တော်သလင်းလရာသီသည် မိုးနှောင်းကာလသို့ ရောက်ခဲ့ပြီးဖြစ်သည်။ တော်သလင်းဆိုသည်မှာ တော် သည် မြင့်မြတ်သည်၊ အထွတ်အထိပ်ဖြစ်သည်၊ အထက်ကောင်းကင်ဖြစ်ပြီး သလင်း သည် သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ကိုဆောင်သည်။
တော်သလင်းလကို အင်းဝခေတ်နှောင်းပိုင်းတွင် ပျို့ကဗျာများ၌ သစ်ဆင်းလ ဟူ၍ ခေါ်ဆိုကြသည်။ သစ်ဖောင် ဝါးဖောင်များ ခုန်ဆင်းသောလဟူ၍လည်း ဆိုစမှတ်ပြုကြသည်။ စာဆိုဦးအောင်ကြီး၏ လူးတားတွင် လေးတိုင်စင်၏ထိပ်ဖျားမှပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့်ပွဲသဘင်ကို ပန်းလုသဘင်၊ သစ်ဆင်းရင်သော ပွဲတော်ဟူ၍အစွဲပြုကာ သစ်ဆင်းလ အဖြစ် ညွှန်းဆိုကြသည်။
တော်သလင်းကို ရာသီခွင်အားဖြင့် ကန်ရာသီအဖြစ် သတ်မှတ်ပြီး ကန်ရာသီသည် ကညာကို စွဲမှတ်ခေါ်ဆိုခြင်း ဖြစ်သည်။ ကညာသည် အမျိုးသားကို နှစ်သက်စေခြင်းဟုအဓိပ္ပာယ်ရသည်။ ပါဠိ၌တောသဟု ခေါ်ဆိုရာမှ တော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်းအတွင်းဝန်က မိန့်ဆိုသည်။ တော်သလင်းလအား သစ်ဆင်း ဟူ၍ ခရစ်နှစ် ၁၆ ရာစုနှစ် အတွင်းကခေါ်ဆိုခဲ့သည်ကိုလည်း သိရသည်။
တော်သလင်းလတွင် ရေကန်၊ မြစ်ကမ်းစပ်များတွင် လေးတိုင်စင်ဆောက်၍ စင်ပေါ်မှ ကခုန်မြူးထူးပြီး ရေထဲကို ခုန်ဆင်းသည့်ပျော်ပွဲရွှင်ပွဲများ၊ လှေသဘင်ပွဲများကို ကျင်းပကြသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့်တောင်သူများ အလုပ်ပြီးမြောက်၍ မြူးထူးပျော်ရွှင်သည့်လရာသီလည်း ဖြစ်သည်။ တော်သလင်းလ၏အထိမ်းအမှတ်ပန်းမှာ ရင်းမာပန်းဖြစ်သည်။ မြန်မာပြည်အောက်ပိုင်းဒေသများတွင် တော်သလင်း မြစ်တွင်း သင်ဖြူးခင်း ဆိုသည့်အတိုင်း မြစ်ချောင်းများတွင် လှိုင်းလှေငြိမ်ကာ သာယာသောလရာသီဖြစ်သည်။
တော်သလင်းသည် မြန်မာဓလေ့ရာသီပွဲတော် အစဉ်အလာအရ လှေပြိုင်ပွဲကျင်းပသည့်လဖြစ်သည်။ ရှေးယခင်က လှေပြိုင်ပွဲများကို ဘုရင်မင်းမြတ်ကိုယ်တိုင်ကြွရောက်ရှုစားတော်မူလေ့ ရှိသည်။ လှေလှော်သားတို့အား ဆုတော်လာဘ်တော်များ ချီးမြှောက်လေ့ရှိသည်။ ဘုရင်ကိုယ်တော်ဆုချီးမြှင့်သော ပွဲတော်ဖြစ်၍ ကြီးကျယ်စည်ကားသော ပွဲတော်ဖြစ်သည်။ စစ်စည်းကမ်းအရလည်း လှေတော်သားတစ်ယောက်ဖြစ်ရန်မှာ မလွယ်ကူလှပေ။ ခြေလျင်တပ်သားတစ်ယောက်သည် စစ်မြေပြင်တွင် ကျွမ်းကျင်မှ မြင်းတပ်သားဖြစ်ရသည်။
မြင်းတပ်သားသည် စွမ်းရည်ပြည့်ဝပါမှ ဆင်တပ်သားဖြစ်ရသည်။ ဆင်၊ မြင်း၊ ခြေလျင်ကျွမ်းကျင်ပါမှ လှေတပ်သားတစ်ယောက်ဖြစ်ရသည်။ စစ်ပွဲသည် ရေပေါ်တွင်သာမက ကုန်းမြေပေါ်တွင်ပါ တိုက်ခိုက်ရသောကြောင့် ထိုကဲ့သို့ ကျွမ်းကျင်ရန်လိုအပ်သည်။
