မြစ်ကြီးနားမြို့နယ်၌ ပယင်းများရောင်းအားကျဆင်း

မြစ်ကြီးနား၊ စီးပွားရေး

မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်းရှိ ပယင်းအရောင်းဆိုင်တချို့၌ ယခုကာလတွင် ပယင်းများ ရောင်းအားအလွန်ကျဆင်းလာသဖြင့် ရောင်း/ဝယ်ခြင်းအား ယာယီရပ်နားထားကြောင်း သိရသည်။

အစိုးရက ချမှတ်ပေးထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချနေသော်လည်း ခရီးသွား လာမှုကန့်သတ်ချက်များကြောင့် ပယင်းဆိုင်တချို့မှာ ဈေးဦးမပေါက်သဖြင့် ပိတ်ရသည့်ဆိုင်များ ပင်ရှိကြောင်း၊ ယခုကာလတွင် ပြည်တွင်းပြည်ပခရီးသွားလာမှု များနည်းပါးသွားပြီး မြန်မာပြည် အောက်ပိုင်းမှ ဘုရားဖူးများလည်း လာရောက်မှုမရှိတော့ကြောင်း၊ ယခင်က တစ်နေ့လျှင် Express ကား လေး၊ ငါးစီးလောက် လာရောက်သဖြင့် တစ်နေ့လျှင် ငွေကျပ် နှစ်သိန်းခန့် ရောင်းရကြောင်း ပယင်းရောင်းဝယ်နေသူတစ်ဦးထံမှ သိရသည်။ တချို့ပယင်းရောင်းသူများအနေဖြင့် အွန်လိုင်းပေါ်မှာ သာရောင်းဝယ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပယင်းကျောက်သည် လူတန်းစားအလွှာ မျိုးစုံကြိုက်နှစ်သက်သော လှပ၍ပေါ့ပါးသည့် ရတနာ တစ်ခုဖြစ်သည်။ ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းလွင်ပြင်ဒေသ မိုင်းခွန်ဒေသမှ ထွက်ရှိမှု သည် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှလည်း ထွက်ရှိကြောင်း သိရ သည်။

ပယင်းကျောက်ကို လက်ဝတ်ရတနာ အဖြစ်လည်းကောင်း၊ ကျန်းမာရေး ဆေးဘက်ဆိုင်ရာ  အထောက်အကူပြု ပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုကြပြီး ဟူးကောင်းလွင်ပြင်ဒေသ တနိုင်းဘက်အခြမ်းထွက်ရှိသည့် ပယင်းများမှာ လူကြိုက်အများဆုံး ပယင်းကျောက်များဖြစ်ကြောင်း သိရသည်။ 

(၄၀၃)