ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်း တတိယနေရာ၌ ရပ်တည်
စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆) အဖြစ်ကစားသည့် ဖူလ်ဟမ်အသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား စာရင်းတွင် တတိယနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် စပါးအသင်းက ဖူဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဟယ်ရီကိန်းက ပွဲချိန် ၇၅ မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ပြီးနောက် မန်ယူအသင်း ဂန္ထဝင်ကစားသမား အင်ဒီကိုးလ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက ဟယ်ရီကိန်းသည် နော်တင်ဟမ် အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမား စာရင်းတွင် တတိယနေရာ၌ အင်ဒီကိုးလ်နှင့် ပူးတွဲရပ်တည်ခဲ့သော်လည်း ယခုအခါ အင်ဒီကိုးလ်၏ စံချိန်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးနေရာ၌ နယူးကာဆယ်အသင်း ဂန္ထဝင်ကစားသမား အလန်ရှီးယားက သွင်းဂိုး ၂၆၀ ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီက ၂၀၈ ဂိုးဖြင့် ဒုတိယနေရာနှင့် ဟယ်ရီကိန်းက ၁၈၈ ဂိုးဖြင့် တတိယနေရာ၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။