖြစ်ပါ၍ နော်ဝေနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ အဆိုပါရုပ်ပွားတော်ကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု သင်္ကေတအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေး
အတွက် ပူးပေါင်းကြိုးပမ်းအားထုတ်မှုတို့ကို အလေးထားဆောင်ရွက်ခြင်း စသည်တို့ကြောင့် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည့်ဘုရား ဖြစ်ပါသည်။
ဗုဒ္ဓခြေတော်ရာ
မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန်စံဝင်ပြီးနောက် ဥဒ္ဒိဿစေတီပုထိုးများ တည်ထားကာ ကိုးကွယ်မှုနှင့်အတူ ဘုရားရှင်၏ မဟာပုရိသလက္ခဏာတော်များကို ပူဇော်လာခဲ့ရာ ခြေတော်ရာ ထုလုပ်ကိုးကွယ်မှုသည် အိန္ဒိယနိုင်ငံမှစတင်ခဲ့ပြီး မြန်မာ၊ ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား စသောနိုင်ငံများသို့လည်း ပျံ့နှံ့သွားခဲ့လေသည်။ အိန္ဒိယနိုင်ငံတွင် အေဒီ ၁ ရာစုက အစောဆုံးတွေ့ရှိရသော ဂန္ဓာရခေတ်တွင်ထုလုပ်သည့် ဘုရားရှင်၏ခြေတော်ရာပုံသည် ၁၀၈ ကွက် စက်လက္ခဏာတော်အပြည့်အစုံ မပါရှိသေးဘဲ နန္ဒိယဝဋခေါ် တြိရတနာ စကြာပုံတော် အထိမ်းအမှတ်တစ်ဆူတည်းသာပါ ရှိသည်။ အေဒီ ၃ ရာစု နာဂဇုနကုဏ္ဍခေတ်တွင် အဌမင်္ဂလာခေါ် မင်္ဂလာရှစ်ပါးအထိမ်းအမှတ်အဖြစ် သီရိဝစ္ဆ၊ ထီးဖြူ၊ တံခွန်၊ သတ္တိက၊ ကြာပန်း၊ အိုး၊ ငါးနှစ်ကောင်နှင့် ချွန်းတောင်းတို့သာပါရှိသော ခြေတော်ရာကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ခြေတော်ရာကို ထုလုပ်ပူဇော်ရာ၌ တိုင်းထွာတတ်သော စနစ်များမှာ ဘုရားရှင်၏အရပ်တော် ၁၈ တောင်ကိုရည်မှတ်၍ အချိုးကိုက်စေရန် အလျား လေးပေ၊ အနံ နှစ်ပေခွဲခန့် ထုလုပ်တတ်ကြပေသည်။ ဘုရားရှင်၏ခြေတော်ရာကို နဂါးနှစ်ကောင် ပတ်လည်ရံ၍လည်း ထုလုပ်တတ်ကြရာ နဂါးရုပ်ပါလျှင် ခြောက်ပေ၊ လေးပေခန့် ထုလုပ်ကြသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ မြတ်စွာဘုရားရှင်၏ ခြေတော်ရာကို ကိုးကွယ်သောဓလေ့စတင်ခဲ့သည်။
ပုဂံခေတ် နံရံဆေးရေးပန်းချီများတွင် ခြေတော်ရာ ပုံတော်ရေးသားမှုကို အစောဆုံးတွေ့ရှိခဲ့ရသည်။ မြန်မာ နိုင်ငံတွင် အများဆုံး ထုလုပ်သောခြေတော်ရာသည် မြတ်စွာဘုရား၏ ဘယ်ခြေတော်ရာများသာ ဖြစ်ပါသည်။ ပုဂံခေတ်တွင် သဲကျောက်များဖြင့် ထုလုပ်ကြပြီး အင်းဝခေတ်မှစတင်၍ စကျင်ကျောက်ဖြင့် ထုလုပ်ပူဇော် ခဲ့ကြ၍ ယခုပြခန်းတွင် ပုံစံတူပြုလုပ်၍ ခင်းကျင်းပြသထားသည်။
