လူက လူ့ပတ်ဝန်းကျင်မှာ ထင်ပေါ်အရာရောက်ချင်တယ်။ ကိုယ်ရှိနေမှန်း လူတကာသိစေချင်တယ်။ အလှအပပြင်ကြတယ်။ ရေမွှေး၊ မိတ်ကပ်၊ အဝတ်အစားတို့ ဆန်းသစ်လာကြပါတယ်။
ရေမွှေးဘယ်အချိန်ကစခဲ့မှန်းမသိပေမယ့် အချို့က ရေမွှေးဆွတ်တဲ့အခါ လက်ကောက်ဝတ်တစ်ဖက်မှာဆွတ်ပြီး ကျန်တစ်ဖက်နဲ့ ပွတ်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်လို့ ရေမွှေးရဲ့ မော်လီကျူးတွေ ကွဲထွက်စေတဲ့အပြင် ရေငွေ့ပျံမှုလည်း ပိုမြန်စေတာကြောင့် ရေမွှေးရနံ့ကြာရှည်စွဲထင်ကျန်နေမှု လျော့နည်းသွားစေပါတယ်။
အမှန်က လက်ကောက်ဝတ်၊ တံတောင်ဆစ်အကွေးထဲနဲ့ နားနောက်ဘက်စတဲ့နေရာတွေမှာ ရေမွှေးဆွတ်ပြီးရင် သဘာဝအတိုင်းခြောက်အောင် ထားပြီးမှ အင်္ကျီဝတ်သင့်ပါတယ်။
ခေါင်းဖြီးရာမှာလည်း အချို့က ဦးရေပြားမှစကာ ဖြီးကြတယ်။ ခေါင်းယားလို့ဘီးနဲ့ကုတ်တာ၊ ရေစိုနေချိန်မှာ ဆံပင်ရှင်းတာတွေက ဆံပင်ရဲ့အရင်းကိုအားပျော့စေပြီး ဆံပင်ကျွတ်တာ၊ ဆံသားကျိုးပြတ်တာတွေဖြစ်စေပါ တယ်။ အမှန်ကခေါင်းဖြီးတဲ့အခါ ဆံဖျားကိုအရင်ဖြီးပြီးမှ ဦးရေပြားကိုဖြီးသင့်တယ်။ ဆံပင်တွေရှုပ်ထွေးနေရင် ဆံဖျားပိုင်းကို အရင်ရှင်းပြီးမှ ဦးရေပြားကိုဖြီးသင့်တယ်။
တဘက်နဲ့ဆံပင်ရေသုတ်ခြင်း ပြင်သင့်တယ်။ ဆံပင်ရဲ့ အပြင်ဆုံးအလွှာက ဆံသားကိုကာကွယ်ပေးထားတဲ့အပြင် ဆံသားတောက်ပြောင်မှုကိုပေးစွမ်းတယ်။
ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားကိုတဘက်နဲ့ပွတ်ပြီး ရေသုတ်တာကြောင့် ဆံသားရဲ့ အပေါ်ယံလွှာ ပျက်စီးနိုင်တယ်။ အဲ့ဒီအလွှာပျက်စီးတာကြောင့် ဆံသားရဲ့ အရောင်တောက်ပမှုမရှိတာ၊ ခြောက်သွေ့တာမျိုးဖြစ်စေတယ်။ အမှန်က ရေစိုနေတဲ့ ဆံသားတွေကို တဘက်နဲ့ပတ်ပြီး တဘက်ကိုလက်နဲ့ဆုပ်ကာ ရေညှစ်ချသင့်တယ်။ တဘက်အစား၊ တီရှပ်အဟောင်းတစ်ထည်နဲ့လည်း ပြုလုပ်နိုင်ပါတယ်။
ဆံသားအနှံ့ကွန်ဒီရှင်နာသုံးတာဟာ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေဖို့ အသုံးပြုတာမျိုးဖြစ်တယ်။ ဆံပင်ရဲ့အဖျားပိုင်းတွေက နှစ်ခွဖြစ်တာ၊ ကျိုးပဲ့ပျက်စီးနေတာတွေအတွက် ကွန်ဒီရှင်နာကို အသုံးပြုရမယ့်အစား အများစုက ဆံသားအရင်းထဲကို ဝင်အောင် ဦးရေပြားအပေါ်မှာ ကွန်ဒီရှင်နာလိမ်းပြီး သုံးတတ်ကြတယ်။ ဆံပင်ရဲ့ အရင်းရှိဆံခြည်မျှင်အိတ်တွေက ကွန်ဒီရှင်နာကို စုပ်ယူနိုင်စွမ်း မရှိတာကြောင့် ထိရောက်မှုမရှိဘဲ ဦးရေပြားကို ရေဆေးချလိုက်တဲ့အခါ ကွန်ဒီရှင်နာတွေက ရေနဲ့အတူပါသွားတယ်။
