ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပဲစင်းငုံလျာထား ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
“တောင်သူတွေက ပဲစင်းငုံကို သီးသန့် စိုက်ပျိုးကြသလို အစေ့ထုတ်ပြောင်းနဲ့လည်း သီးညှပ် စိုက်ပျိုးကြပါတယ်။ ဒီနှစ် ပဲစင်းငုံ ၆၇၂၉ ဧက စိုက်ပျိုးဖို့လျာထားခဲ့ ပေမယ့် ၁၁၅၁၂ ဧက ကျော်လွန်စိုက်ပျိုး နိုင်ပါတယ်}} ဟု ကျွန်းလှမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ထိုသို့စိုက်ပျိုးနိုင်ရန် တောင်သူများကို မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု အန္တရာယ်ကင်းရှင်းရေး၊ အထွက်နှုန်း ကောင်းမွန်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းအသိ ပညာပေးလျက် ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၃၄၀၉၃ ဧက၊ ပဲမျိုးစုံ ၁၆၉၁၂ ဧက၊ ဆီထွက်သီးနှံ ဧက ၇၂၇၀၊ တခြားသီးနှံ ၁၆၉၁၅ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စိုက်ပျိုးထားကြောင်း သိရသည်။