လေမဖြတ်အောင် အစားရှောင်
ကျန်းမာရေးကို လိုက်စားသူ လေ့ကျင့်ခန်းမှန်မှန်လုပ်သူ၊ ညအိပ်ရာဝင်ချိန်တွင် စောစောအိပ်လေ့ရှိပြီး နံနက်စောစော အိပ်ရာထကာ နှစ်မိုင်ခန့်ရှိသော ကန်ကြီးတစ်ပတ် လမ်းလျှောက်လေ့ရှိသူ၊ ဥပဓိရုပ် ကြည်လင်ပြီး အသက်အရွယ်နှင့်မမျှ ဖျတ်လတ်သူတစ်ဦး၊ ရုတ်တရက်လေဖြတ်သွားသည်ဟု ကြားသိရသောအခါ အံ့သြတုန်လှုပ်သွားသည်။
ထိုသူမှာ စာရေးသူ၏ ဦးလေးအရင်းဖြစ်ပြီး ဇာတိမြို့ ဥက္ကံဟုခေါ်သော သာယာလှပသည့်မြို့ငယ်လေးတွင် နေထိုင်သူဖြစ်သည်။ ထိုမြို့သည် ရန်ကုန်-ပြည်လမ်းနံဘေးတွင် ရှိပြီး စိမ်းလန်းစိုပြည်၍ ရာသီဥတုမျှတသော မြို့ကလေးဖြစ်၍ ကျန်းမာရေး အတွက်နေထိုင်ရန် သင့်တော်သော မြို့ကလေးဖြစ်သည်။
ဥက္ကံမြို့အလယ်တွင် နှစ်ဖာလုံပတ်လည်ခန့် ရှိသော ရေကန်ကြီးရှိသည်မှာ မြို့၏ ထူးခြားချက်ဖြစ်သည်။
နံနက်စောစောနှင့် ညနေစောင်းချိန်တို့တွင် ကြာဖြူ၊ ကြာနီတို့ပွင့်နေသော ကန်ပေါင်တစ်လျှောက်တွင် လမ်းလျှောက်သူ၊ ရေခပ်သူပျိုဖြူများဖြင့် စည်ကားလျက်ရှိသည့် မြို့ကျက်သရေဆောင် ရေကန်ကြီးဖြစ်သည်။
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် ဆေးတစ်ပါးဖြစ်သည်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊သွေးချိုရောဂါအားလုံးကို ကာကွယ်တားဆီး သက်သာစေနိုင်သည်။ နေ့စဉ် နှစ်မိုင်ခန့် လမ်းလျှောက်ပေးလျှင် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်ဟု အနောက်တိုင်း ဆေးပညာရှင်များက ဆိုကြသည်။
ကျွန်တော်တို့ မှတ်မိသည့်အရွယ်မှစ၍ ဦးလေးသည် နံနက်စောစောအိပ်ရာမှထပြီး ကန်ကြီးပတ်၍ လမ်းလျှောက်သည်။ ထွက်ပြူလာသော နေမင်းကြီးကို မျက်နှာမူ၍ အသက်ပြင်းပြင်း ရှူထုတ်သော လေ့ကျင့်ခန်းကို လုပ်လေ့ရှိသည်။ ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းများကြောင့် အဆုတ်အားကောင်းသည်။ အဆုတ်မှ သန့်ရှင်းသောသွေးကို ပို့ပေးသဖြင့် နှလုံးအားကောင်းသည်ဟု ဦးလေးကရှင်းပြသည်။ သူပြောသည့်အတိုင်း ဦးလေးမှာမြင်ရသူတိုင်း အားကျရသည့် ကျန်းမာ လန်းဆန်းတက်ကြွသူဖြစ်သည်။
အသက် ၆၄ နှစ်ဆိုသော အရွယ်သည် နေမည်ဆိုလျှင် နောက်ထပ် ၁၀ နှစ်ကျော် နေနိုင်သေးသော အရွယ်ဖြစ်သည်။ အသက်ကြီးသည် ဆိုရုံမျှနှင့် အိုမင်းသောအရွယ် မဟုတ်သေးပါ။ ဤအရွယ်တွင် ဦးလေးဘာကြောင့် ဆုံးပါးခဲ့ရပါသလဲ။ ဆန်းစစ်ကြည့်မိပါသည်။ လေဖြတ်မည့်နေ့က...