အမှန်ကကွန်ဒီရှင်နာကို ဆံသားမှာ အသုံးပြုတဲ့အခါ ဆံသားအဖျားကနေ ဆံပင်ရဲ့ တစ်ဝက်လောက်ရှိတဲ့ အတိုင်းအတာအထိသာ ကွန်ဒီရှင်နာလိမ်းပြီး ရေဆေးသင့်ပါတယ်။
ဝက်ခြံကိုလက်သည်းနဲ့ဆိတ်ခြင်းက မှားပါတယ်။အများစုလုပ်လေ့ရှိတယ်။ လက်နဲ့ကုတ်တာ၊ ညှစ်တာ၊ ဆိတ်တာတွေက အရေပြားထဲပိုးဝင်နိုင်ခြေများပြီး အမာရွတ်ဖြစ်ကျန်ရစ်စေနိုင်တယ်။ အမှန်က ဝက်ခြံကိုဆေးဆိုင်တွေမှာ အလွယ်တယူဝယ်ယူနိုင်တဲ့ ဟိုက်ဒရိုကော်တီစုန်း(၁ ရာခိုင်နှုန်း)နဲ့ ဘန်ဇိုင်းပါအောက်ဆိုက်(၂ ဒသမ ၅ ရာခိုင်နှုန်း)ပါဝင်တဲ့ ခရင်လိမ်းနိုင်တယ်။ ဝက်ခြံဖြစ်တာမသက်သာဘဲ ဆိုးရွားခဲ့ရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
နေရောင်ခံခရင်မလိမ်းတာ အလှအပပျက်စီးစေတယ်။ နေရောင်မှာပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အရေပြားမှာ အစက်အပြောက်တွေကို ဖြစ်စေတယ်။
ဒီအန်အေကိုဖျက်ဆီးပြီး သက်ကြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေတဲ့အပြင် အရေပြားကင်ဆာလည်း ဖြစ်စေနိုင်တယ်။ လတ်တလောလေ့လာမှုအရ နေရောင်ခံခရင်လိမ်းတာက ဈေးကြီးတဲ့အရေးကြောင်း ကာကွယ်ပေးတဲ့ခရင်လိမ်းတာလိုပဲ ကောင်းကျိုးရရှိစေတယ်။ နေရောင်ခံခရင်ပုံမှန်အသုံးပြုသူတွေက အသုံးမပြုသူတွေထက် အသက်အရွယ်ကြီးရင့်မှုကို (၂၄ ရာခိုင်နှုန်း) လျော့နည်းစေတာလည်း လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။ ခရမ်းလွန်ရောင်ခြည်က မှန်ပြတင်းပေါက်နဲ့ တိမ်တွေကိုထိုးဖောက်ထွက်နိုင်တာကြောင့် အိမ်ထဲမှာပဲနေလို့ တိမ်ထူပြီးမိုးအုံ့နေလို့ဆိုပြီး နေရောင်ခံခရင်မလိမ်းဘဲ နေတာမျိုးမလုပ်သင့်ပါဘူး။ အမှန်က(SPF 30)ပါတဲ့ နေရောင်ခံခရင်ကို နေရောင်ခြည်နဲ့ အများဆုံး ထိတွေ့နိုင်တဲ့မျက်နှာ၊ နားရွက်၊ လက်၊ ရင်ဘတ်၊ နှုတ်ခမ်းနေရာတွေကို နေ့စဉ်လိမ်းပေးသင့်တယ်။ အိမ်အပြင်မထွက်ခင်နာရီဝက်ကြိုလိမ်းသင့်တယ်။ နှစ်နာရီကြာတိုင်းထပ်လိမ်းခြင်း သို့မဟုတ် သနပ်ခါးလိမ်းခြင်းတို့ လုပ်ဆောင်သင့်တယ်။
