ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုများ ထွက်ပေါ်လာနိုင်သည့် အင်ဒို-ပစိဖိတ်ဒေသ
ဗြိတိန်နိုင်ငံသည် AUKUS သုံးနိုင်ငံလုံခြုံရေး သဘောတူညီချက်အရ သြစတြေးလျရေတပ်မှ စစ်သည်များကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်လျက်ရှိသည်။
သြစတြေးလျရေတပ်မှ သင်္ဘောသားများအား ဗြိတိန်ရေတပ်က ၎င်းတို့၏ နျူကလီးယား စွမ်းအင်သုံး HMS Ansonရေငုပ်သင်္ဘောပေါ်တွင် လေ့ကျင့်ပေးမည်ဖြစ်သည်။ သြစတြေးလျနိုင်ငံသည် မဟာမိတ် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် ဗြိတိန်နှင့် ပူးပေါင်း၍ ကိုယ်ပိုင်နျူကလီးယား ရေငုပ်သင်္ဘောများအား မောင်းနှင်ရာတွင် လိုအပ်မည့် စွမ်းဆောင်ရည်များကို တည်ဆောက်နေခြင်းဖြစ်သည်။ သို့ရာတွင် ဗြိတိန်နိုင်ငံက သြစတြေးလျရေတပ်မှ စစ်သည်များအား မည်မျှကြာကြာ လေ့ကျင့်သင်ကြားပေးမည် ဟူသောအချက်ကို ထုတ်ပြန်ထားခြင်းမရှိပေ။
သြစတြေးလျရေတပ်မှ စစ်သည်များအား လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်အား ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့နှင့် သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားတို့က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် သုံးနိုင်ငံ လုံခြုံရေးအဖွဲ့(AUKUS)ကို ပြီးခဲ့သည့်နှစ်အတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးတက်လာစေရန်၊ အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရမည်ဆိုပါက မဟာမိတ်နိုင်ငံများအကြား ထောက်လှမ်းရေးနှင့် နည်းပညာဝေမျှပေးရန် အတွက်ဖြစ်သည်။ အဆိုပါသုံးနိုင်ငံ လုံခြုံရေးအဖွဲ့၏ သဘောတူညီချက်အရ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စုတို့က သြစတြေးလျနိုင်ငံအား ၎င်းတို့ကိုယ်ပိုင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်နိုင်စေရန်နှင့် အသုံးပြုနိုင်စေရန်အတွက် အကူအညီ ပေးအပ်မည်ဖြစ်သည်။ သြစတြေးလျရေတပ်မှ စစ်သည်များအား လေ့ကျင့်သင်ကြားပေးခြင်းသည် အဆိုပါ သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ သဘောတူညီချက်ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်တို့ကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အင်အားကြီးနိုင်ငံများ၏ အဆိုပါ သုံးနိုင်ငံလုံခြုံရေး သဘောတူညီချက်သည် ဒေသတွင်းရှိအင်အားကြီး နိုင်ငံတချို့အား စိုးရိမ်မကင်း ဖြစ်လာစေခဲ့သည်ကို တွေ့ရသည်။ အကြောင်းမှာ အာရှ-ပစိဖိတ်ဒေသသည် အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် ဒေသတစ်ခု ဖြစ်လာသောကြောင့်ပင်ဖြစ်သည်။ထို့ကြောင့် AUKUS အဖွဲ့အား ဖွဲ့စည်းလိုက်ခြင်းသည် ဒေသတွင်း လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုကိုဖြစ်ပေါ်လာစေနိုင်သည် ဟူသော ပြောဆိုချက်များလည်း ထွက်ပေါ်လာခဲ့သည်။
သြစတြေးလျနှင့် ၎င်း၏ အဓိကမဟာမိတ် နိုင်ငံများကြား လုံခြုံရေး မဟာမိတ် အဖွဲ့သစ် ဖွဲ့စည်းခြင်းသည် သြစတြေးလျနှင့် အနီးရှိအင်ဒိုနီးရှားနိုင်ငံကိုသာမက ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်ကိုပါ ဂယက်ရိုက်ခတ်စေခဲ့သည်ကို တွေ့ရသည်။
တရုတ်အစိုးရသည် အဆိုပါ မဟာမိတ် အဖွဲ့သစ်ဖွဲ့စည်းခြင်းကို ဝေဖန်ကန့်ကွက်ထားပြီး ထိုသို့လုံခြုံရေးအဖွဲ့သစ် ဖွဲ့စည်းခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် တည်ငြိမ်မှုကို လျော့ပါးစေသည့်အပြင် ဒေသတွင်း၌ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုကိုပါ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုထားသည်။ ထို့ပြင် လုံခြုံရေးအရ အထိအခိုက်မခံသည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာကို အမေရိကန် နှင့်ဗြိတိန်တို့က သြစတြေးလျနိုင်ငံသို့ လွှဲပြောင်းပေးရန် စီစဉ်ခြင်းသည် နျူကလီးယား နည်းပညာကို ပထဝီနိုင်ငံရေး ကစားပွဲအတွက် အသုံးချနေခြင်းဖြစ်ကြောင်းကို သက်သေပြလျက်ရှိပြီး ထိုသို့လုပ်ဆောင်ခြင်းသည် စံနှစ်မျိုး အသုံးပြုခြင်းဖြစ်သောကြောင့် တာဝန်မဲ့ရာ ကျလွန်းသည်ဟု တရုတ်အစိုးရက ဝေဖန်ပြောဆိုသည်။
