ကျောင်းကုန်းမြို့နယ်၌ နနွင်းဈေးကောင်းရ၍ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ နနွင်းစိုက် တောင်သူများအနေဖြင့် နနွင်းဈေးကောင်းရ၍ ယခင်နှစ်ထက်ပိုမို တိုးချဲ့စိုက်ပျိုးလာကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
“နနွင်းကို ဇွန်လလောက်က စတင်စိုက်ပျိုးပြီး တစ်ဧကကို နနွင်းမျိုးနှစ်တင်းနှုန်း စိုက်ရပါတယ်။ တစ်လတစ်ခါ ပုံမှန်အစာ ကျွေးရတယ်။ရေဝပ်လို့တော့ မရပါဘူး။ ပေါင်နဲ့စိုက်ပျိုးရပြီး လေးလက်မခြားတစ်ပင် စိုက်ပျိုးရပါတယ်။ အထွက်နှုန်းကတော့ တစ်ဧကကို တင်း ၆၀ မှ ၁၀၀ အထိ ထွက်ရှိနိုင်ပါတယ်။ နနွင်းမျိုးဈေးက တစ်တင်းကို ငွေကျပ် ၁၀၀၀၀ ကျော်ထိရှိပြီး လက်ရှိက နနွင်းတစ်တင်းကို ငွေကျပ် ၄၀၀၀ နှုန်းရှိပါတယ်။ စိုက်ပျိုးစရိတ်နည်းပြီး ဈေးကောင်းရတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေ အဆင်ပြေတာပေါ့”ဟု ကွင်းကြီးကျေးရွာမှ နနွင်းစိုက်တောင်သူ ဦးမျိုးဇော်က ပြောသည်။
ယခင်နှစ်က ကျောင်းကုန်းမြို့နယ်၌ နနွင်းစိုက်ဧက ၆၀ ရှိပြီး ယခုနှစ်တွင် နနွင်းဈေးပိုမို ကောင်းမွန်လာသည့်အတွက် စိုက်ပျိုးသူများ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးလာကြပြီး စုစုပေါင်း နနွင်းစိုက်ပျိုးဧက ၇၀ ကျော်အထိ စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။