ထို့ကြောင့် လှေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲသူများသည် စစ်ရေးပြည့်ဝကျွမ်းကျင်နေသောသူများဖြစ်သည်။ တော်သလင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များအတွက် ဂရုဓမ္မအခါတော်နေ့ဟူ၍ သတ်မှတ်ထားကြသည်။ ထိုနေ့သည် ငါးပါးသီလပျက်ယွင်းနေသူများအား သတိပေးသည့်အနေဖြင့် ငါးပါးသီလကို အသက်ထက်ဆုံးလုံခြုံအောင် စောင့်ထိန်းကြရန် အသိပေးသောနေ့ဖြစ်သည်။ ကုရုဓမ္မ၏အဓိပ္ပာယ်မှာ လူသားတို့တလေးတစားစောင့်ထိန်းအပ်သည့်(ကုရုဓမ္မ)ငါးပါးသီလကို ဆိုလိုခြင်းဖြစ်သည်။ ကုရုဓမ္မမှသည် ဂရုဓမ္မဟူ၍ဖြစ်လာရခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ဘုရားအလောင်းတော်ဘဝတစ်ခုတွင် ကုရုတိုင်း ဣန္ဒပတ္တဂိုရ်မြို့ နေဉ္စယတောရဗျမင်းနှင့် မိဖုရားတို့၏သားတော်တစ်ဦးဖြစ်ခဲ့သည်။ အရွယ်ရောက်လာသောအခါ တက္ကသိုလ်တွင် အလုံးစုံသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်ပြီးနောက် အိမ်ရှေ့မင်းအဖြစ်ခန့်အပ်ခြင်းကိုရရှိလေသည်။ ဖခင်မင်းကြီးကွယ်လွန်သည့်အခါ မင်းအဖြစ်ဆက်လက်အုပ်ချုပ်ခွင့်ရပြီး ဆယ်ပါးသောမင်းကျင့်တရားနှင့်အညီ အုပ်ချုပ်လျက် ငါးပါးသီလ(ကုရုဓမ္မ)ကို စောင့်ထိန်းခဲ့သည်။
ဘုရားအလောင်းတော်မင်းသည် ငါးပါးသီလကို စောင့်ထိန်းသကဲ့သို့ ဘုရားအလောင်းတော်၏မယ်တော်၊ မိဖုရားကြီး၊ ညီတော်အိမ်ရှေ့မင်း၊ ပုရောဟိတ်ပုဏ္ဏား၊ အမတ်၊ ရထားထိန်း၊ သူဌေး၊ အမတ်ကြီး၊ တံခါးစောင့်၊ ပြည့်တန်ဆာအမျိုးသမီး အစရှိသူတို့သည်လည်း ကုရုဓမ္မကိုစင်ကြယ်စွာစောင့်ထိန်းကြသည်။ ထိုသို့စောင့်ထိန်းသောကြောင့် တိုင်းပြည်အတွင်း၌ ရာသီဥတုမှန်ကန်ကာ သာယာဝပြောစည်ပင်လျက်ရှိပေသည်။ ဘုရားအလောင်းတော်သည် မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်ခြောက်ဌာနတို့မှာ အလှူမဏ္ဍပ်များဆောက်လုပ်ပြီး ခြောက်သိန်းသော ဥစ္စာများကို စွန့်ပစ်ခြင်းတို့ကို မွေ့လျော်သောကြောင့် ဇမ္ဗူထိပ်၌ကျော်ကြားသူဖြစ်သည်။ တိုင်းသူပြည်သားများမှာလည်း ကုရုဓမ္မဟုခေါ်သော ငါးပါးသီလကို ဆောက်တည်ကြသူများဖြစ်သည်။
ဘုရားအလောင်းတော်၏ တိုင်းပြည်နှင့်မနီးမဝေး ကာလိင်္ဂတိုင်း ဒန္တပူရမြို့တွင် ကာလိင်္ဂမင်း မင်းပြုအုပ်ချုပ်လျက်ရှိသည်။ ထိုမင်း၏တိုင်းပြည်မှာ မိုးရွာသွန်းခြင်း မရှိသောကြောင့် တိုင်းပြည်အတွင်း ငတ်မွတ်ခြင်းဘေး၊ ရောဂါဘေး၊ ရာသီဥတုဖောက်ပြန်သည့် ဘေးသုံးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေချိန်ဖြစ်သည်။
