ငပုတောမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် ငရုတ်ကောင်း ၁၇၆၉ ဧက စိုက်ပျိုးပြီးစီး
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် ငရုတ်ကောင်း ၁၇၆၉ ဧကကို ဇွန်လ ပထမပတ်မှ စတင်စိုက်ပျိုးရာ လက်ရှိတွင် ဧကအားလုံး စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းမျိုးသန့်၏ ပြောဆိုချက်အရ သိရသည်။
“ဒေသခံတောင်သူတွေက စပါးအပြင် ငရုတ်ကောင်း ၁၇၆၉ ဧကကို စိုက်ပျိုးထား ပြီးဖြစ်ပါတယ်။ အခုလိုစိုက်ပျိုးနိုင်ဖို့ တောင် သူတွေကို ဈေးကွက်ဝင်အထွက်နှုန်းကောင်း ပြီး ဒေသ၊ ရာသီဥတု၊ မြေအနေအထားနဲ့ ကိုက်ညီတဲ့မျိုးစေ့တွေ ရွေးချယ်စိုက်ပျိုးဖို့ ကူညီပံ့ပိုးပေးထားပါတယ်။ တောင်သူတွေ က ဒီနှစ်မှာတော့ ဗဟုသုတတွေ တိုးလာပြီး စားဖိုဆောင်သီးနှံကအစ မျိုးကောင်း မျိုးသန့်တွေကို စနစ်တကျ စိုက်ပျိုးလာကြပါတယ်။ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိဖို့ ငရုတ်ကောင်းကို အရင်နှစ် က လျာထားချက်ဧကအတိုင်း စိုက်ပျိုးနိုင် ခဲ့တာဖြစ်ပါတယ်” ဟု ဦးထွန်းမျိုးသန့်က ပြောသည်။
ငရုတ်ကောင်းကို မျိုးကိုင်းပျိုးထောင်ပြီး အညွန့်ထွက်လာသောအခါ အညွန့်ကို နွားချေးဆွေး သို့မဟုတ် အုန်းဆံမှုန့်ရော နယ်ထားသည့် ပွားစာသုတ်လိမ်း ပေးထား သော ယာယီတွယ်တိုင်တွင် နွယ်တက်စေကာ ပွတက်လာသောနွယ်မှ အဆစ်တိုင်းကို ပွားစာတွင်မြှုပ်ပေးပြီး ယာယီတွယ်တိုင်တွင် ချည်ပေးထားရကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပွားစာထဲတွင် အဆစ်များမှ အမြစ်များ ထွက်လာမည်ဖြစ်ပြီး အဆစ် ခုနစ်ဆစ်မှရှစ်ဆစ်အထိ ရှည်လာသောအခါ မြေမှအထက်သုံးဆစ်ကို ချန်ပြီး ကျန်အဆစ် များကို လေရှူမြစ်များ မထိခိုက်စေဘဲ တစ်ဆစ်စီဖြတ်ယူကာ ပွားစာနှင့်အတူ ပျိုးဘောင်တွင်ဖြစ်စေ၊ ပျိုးအိတ်တွင်ဖြစ်စေ စိုက်ပျိုး ရကြောင်း သိရသည်။