သူတို့နေရာလေးတွေ လှပနိုင်ပါစေ
လွန်ခဲ့သောနှစ်လကျော်က ကျွန်တော်တို့ မိသားစု နေပြည်တော်မှ ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ ရန်ကုန်မြို့စွန် တစ်နေရာတွင် တည်ရှိသော တန်ဖိုးနည်းအိမ်ရာ။ ဤအိမ်ရာဝန်းကျင်မှာ ကျွန်တော်ရော၊ မိသားစုအတွက်ပါ အတော်ပင်စိမ်းသည်။ ပတ်ဝန်းကျင်စိမ်းသလို အရင်ရောက်နှင့်နေကြသည့် တိုက်ခန်းနေသူတွေနှင့်လည်း စိမ်းသည်။
အိမ်ပြောင်းပစ္စည်းတွေ သယ်လာသည့်ကားရောက်တော့ အချိန်နှောင်းလာပြီ။ ကမန်းကတန်းပစ္စည်းများကို အိမ်ပေါ်တင်ကြရသည်။ ထိုအချိန်တွင် မီးကလည်းပျက်၊ ရေစက်လည်းပျက်။
အဓိကကျသည့်ဘိုထိုင်အိမ်သာကို စစ်တော့ ရေဆေးသည့် ပိုက်ခေါင်းကျိုးနေသည်။ ထို့ကြောင့် ပိုက်ခေါင်းဝယ်ရန် ဆိုင်ကယ်သမား ရှာရတော့သည်။ ကွမ်းယာဆိုင်တွင် ရပ်ထားသည့်ဆိုင်ကယ်ရသည်။
သူက “ဒီပစ္စည်းတွေရပ်ကွက်မှာ မရှိ၊ ရောင်းသည့်ဆိုင် လိုက်ပို့မည်”ဟု ပြောသဖြင့် ကျွန်တော်လိုက်သွားခဲ့သည်။ ပစ္စည်းဝယ်ပြီးပြန်လာသည်။ ဆိုင်ကယ်ခမှာ အရင်က အသွားအပြန်ငွေကျပ် သုံးထောင်ကျကြောင်း၊ အခုငွေကျပ်နှစ်ထောင်သာ တောင်းပါကြောင်း၊ ဈေးလျှော့ပေးတာဖြစ်ကြောင်း ပြောပြီး ဆိုင်ကယ်ခ ပိုတောင်းယူသွားပါသည်။ (ပုံမှန်ဆိုင်ကယ်ခ ၅၀၀) သို့ဖြင့် တစ်ပတ်ကျော်အကြာတွင် ပတ်ဝန်းကျင် ဒေသအကြောင်း တဖြည်းဖြည်း သိလာရတော့သည်။ ကျွန်တော်တို့တိုက်ခန်း ရပ်ကွက်ထဲတွင် စားသောက်ဆိုင်မျိုးစုံ၊ အိမ်သုံးပစ္စည်းစုံ၊ ဆေးဆိုင်၊ ဆေးခန်း၊ ဆန်ဆီကုန်စုံဆိုင်များ၊ လျှပ်စစ်ပစ္စည်း၊ ရေပိုက်ပစ္စည်းမျိုးစုံ အရောင်းဆိုင်များ အများအပြား ရှိနေကြသည်။ ထိုသို့ရှိနေပါလျက် လတ်တလော ငွေရလိုမှုတစ်ခုကိုသာ ကြည့်တတ်သည့် ဆိုင်ကယ်သမားလူငယ်ကို ကျွန်တော် မကျေမနပ်ဖြစ်နေမိသည်။ အကယ်၍သာ လူငယ်က “ဒီအထဲမှာလည်း ဝယ်လို့ရကြောင်း၊ မရရှိပါက အခြားဆိုင်ကို လိုက်ပို့ပေးမည်ဖြစ်ကြောင်း” ပြောပြလျှင် ထိုလူငယ်လေးကို ရိုးသားသူဖြစ်ကြောင်း အသိအမှတ်ပြုပြီး သူ့ဆိုင်ကယ်ကိုလည်း လက်မလွတ်တမ်း စီးမိမှာ အသေအချာပင်။ ယခုမူ ကျွန်တော်လည်း သူ့ဆိုင်ကယ်ကို ဘယ်သောအခါမျှ စီးတော့မည် မဟုတ်တော့ပေ။
တစ်ခါတုန်းကလည်း ရန်ကုန်မြို့ထဲက မိတ်ဆွေအိမ်ကိုရှာမရသဖြင့် ဆိုက်ကားသမားကို လိပ်စာပြောပြီးရှာခဲ့မိသည်။ မိတ်ဆွေအိမ်ကိုတွေ့ပြီး အိမ်မှပြန်ထွက်လာသောအခါ ကျွန်တော်စီးလာသည့် ဆိုက်ကားသမားနှင့် ဘွားကနဲတွေ့သည်။ သူ့ကို ကျွန်တော်ငှားစီးခဲ့သည့် နေရာမှာပဲဖြစ်သည်။ ကျွန်တော်ရှာသည့် မိတ်ဆွေအိမ်က သူ့ဆိုက်ကားဂိတ်နှင့် တစ်လမ်းတည်း။