တရုတ်နှင့် ဒေသတွင်း နိုင်ငံများကမည်သို့ပင် ဝေဖန်ပြောဆိုနေစေကာမူ သြစတြေးလျအစိုးရက အဆိုပါပြောဆိုချက်များကို ပယ်ချထားပြီး လုံခြုံရေးမဟာမိတ် အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။အထူးသဖြင့် သြစတြေးလျနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်း တစ်စထက်တစ်စ ကြီးထွားလာသည့် တရုတ်၏လွှမ်းမိုးမှုနှင့် စစ်အင်အား ကြီးထွားလာခြင်းကို တန်ပြန်ရန်ကြိုးပမ်းနေချိန်တွင် ဗြိတိန်၊အမေရိကန် ပြည်ထောင်စုတို့နှင့် ပူးပေါင်း၍ လုံခြုံရေး မဟာမိတ်အဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။အဆိုပါ မဟာမိတ်အဖွဲ့သစ်၏ အဓိကရည်မှန်းချက်ကို ကြည့်မည်ဆိုပါက ဒေသတွင်းလုံခြုံရေး ကိစ္စရပ်များကို ဆောင်ရွက်ရန်နှင့် ယင်းနိုင်ငံတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်သည်ဟုဆိုသော်လည်း တကယ်တမ်းတွင်မူ တရုတ်နိုင်ငံအား တန်ပြန်ရန်ဖြစ်သည်ကို ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။ ထို့ပြင် သြစတြေးလျနိုင်ငံသည် ဒေသတွင်းအင်အား ကြီးထွားလာနေသည့် တရုတ်နိုင်ငံ၏ အလှမ်းကျယ်နေခြင်းအပေါ် စိုးရိမ်လျက်ရှိပြီး နိုင်ငံ၏ကာကွယ်ရေး အသုံးစရိတ်ကို ပိုမိုတိုးမြှင့် အသုံးပြုနေစဉ် အတွင်း လုံခြုံရေးမဟာမိတ် အဖွဲ့သစ်တွင် ပါဝင်လာခဲ့ခြင်းလည်း ဖြစ်သည်။
သြစတြေးလျအနေဖြင့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ခြင်းအားဖြင့် ယင်းအင်အားကြီး နိုင်ငံများထံမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာကို ရရှိမည့်အပြင် မထင်မှတ်ထားသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်ဆိုပါက အဆိုပါ မဟာမိတ်နိုင်ငံကြီးများထံမှ စစ်ရေး၊နိုင်ငံရေး အကူအညီများကို အလွယ်တကူရယူ နိုင်တော့မည်ဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် တစ်နည်းအားဖြင့် ဆိုရပါမူ အင်အားကြီး အနောက်နိုင်ငံများနှင့် မဟာမိတ်အဖွဲ့တွင် ပါဝင်နိုင်ခဲ့ခြင်းသည် သြစတြေးလျနိုင်ငံအား အတိုင်းအတာ တစ်ခုအထိလုံခြုံမှုပေးနိုင်မည် ဖြစ်သည်။
ဗြိတိန်နိုင်ငံက ယခုကဲ့သို့သြစတြေးလျ ရေတပ်စစ်သည်များအား လေ့ကျင့်သင်ကြား ပေးခြင်းသည် သြစတြေးလျ အစိုးရအတွက် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်သည်ဟု လည်းဆိုနိုင်သည်။အကြောင်းမှာ သြစတြေးလျ အနေဖြင့် AUKUS အဖွဲ့မှတစ်ဆင့် ဗြိတိန်နှင့်ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လာခြင်းသည် ယင်းနိုင်ငံအား ပြိုင်ဆိုင်မှု ပြင်းထန်သည့်အင်ဒို-ပစိဖိတ် ဒေသအတွင်း၌ နက်ရှိုင်းစွာ ပါဝင်လာစေရေးအတွက် ဆွဲဆောင်နိုင်မည် ဖြစ်သောကြောင့်ပင်ဖြစ်သည်။ သြစတြေးလျအစိုးရ အနေဖြင့် ကာလရှည်ကြာ အလိုရှိနေသည့် ကိုယ်ပိုင်ရေငုပ်သင်္ဘောများကို လာမည့် ၂၀၄၀ ပြည့်နှစ်ခန့်တွင် အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားပြီး သင်္ဘော၏ ပုံစံကိုမူ ဗြိတိန်နိုင်ငံ သို့မဟုတ် အမေရိကန်ပြည်ထောင်စုမှ ရေငုပ်သင်္ဘောများ၏ ပုံစံကိုယူ၍ တည်ဆောက်မည်ဟုတ်၊ မဟုတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
လက်ရှိသြစတြေးလျ ရေတပ်မှစစ်သည်များအား လေ့ကျင့်သင်ကြားရာတွင် အသုံးပြုသည့် HMS Anson ရေငုပ်သင်္ဘောသည် ဗြိတိန်၏ Astute အတန်းအစား ခုနစ်စင်းအနက် ပဉ္စမမြောက်အစင်းဖြစ်သည်။ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ နည်းပညာ ထောက်ပံ့ပေးမှုဖြင့် ကိုယ်ပိုင်နျူကလီးယား စွမ်းအင်သုံးရေငုပ် သင်္ဘောများကို တည်ဆောက်နိုင်မည်ဆိုပါက သြစတြေးလျနိုင်ငံသည် အမေရိကန်၊ဗြိတိန်၊ ပြင်သစ်၊တရုတ်၊အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ပြီးနောက် သတ္တမမြောက် နိုင်ငံဖြစ်လာမည်ဖြစ်သောကြောင့် အင်ဒို-ပစိဖိတ် ဒေသတွင်း၌ ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုများလည်း ထွက်ပေါ်လာနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: ST, ABCnews, JKTpost