ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါး စတင်ထွက်ရှိချိန်တွင် ဈေးကောင်း ရရှိနေ
ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါး စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေကြောင်း ဒေသခံစပါး စိုက်ပျိုးသူများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် မိုးစပါးစတင် ထွက်ရှိချိန်က တင်း ၁၀၀ လျှင် ငွေကျပ် ခြောက်သိန်း ငါးသောင်းမှ ခုနစ်သိန်းအထိသာ ဈေးနှုန်း ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဧည့်မထ စပါးအခြောက် တင်း ၁၀၀ လျှင် ငွေကျပ် ၁၁ သိန်းမှ ၁၃ သိန်းဝန်းကျင်နှင့် စပါးအစို တင်း ၁၀၀ လျှင် ငွေကျပ် ကိုးသိန်းငါး သောင်းအထိ ဈေးနှုန်းရရှိနေကြောင်း သိရသည်။
"စိုက်တာက ဇွန်လလောက်က စိုက်တာပါ။ ရက် ၉၀ စပါးပါ။ အထွက်နှုန်းက မနှစ်ကလောက် ထွက်ပါတယ်။ သွင်းအားစု ဈေးကောင်းပေမယ့် မနှစ်ကထက် စပါး ဈေးပိုကောင်းတယ်” ဟု ဟင်္သာတမြို့နယ် မှ စပါးစိုက်ပျိုးသူ ဦးထွန်းဝင်းက ပြောသည်။
လတ်တလော ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဟင်္သာတမြို့နယ်အပြင် ကျိုက်လတ်၊ မအူပင် စသည့်မြို့နယ်များ၌ မိုးစပါးများ ထွက်ရှိနေပြီး စပါးဟောင်းဈေးနှုန်း မြင့်တက်နေသောကြောင့် စပါးသစ်များပါ ဈေးကောင်း ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“မိုးစပါးက သြဂုတ်လကနေ စထွက်တာပါ။ နောက်တစ်လလောက်ဆိုရင် လှိုင်လှိုင် ပေါ်ပါပြီ။ ကျိုက်လတ်နဲ့ မအူပင်မြို့နယ်တွေမှာ ဆိုရင် ရေထဲမှာ ရိတ်သိမ်းရတာပါ။ အဲဒါတွေက ရက် ၉၀ လို့ခေါ်တဲ့ ထိုင်းမြီးကောက်မျိုးတွေပါ။ သူက ဆန်သားပျော့ပေမယ့် အကြိုက်များတော့ စိုက်တာများတယ်” ဟု မြန်မာနိုင်ငံ လွတ်လပ်သော တောင်သူလယ်သမားများ အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၌ မိုးစပါးထွက် ရှိမှုမှာ သြဂုတ်လအတွင်း ကျိုက်လတ်၊ မအူပင် စသည့်မြို့နယ်များမှ အနည်းငယ်ထွက်ရှိပြီး နိုဝင်ဘာလ နှောင်းပိုင်းနှင့် ဒီဇင်ဘာလတို့တွင် ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြနှင့် ပုသိမ်မြို့နယ်တို့မှ ပေါ်ဆန်း စပါးများ ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။