ဘောလုံးရာသီအစခြောက်ပွဲတွင် သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟာလန်း စံချိန်တင်

ဘောလုံးရာသီအစခြောက်ပွဲတွင် သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟာလန်း စံချိန်တင်

မန်စီးတီးအသင်း တိုက်စစ်မှူး   ဟာလန်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၆) အဖြစ်   ကစားသည့် အက်စ်တွန်ဗီလာအသင်းနှင့်    မန်စီးတီးအသင်းတို့   တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်သည့် ပွဲစဉ်တွင် အသင်းအတွက်  သွင်းဂိုး  တစ်ဂိုး သွင်းယူနိုင်ပြီးနောက်  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  ဘောလုံးရာသီအစ ခြောက်ပွဲတွင် သွင်းဂိုး ၁၀ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုရာသီ  ဒေါ့မွန်အသင်းမှ  မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားသည့် ဟာလန်းသည် မန်စီးတီး အသင်းတွင်လည်း ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ခြောက်ပွဲကစားပြီးချိန်တွင် သွင်းဂိုး  ၁၀  ဂိုးအထိသွင်းယူထားပြီး  လက်ရှိ ဥရောပထိပ်တန်း လိဂ်များတွင်လည်း      သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

အသက် ၂၂ နှစ်အရွယ် ဟာလန်းသည် မန်စီးတီးအသင်းနှင့်အတူ ဘုန်းမောက်အသင်းနှင့် ကစားသည့် ပွဲစဉ်တစ်ပွဲသာ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ကျန်ပွဲစဉ်များဖြစ်သည့် ဝက်စ်ဟမ်းအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် နှစ်ဂိုး၊ နော်တင်ဟမ်အသင်း၊ ပဲလေ့စ်အသင်းတို့နှင့်ကစားသည့် ပွဲစဉ်တွင် သုံးဂိုးစီ၊ နယူးကာဆယ်အသင်း၊ အက်စ်တွန်ဗီလာ အသင်းတို့နှင့် ကစားသည့်  ပွဲစဉ်တွင်  တစ်ဂိုးစီသွင်းယူနိုင်ပြီး  ခြောက်ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၁၀ ဂိုး ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် စတင်ကျင်းပသည့် အချိန်မှစ၍ ရာသီအစခြောက်ပွဲတွင် သွင်းဂိုး   ၁၀   ဂိုးသွင်းယူနိုင်သည့် ကစားသမား တစ်ဦးမျှမရှိဘဲ ယခုအခါ ဟာလန်းက စံချိန်တင်ထားခြင်းဖြစ်ပြီး   ယခုဘောလုံးရာသီ  သွင်းဂိုး အများဆုံး ကစားသမားဆုဖြစ်သည့်   ရွှေဖိနပ်ဆု အတွက်လည်း ရာသီစချိန်ကတည်းက ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိကြောင်း သိရသည်။