ဒါကိုသိသော်လည်း ဆိုက်ကားသမားက လမ်းတွေကို လှည့်ပတ်နင်းပြီး ဆိုက်ကားခ ရှာဖွေသွားခြင်းပင်။
ကျွန်တော်မင်္ဂလာဒုံတွင် နေစဉ်က မကြာခဏ ငါးဝယ်သဖြင့် ငါးသည်နှင့်ကျွန်တော့်ဇနီး ရင်းနှီးသွားလေသည်။ ငါးဝယ်ရင်း ဟိုပြော၊ ဒီပြောပြောရာမှ သူ့အကြောင်း သိလာရသည်။ သူက ငါးဒိုင်မှာငွေတစ်ရာလျှင် အစိတ်တိုးဖြင့်ယူကာ နေ့ပြန်တိုးသွင်းရသူ...။ ကျွန်တော်တို့ကလည်း ကရုဏာသက်သွားပြီး သူ့ကိုပြောသည်။ “ရှစ်ကျပ်တိုးပဲပေးပါ။ နေ့တိုင်းသွင်းစရာမလို၊ အရင်းရော အတိုးအတွက်ပါ ငါးဝယ်စားပြီး ခုနှိမ်သွားပါမည်”ဟု။ သူအလွန်ဝမ်းသာသွားသည်။ အစိတ်တိုးနှင့် ရှစ်ကျပ်တိုးဆိုတော့ တစ်နေ့ ၁၇ ကျပ်သက်သာသွားသည်မဟုတ်လား...။
သို့သော် ကျွန်တော်တို့သည် သူ့ထံမှ တစ်ကြိမ်သာ ငါးဝယ်စားလိုက်ရပြီး ကျွန်တော်တို့လမ်းထဲ လာမရောင်းတော့ချေ။
ရပ်ကွက်ထဲတွင် လှည့်လည်ပြီးဆန်နှင့် ဆန်ကွဲဝယ်သည့် သူလည်း ထိုနည်းအတိုင်းပါပဲ။ အခြားမှာ နှစ်ဆယ်တိုးဖြင့်ယူကာ အလုပ်လုပ်ရသည်ဟု ပြော၍သက်သာသည့် အတိုးဖြင့် အရင်းပေးလိုက်သည်။ ငွေပေးလိုက်သည့် နောက်တစ်ပတ်မှစပြီး ပေါ်မလာတော့ပေ။ အခြားရပ်ကွက်ထဲတော့ လှည့်လည်ပြီး အလုပ်လုပ်နေတုန်းဟု သိရသည်။ သူရဲ့ ဈေးကွက်သည် ကျွန်တော်တို့ အရင်းအနှီးထုတ်ပေးမှပင် ပျက်ရသည့်ကိန်း ဆိုက်သွားလေသည်။
နောက်ပြောပါမည်။ ဆိုင်ကယ်ကယ်ရီသမားလေး တစ်ဦး၏အကြောင်း...။
မကြာသေးခင်ကမှ ရန်ကုန်ပြောင်းလာသည့် ကျွန်တော်သည် သူငယ်ချင်း တစ်ယောက်ကို
တွေ့လိုသဖြင့် အချိန်းအချက်လုပ်ပြီး ကားဂိတ်မှာ စောင့်နေမိသည်။ သူငယ်ချင်းက တော်တော်နှင့်ရောက်မလာ။ ထို့ကြောင့်ကျွန်တော်သည် ဆိုင်ကယ်ကယ်ရီဂိတ်ရှိ လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်နေခဲ့သည်။ ဘာရယ်မဟုတ် အချိန်အားနေတော့ ဟိုကြည့်၊ ဒီကြည်။
ထိုစဉ်မှာပင် ကျွန်တော်ရှေ့ မြင်ကွင်းထဲသို့ ဆိုင်ကယ်ကယ်ရီသမား လူငယ်နှစ်ယောက်ရောက်လာလေသည်။
လူငယ်တစ်ယောက်ဆီသို့ ဖုန်းဝင်လာသည်။
“ဟာ...အစ်မလား၊ ကျွန်တော်သတိရနေတာ...။ ခင်...ခင်ဗျာ...ဗျာ...အစ်မရဲ့အဖေ ဆေးရုံတက်နေရတယ် ဟုတ်လား။ ဟာ...စိတ်မကောင်းလိုက်တာဗျာ...။ ကျွန်တော်လာခဲ့ရမလား၊ လူနာလာ စောင့်ပေးရမလား...။ ဟာ...အားနာဖို့မလိုပါဘူးဗျာ...။ ဘာမုန့်တွေဝယ်ခဲ့ရမလဲ...။ အားမနာပါနဲ့ အစ်မရယ်။ အစ်မအဖေအတွက် စိတ်ပူလိုက်တာဗျာ...။ ကျွန်တော်အားတာနဲ့လာခဲ့ပါ့မယ်။ အခုတလော ပါစင်ဂျာတွေလည်း ရနေလို့အစ်မရယ်...။ ဟာ...ပြောဖို့လိုသေးလို့လား အစ်မရယ်...။ အစ်မရေ...ခရီးသည်လာလို့ သွားလိုက်ဦးမယ်နော်...”
