ရုရှားနိုင်ငံထုတ် လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကစီစဉ်ကြီးမှူးတဲ့ ARMY 2022  အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်ကို သြဂုတ် ၁၅ ရက်ကနေ  ၂၁ ရက်အထိ ရုရှားနိုင်ငံကလက်ခံကျင်းပ ခဲ့ပါတယ်။ အဲဒီရက်တွေမှာပဲ   Army International Games နဲ့ ၁၀ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ  မော်စကို ညီလာခံကိုလည်း    တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပါသေးတယ်။

ARMY 2022  အစီအစဉ်တွေကို အလာဘီနိုတပ်မတော် လေ့ကျင့်ရေးကွင်းရှိ ကူဘင်ကာလေယာဉ်ကွင်းရဲ့  ပတ်ထရီး ယော့ကွန်ဗင်းရှင်းနှင့်     ပြပွဲစင်တာနဲ့ စစ်ခရိုင်များအားလုံး  အတွင်းမှာသာမက မြောက်ပိုင်း ရေယာဉ်စုမှာပါ ကျင်းပခဲ့တာပါ။ ကြည်းတပ်ဖိုရမ်ဆိုတာ အစဉ်အလာအားဖြင့်တော့  နောက်ဆုံးပေါ် စစ်လက်နက် ပစ္စည်းများစွာကိုခင်းကျင်းပြသပြီး ဆက်စပ်ကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့  အရေးအကြီးဆုံးသော အပြည်ပြည်ဆိုင်ရာစင်္ကြံတစ်ခုဖြစ်ပါတယ်။

အထူးသဖြင့်   ဒီနှစ်မှာထုတ်ဖော်ပြသ လိုက်တဲ့ စစ်လက်နက်ပစ္စည်းအသစ်အဆန်း များထဲမှာ ဝေဟင်မှ ပစ်ခတ်နိုင်တဲ့ ဘက်စုံ သုံးကိုယ်ပျောက်တိကျပဲ့ထိန်းလမ်းညွှန်စနစ်ပါ  Kh-69 အနိမ့်ပျံဒုံးကျည်၊ Viking SAM System ရဲ့ပစ်မှတ်ရှာရေဒါ၊ Planshet-M-IR ရွေ့လျားအလိုအလျောက်ပစ်သေနတ်/စိန်ပြောင်း/MRL ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်နဲ့   လျှပ်စစ်-မျက်မြင် စနစ်ပါ ဘက်စုံသုံးမျိုးဆက်သစ် Orlan-30 အမျိုးအစား မောင်းသူမဲ့လေယာဉ်စနစ်တို့ ပါဝင်ပါတယ်။

ပင်မပြပွဲခန်းမများရှေ့တည့်တည့်မှာ နေရာချထားတဲ့    ပဉ္စမမျိုးဆက်တိုက်လေယာဉ်  ှက-၅၇ ကိုတော့  ပြပွဲလာဧည့်ပရိသတ်များက   မျက်စိကျစိတ်ဝင်စားမှု အရှိဆုံးပါပဲ။ ဖိုရမ်မှာခင်းကျင်းပြသသွားတဲ့ စစ်လက်နက် ပစ္စည်းနဲ့ စစ်သုံးပစ္စည်းအမျိုး အစားပေါင်း ၁၀၀၀ ကျော်ရှိပြီး  ပြပွဲလာဧည့်ပရိသတ် စုစုပေါင်းကတော့ နှစ်သန်းနီးပါးရှိပါတယ်။

စစ်သုံးပစ္စည်းများ၊  ဘက်စုံသုံးပစ္စည်းများ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများ အားလုံးကို တင်သွင်းခြင်း၊ တင်ပို့ခြင်းတို့အတွက် တစ်ခုတည်းသော နိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ Rosoboronexport  က ပြပွဲကာလ တစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများစွာကို ပြုလုပ်နိုင်ကာ   ဆွေးနွေးမှုရလဒ်များကို လည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ  Rosoboronexport က ကြည်းတပ်ဖိုရမ်ရဲ့ ဘေးပန်းအနေနဲ့ လုပ်ငန်းအစီအစဉ်များစွာကို စီစဉ်နိုင်ခဲ့ပါတယ်။     မိမိတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုစုစုပေါင်း ၇၀ ကျော်ပြုလုပ်ခဲ့ပြီး ဒီအတောအတွင်း   မိတ်ဖက်နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များနဲ့ စစ်ဘက်-နည်းပညာဆိုင်ရာ ကိစ္စများစွာကို ဆွေးနွေးခဲ့ပါတယ်။ မိမိတို့အနေနဲ့ တင်ပို့မှုစာချုပ်များစွာကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅  ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူစာချုပ်များအတွက်  အခြေခံအုတ်မြစ်များကိုလည်း  ချမှတ်နိုင်ခဲ့ပါသေးတယ် လို့ Rosoboronexport  မှ ညွှန်ကြားရေးမှူးချုပ် အလက်ဇန်းဒါးမီခိက  ပြောပါတယ်။