ထိုအခါ တိုင်းသူပြည်သားများက မင်းကြီးထံ ထိုကဲ့သို့ကပ်ဆိုက်နေချိန်တွင် ရှေးမင်းများပြုကျင့်သည့်အတိုင်း ဒါန၊ သီလများပြုပါက မိုးရွာမည်ဖြစ်ကြောင်း လျှောက်ထားကြသည်။ လျှောက်ထားသည့်အတိုင်း ပြုကျင့်သော်လည်း မိုးရွာသွန်းခြင်းမရှိသေးသောကြောင့် ကုရုတိုင်းမှာ ဆင်ဖြူတော်ကိုအလှူခံပြီး သယ်ဆောင်ပါက မိုးရွာနိုင်သည်ဟု ဒုတိယအကြိမ်လျှောက်ထားပြန်သည်။ သို့သော်လည်း ရာသီဥတုမမှန်ကန်သေးပေ။ နောက်ဆုံးတွင် ကုရုတိုင်းမှ ဘုရားအလောင်းတော်အပါအဝင် မယ်တော်၊ မိဖုရား၊ ညီတော် စသည့်မင်းညီမင်းသားများ၊ တိုင်းသူပြည်သားများအားလုံးသည် ကုရုဓမ္မ(ဂရုဓမ္မ)ဟု ခေါ်သော ငါးပါးသီလကို စောင့်ထိန်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ကုရုဓမ္မ(ဂရုဓမ္မ)ခေါ်သော ငါးပါးသီလကို ရွှေပေလွှာမှာကူးစေပြီး ကာလိင်္ဂတိုင်းသူပြည်သားများ၊ ရှင်ဘုရင်၊ မင်းညီမင်းသားများသည် ကုရုဓမ္မကိုစောင့်ထိန်းကျင့်သုံးကြပါမှ ရာသီဥတုမှန်ကန်ပြီး တိုင်းပြည်သာယာဝပြောကာ ဘေးသုံးပါးမှ ကင်းလွတ်ခဲ့လေသည်။
ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ်စောင့်ထိန်းကြသည့် ငါးပါးသီလကိုအကြောင်းပြု၍ တော်သလင်း လပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံးဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု စွဲမှတ်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်လေသည်။ ဂရုဓမ္မဆိုသည်မှာ အထူးထိန်းသိမ်း စောင့်ရှောက်ရသော တရားဖြစ်သည့် သူတစ်ပါးအသက်ကိုသတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးယူခြင်း၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ သူတစ်ပါးသားမယားပြစ်မှားခြင်း၊ အရက်သေစာ မူးယစ်ဆေးဝါး သုံးစွဲခြင်း စသည်တို့ဖြစ်သည်။
ငါးပါးသီလလုံခြုံသော လူတစ်ဦးချင်းမှတစ်တိုင်းပြည်လုံး လုံခြုံအောင်စောင့်ထိန်းခြင်းဖြင့် လွန်စွာသာယာဝပြောသော အခြေအနေကိုဖြစ်ပေါ်စေမည် ဖြစ်သည်။ ငါးပါးသီလဖောက်ဖျက်နေသူများ၊ ပျက်ယွင်းနေသူများအား ငါးပါးသီလလုံခြုံပါက တိုင်းပြည်၏အမှုအခင်းများလည်း လျော့နည်း ပပျောက်နိုင်သည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ တော်သလင်းလအခါကို ကုရုဓမ္မ(ဂရုဓမ္မ)အခါတော်နေ့အဖြစ် သတ်မှတ်ခေါ်ဆိုပြီး ငါးပါးသောသီလစောင့်ထိန်းခြင်းဖြင့် အေးချမ်းစည်ပင်ဝပြောသော သုခအဖြာဖြာတို့ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။
ဆောင်းဝတီ