(၁)ဦးလေးသည် မိမိကိုယ်မိမိ ကျန်းမာရေးကောင်းသည်ဟု ယူဆပြီး နံနက်အေးသည့် အချိန် လမ်းလျှောက်ပြန်လာပြီး ရေချိုးသဖြင့် အအေးမိထားပုံ ရသည်။
(၂)နံနက်စာ စားသောအခါ ကြက်ဟင်းခါးသီး ချက်သည်။ ငါးခြောက် ထောင်းကြော်သည်။
အထက်ပါနှစ်ချက်တွင်ကြည့်လျှင် နံနက်ပိုင်း အအေးမိထားသောအခါ သွေးကြောများ အအေးပတ်ကျုံ့သဖြင့် သွေးပေါင်ချိန် တက်လာနိုင်သည်။
တစ်ဖန်နံနက်စာ ကြက်ဟင်းခါးသီးချက်(လေပွ၊သွေးတက်စာ)၊ ငါးခြောက်ထောင်းကြော် (ငန်၍သွေးတိုးစေသောအစာ)တို့ကြောင့် သွေးအနည်းငယ် တိုးနေမည်။ သို့သော် သူခံနိုင်ရည် ရှိနေသေးသည်။
(၃) ညနေစာ စားသောအခါ နံနက်က ကြက်ဟင်းခါးသီး ဟင်းကျန်ကို ထပ်စားမိသည်။ ပိုဆိုးသည်မှာ ညနေစာဟင်းမှာ ဝက်သားဟင်းဖြစ်သည်။
ဦးလေးက ဝက်သား သိပ်မကြိုက်ပါ။ ကြုံလျှင်တော့ စားသည်။ ထိုနေ့က ညနေစာစားပြီးနောက် တီဗွီထိုင်ကြည့်နေသည်။ သတင်းလာချိန် ည ၈ နာရီကျော်မှ အိပ်ရာဝင်ရန် ထိုင်ရာမှ အထတွင် မူးပြီး ရုတ်တရက် လဲကျသွားသည်ဟု ဆိုသည်။ ပါးစပ်မှစကားသံ မပီမသနှင့်ပြောပြီးနောက် သတိလစ်သွားသည်။ ညတွင်းချင်းပင် ဥက္ကံမြို့လေးမှ မိုင် ၆၀ ခန့်ဝေးသော ရန်ကုန်ဆေးရုံကြီးသို့ ပို့ကြသည်။ ဦးနှောက်နှင့် အာရုံကြောကုသဌာနတွင် ကုသပြီး နောက်တစ်နေ့တွင် ဆုံးပါးသွားသည်။ ဦးခေါင်းဓာတ်မှန်အဖြေမှာ သွေးတိုးပြီး ဦးနှောက်သွေးကြော ပေါက်သွားပြီး ဦးနှောက်အတွင်း သွေးယိုစိမ့်ရာမှ သေဆုံးသွားခြင်းဖြစ်သည်။
တိုင်းရင်းဆေးပညာတွင် အခါးဟူသမျှ လေဓာတ်ကြွသည်ဟုဆိုသည်။ ခါးသောအစားအစာများတွင် ခွေးတောက်ရွက်၊ တမာရွက်၊ ကြက်ဟင်းခါးသီး၊ လက်ဖက်စိုတို့သည် အစားအများဆုံးဖြစ်သည်။
လေဓာတ်ကြွလျှင် လေတွန်းကန်အားကြောင့် သွေးဖိအားတိုးပြီး သွေးပေါင်တက်လာသည်။ အစာမကြေမချင်း သွေးပေါင်ချိန် ဖိအားများနေမည်ဖြစ်သည်။
တော်ရုံသွေးကျဆေးနှင့် မကျပါ။ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ အချို့မှာ ကိုယ်စားချင်တာ စားမယ်၊ ပြီးမှ သွေးတိုးကျဆေး သောက်မယ်ဟု ပြောကြသည်။ မရပါ။ ပြင်းထန်သော လေတွန်းအားကြောင့် လေဓာတ်ကြွလျှင် သွေးကျဆေးက မကယ်နိုင်ပါ။
ဝက်သားမှာ အဆီအအိမ့်ဖြစ်သဖြင့် အစာကြေချိန်ကို နှေးကွေးစေသည်။ အစာကြေအားနည်းသော အခါတွင် မူလထကြွနေသော လေဓာတ်မှာပို၍ ကြွလာသည်။ သွေးပိုက်လိုင်းများတွင် ဖောင်းကားပြီး တိုးသောအခါ လည်ပင်းဘေးနှစ်ဖက်မှ သွေးကြောများဖောင်းပြီး တိုးနေသည်ကို တစ်ခါတစ်ရံ မျက်စေ့ဖြင့်ပင် မြင်ရတတ်သည်။ ဦးနှောက်အတွင်း သွေးဖိအားတိုးသောအခါ အစွန်အဖျား၊ အခက်အလက် သွေးကြောကလေးများ ပေါက်သွားရာမှ လေဖြတ်ခြင်းကိုဖြစ်စေသည်။
ရှေးတိုင်းရင်းဆေး ဆရာကြီးများ၏ လေတိုးဟု ခေါ်သော အယူအဆမှာ ယခုခေတ်သွေးတိုးရောဂါနှင့် အတူတူပင်ဖြစ်သည်။ ကျန်းမာရေး လိုက်စားသည်။
လမ်းလျှောက်သည်။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အငန်ရှောင်သော်ငြားလည်း လေစာဆိုသည်ကို သတိမမူမိလျှင် မသိလျှင် လေဖြတ်ရောဂါနှင့် အသက်ဆုံးနိုင်ကြောင်း အသိပေးချင်ပါသည်။
“အခါးဟူသမျှ၊ လေဓာတ်ကြွမူလပျက်စီးရာ။
ခွေးတောက်၊ တမာ၊ ကြောင်လျှာ
ကြက်ဟင်းခါး၊ ဝက်သား၊ လက်ဖက်
မတွဲဖက်၊ တစ်ချက်မှတ်ကြပါ။”
အထက်ပါ အစာများကို တစ်မျိုးတည်းစားလျှင်လည်း အလွန်အကျွံမစားပါနှင့်။ သင့်တော်ရုံသာစားပါ။ တစ်နေ့တည်းနှင့် လေစာနှစ်မျိုးဆင့်ကာ ဆင့်ကာစားမိလျှင် သွေးတိုးတတ်လေဖြတ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)