လူငယ်က ဖုန်းချလိုက်သည်။ ခရီးသည် မလာဘဲ လာတယ်ဟု လိမ်ညာပြောကာ ဖုန်းချလိုက်ခြင်းဖြစ်သည်။
ဆိုင်ကယ် ကယ်ရီသမား လူငယ်လေး၏ စကားသံချည်းပဲ သီးသန့်ကြားရလျှင် အလွန်နှစ်လိုဖွယ်ကောင်းသော စကားလုံးများပင်။ နှုတ်ထွက်စကား ယဉ်ကျေးလွန်းသူ လူငယ်လေးတစ်ယောက်ဟု ထင်မှားစရာပင်...။
သို့သော် လူငယ်လေး ဖုန်းစပြောသည့်အချိန်မှ စကာ အစ၊ အဆုံးမြင်ကွင်းကို မြင်နေရသူက ကျွန်တော်...။
လူငယ်လေးသည် စကားလုံးများကို သကာလူး၍ ပြောတိုင်း သူ့ဘေးမှ လူငယ်တစ်ယောက်ကို မျက်လုံးမှိတ်ပြ၊မဲ့ပြနေသည်။ တစ်ဖက်သူကို လှောင်ပြောင်နေခြင်းဖြစ်သည်။ တစ်ဖက်သူကတော့ အသံကိုသာကြားရပြီး မျက်နှာအမူအရာကို မမြင်ရသဖြင့် သူ့စကားလုံးများကို ယုံကြည်စွာ နားထောင်နေပုံရသည်။ ကျေနပ်နေပုံရသည်။
သူ့ကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချမိသည်။ မမြင်ရသေးသည့်တစ်ဖက် အမျိုးသမီးအပေါ် ကရုဏာသက်မိသည်။ စိတ်မကောင်းဖြစ်ရသည်။ တန်ဖိုးမဲ့ လုပ်ရက်လေခြင်း။
လူငယ်က ဖုန်းချလိုက်ပေမယ့် စကားကတော့ မရပ်။ သူ့သူငယ်ချင်းကိုဆက်၍ ပြောပြနေသည်။
ထိုစကားတွေကိုလည်း မသက်မသာကြားနေရပြန်သည်။
“အဲဒီအစ်မက အတော်ရစ်တာကွ၊ သဘောတော့ကောင်းသား။ ငါ့ဆိုင်ကယ်ကို စိတ်ကြိုက်သုံးတယ်။ ကယ်ရီခကို ပိုပေးတာလည်း များတယ်။ တစ်ခါကတော့ကွာ သူ့ကိုစောင့်ရတာ ပညာပေးချင်လို့ ဘီယာဆိုင်ဝင်ပြီး အမြည်းတွေနဲ့ စိတ်ကြိုက်ဆွဲလိုက်တာ တစ်သောင်းကျော်ကျတယ်။ သူလာတော့ ငါသောက်သမျှငွေရှင်းပေးသွားတယ်။ အဲသလိုလည်း ပြန်ပြီး အမြတ်ထုတ်ပေးရမှာကွ”တဲ့။
ကျွန်တော်က သူ့စကားတွေကို နားထောင်ရင်း စိတ်မောသွားပါသည်။ စိတ်ထားကောင်းသူ တစ်ဖက်သူအတွက် အစော်ကား ခံရလေခြင်းဟု ဒေါသလည်း ထွက်မိပါသည်။
နိဂုံးချုပ်သော် ကျွန်တော်တင်ပြခဲ့သော အနှီပုဂ္ဂိုလ်များသည် ထူးခြားသည့် အပြုအမူများကို လုပ်ဆောင်နေတာမဟုတ်ပေ။ သူတို့ရောက်ရှိနေသော “နေရာ”မှာ သူတို့ရောက်ရှိကာ သူတို့အလုပ်သူတို့ လုပ်နေကြခြင်းသာ။
ထို”နေရာ”သည် သူတို့၏ “နေရာ”ပင်ဖြစ်သည်။ မဆီမဆိုင် သူတို့ “နေရာ”ကို ဝင်ပြီး တွေးခဲ့မိသည့် ကျွန်တော့်မှာသာ အပြစ်ရှိသည်ဟု ခံစားရပါသည်။ ကျွန်တော်ထပ်၍ စဉ်းစားကြည့်သည်။ အကယ်၍သာ ထိုလူငယ်လေးများကို ငယ်စဉ်ဘဝမှစကာ စာရိတ္တမဏ္ဍိုင်အား ပြုစုပျိုးထောင် ပေးနိုင်မည်ဆိုပါလျှင် နောင် တစ်ချိန်တွင် ကျွန်တော်ကြုံတွေ့ခဲ့ရသည့် လူငယ်လေးတွေ၏ နေရာသည် လှပလာကြမည်ဟု တွေးမိ၊စဉ်းစား မိပါသည်။ ။
ချမ်းမြအောင်