မိတ်ကပ်မဖျက်ဘဲအိပ်ခြင်းမပြုသင့်ပါဘူး။ တစ်နေကုန်သွားလာလှုပ်ရှားခဲ့ပြီး အိမ်ပြန်ရောက်ချိန်မှာ ကိုယ့်မျက်နှာမှာ လိမ်းထားတဲ့မိတ်ကပ်တွေက အညစ်အကြေးနဲ့အမှုန်အမွှား၊ အဆီတွေ ရောထွေးနေပါပြီ။ တစ်နေကုန် ပင်ပန်းလာခဲ့လို့ဆိုပြီး အိမ်ရောက်တာနဲ့ရေမချိုး၊ မျက်နှာမသစ်၊ ကိုယ်လက်သန့်စင်မှုမပြုဘဲ အိပ်ရာထဲတန်းဝင်ပြီး အိပ်စက်တာက မျက်နှာပေါ်မှာ ရှိတဲ့ချွေးပေါက်တွေကိုပိတ်စေကာ ဝက်ခြံဖြစ်စေတယ်။
အမှန်က သဘာဝနည်းနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ မျက်နှာသန့်စင်ပစ္စည်းတွေ အသုံးပြုပြီး မျက်နှာပေါ်က မိတ်ကပ်၊ အဆီနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားသင့်တယ်။ ရှားစောင်းလက်ပပ်၊ သခွားသီး၊ ထောပတ်သီး စတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ မျက်နှာသန့်စင်ပစ္စည်းတွေကို ဝယ်ယူအသုံးပြုသင့်တယ်။ မျက်နှာသန့်စင်ပြီးတဲ့အခါ ညလိမ်းခရင်လိမ်းပြီ အိပ်ရာဝင်သင့်တယ်။
မျက်ခွံအောက်အတွင်းဘက် အိုင်းလိုင်နာမဆိုးသင့်ပါဘူး။ အိုင်းလိုင်နာဆိုးလိုက်တာကြောင့် ကိုယ့်မျက်ဝန်းတွေ ကျဉ်းသွားသလိုဖြစ်လို့ ဆွဲဆောင်နိုင်တဲ့ မျက်ဝန်းတွေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
အမှန်က အိုင်းလိုင်နာအရောင်ကို မီးခိုးရောင်၊ အညိုရောင်၊ နက်ပြာရောင်တွေသုံးတာက ကိုယ့်မျက်ဝန်းတွေကို ဆွဲဆောင်မှုပိုစေပါတယ်။
လက်သည်းညှပ်ပြီးတဲ့အခါ လက်သည်းရဲ့ထောင့်စွန်းလေးတွေကို လက်သည်းညှပ်မှာပါတဲ့ တံစဉ်းလေးနဲ့ တိုက်တဲ့အကျင့်ကို အများစုကလုပ်တတ်ကြတယ်။
ခြေသည်းကိုတံစဉ်းလေးနဲ့ လားရာတစ်ဖက်တည်း တိုက်တာမျိုးမဟုတ်ဘဲ ရှေ့တိုးနောက်ဆုတ်တိုက်တာမျိုးက လက်သည်းခြေသည်းတွေကိုအားနည်းစေပြီး ကျိုးပြတ်မှုကို ဖြစ်စေတယ်။
ဆိုရရင် အမှတ်တမဲ့မဆင်ခြင်လိုက်တဲ့ အလှအပအတွက် လုပ်ဆောင်မှုတွေက ကိုယ့်ကိုမလှမပဖြစ်စေရုံမက ကျန်းမာရေးပါ ထိခိုက်စေလို့ စနစ်တကျအညွှန်းကိုဖတ်ပြီး သုံးသင့်ပါတယ်။ လိုအပ်ရင်မျက်နှာ၊ အရေပြား ဆရာဝန်နဲ့ပြသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်