စာတိုက်သေတ္တာ
မြန်မာမှုတွင် စာတိုက်ဟူသည် ပိဋကတ်၊ ပေစာအစရှိသော ကျမ်းဂန်များကိုသိုမှီးရာ ဖြစ်သော ဇာတ်ခုံသေတ္တာများ ဖြစ်သည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖွင့်ဆိုထားပါသည်။ ရေးသောအခါ စာတိုက်ဟု ရေးသော်လည်း ဖတ်သောအခါ စတိုက်၊ ဇတိုက်ဟု ဖတ်ကြသည်။ စာတိုက်သည် ပေစာများကို သိမ်းဆည်းသိုမှီးရာဌာနဖြစ်သည်။ ရှင်ပြုရဟန်းခံများ၌ လှူဖွယ်ဝတ္ထုပစ္စည်းများတွင် ပိဋကတ်သုံးပုံနှင့်တကွ စာတိုက်သေတ္တာကိုပါ လှူဒါန်းခဲ့ကြသည်။ ရှေးမြန်မာတို့သည် စာတိုက်သေတ္တာကို လှပအောင် မွမ်းမံခြယ်လှယ်ကြသည်။ ကျွန်းသားတွင် သစ်စေးသုတ်၍ မှန်စီရွှေချပြုလုပ်ခြင်း၊ အမွမ်းအပြောက်ဆင်၍ အခြေတပ်သော ပြာသာဒ်ကဲ့သို့ပြုလုပ်ခြင်း၊ ဇာတ်ရုပ်စုံတို့ဖြင့် တန်ဆာဆင်ခြင်းတို့ကို ပြုလုပ်ကြသည်။ စာတိုက်သေတ္တာမှာ စင်စစ်အားဖြင့် ကျွန်းသေတ္တာပင် ဖြစ်ပါသည်။ အခြေတပ်ထားသော အမွမ်းတင် ခိုနန်းချိုးဗီရိုများလည်း ရှိပါသည်။ စာတိုက်သေတ္တာတစ်ခု၏ တည်ဆောက်မှု၊ ပုံသဏ္ဌာန်အမျိုးအစား၊ ပြုလုပ်သည့်နည်းပညာ၊ မွမ်းမံသည့်နည်းစနစ်၊ မျက်နှာပြင် အလှအပတန်ဆာဆင်သည့်အခြယ်အသ၊ ဗုဒ္ဓဝင်ဖြစ်စဉ်၊ ဇာတ်ဝတ္ထုများ ပုံဖော်တင်ပြချက်စသည့် ထူးခြားချက်များသည် မြန်မာ့ရိုးရာအနုပညာများပင် ဖြစ်သည်။ စာတိုက်သေတ္တာကို ရှေးမြန်မာတို့သည် လှပအောင်မွမ်းမံ၍ ပြာသာဒ်ကဲ့သို့ ပြုလုပ်ကြသည့်အပြင် ဇာတ်စုံတို့ဖြင့်လည်းတန်ဆာဆင်ကြပါသည်။ ပြခန်းတွင် ခင်းကျင်းပြသထားသည့် စာတိုက်သေတ္တာမှာ ရတနာပုံခေတ်(အေဒီ ၁၉ ရာစု)လက်ရာဖြစ်ပြီး ကုလားကျောင်းကျေးရွာ၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသ
ကြီး၊ ရွှေဥမင်တောရကျောင်းဆရာတော် ဦးဝိသာလနှင့် ဦးရည်စိန်အားရည်စူး၍ ဇနီးဒေါ်သက် မိသားစုတို့မှ လှူဒါန်းထားသော စာတိုက်သေတ္တာများဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ရုပ်ပွားဆင်းတုတော်ကိုးကွယ်မှု သမိုင်းကြောင်း အခိုင်အမာအစုံအလင်ကို ပြည်သူဗဟုသုတတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ်ပြသထားသည့် ဗုဒ္ဓအနုပညာပြခန်းကို တစ်ခါတစ်ခေါက် လာရောက်လေ့လာကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။ ။
အမျိုးသားပြတိုက်(နေပြည်တော်)