ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၅
မွန်ပြည်နယ်၊ ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီးပြိုင်ပွဲ ဖွင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင် မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသူများ၊ မြို့မိ မြို့ဖများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြည်နယ်သဘင်အစည်းအရုံးဝင်များ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက မွန်ပြည်နယ်၊ ပြည်နယ်အဆင့် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီးပြိုင်ပွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေ ၄၂၅ သိန်းအား ပြည်နယ် စီးပွားရေးရာဝန်ကြီး က ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး က လက်ခံ ရယူသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က ပြည်နယ်သဘင်အစည်းအရုံး က အောင်စေပိုင်စေ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှု အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။