ထို့အပြင် ကုမ္ပဏီအနေနဲ့ ဖိုရမ်သို့လာရောက်သူ မိတ်ဖက်ကိုယ်စားလှယ်များကိုလည်း ရုရှားထုတ်ကုန် အမျိုးပေါင်း ၃၅၀ ခန့်ကိုပြသနိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်များ အနေနဲ့ စိတ်ဝင်စားမှုအများဆုံးကတော့ Su-57E ပဉ္စမမျိုးဆက်တိုက်လေယာဉ်၊ T-14 Armata တင့်၊ Ka-52E တိုက်ခိုက် ရေးရဟတ်ယာဉ်၊ Tor-E2 SAM စနစ်၊ Kornet-E ATGM စနစ်နဲ့ K-17 Boo-merang ခြေလျင်တင်တိုက်ခိုက်ရေးယာဉ် တို့ဖြစ်ပါတယ်လို့ သူကဆက်ပြောပါတယ်။

Rosoboronexport  က ရုရှားဖက် ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ ပူးပေါင်းဖန်တီးထားတဲ့ ဖြစ်နိုင် ဖွယ်အခြေအနေတစ်ခုအပေါ် မူတည်ပြီး ရုရှားသံချပ်ကာယာဉ်များနဲ့ လေကြောင်း ရန်ကာကွယ်ရေး စနစ်များ လက်တွေ့သရုပ်ပြသမှုကို အလာဘီနိုလေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလက်တွေ့ သရုပ်ပြသမှုထဲမှာ BMD-4M လေကြောင်း ချီချေမှုန်းရေးယာဉ်၊ K-17 Boomerang ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်တို့ အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးပေါင်း ၁၉ မျိုးရဲ့ လှုပ်ရှားသွားလာနိုင်မှုနဲ့  ပစ်ခတ်မှု စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ရုရှားနိုင်ငံကို ဖယ်ကြဉ်ထားဖို့ စဉ်ဆက်မပြတ်ရည်ရွယ်ထား ပေမယ့်လည်း  Rostec  ကုမ္ပဏီကတော့ စစ်ဘက်-နည်းပညာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ ဆက်လက်ပါဝင်ဆောင်ရွက် နေဦးမှာပါ။ ဒီနှစ်မှာဆိုရင် မိမိတို့အနေနဲ့ ရူဘယ် ၁ ထရီလီယံတန်ဖိုးရှိတဲ့ သဘောတူစာချုပ်တွေကို ပြည်ပမှ ဝယ်လက်များစွာနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးပါပြီလို့ ျွသျအနခ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဆာဂျီ ချီမီဇော့ကပြောပါတယ်။ အခုဖိုရမ်အတွင်းချုပ်ဆိုလိုက်နိုင်တဲ့ စာချုပ်များရဲ့တန်ဖိုးက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နှစ်စဉ်ချုပ်ဆိုနိုင်ခဲ့ တဲ့ သဘောတူစာချုပ်တွေထက်ကို များစွာ သာလွန်နေပါတယ်။

ဒါကိုကြည့်ပြီးဆိုရမယ်ဆိုရင် ယူကရိန်းမှာလုပ်တဲ့ ရုရှားနိုင်ငံရဲ့အထူးစစ်ဆင်ရေး အတွင်း ရုရှားလက်နက်တွေရဲ့ ထိရောက်မှုကို မြင်တွေ့ရပြီးနောက် ပြည်ပမိတ်ဖက် နိုင်ငံများက ရုရှားနိုင်ငံထုတ်လက်နက်တွေကို ပိုမိုသဘောကျလာတယ်ဆိုတာ ထင်ရှားနေပါတယ်လို့ စစ်ဘက်-နည်းပညာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ   ရုရှားဖက်ဒရယ် လုပ်ငန်းအဖွဲ့ညွှန်ကြားရေးမှူး ဒီမီထရီရှူ ဂါအက်ကပြောပါတယ်။

ယူကရိန်းနိုင်ငံမှာလုပ်တဲ့ အထူးစစ်ဆင်ရေးကြောင့် ပြည်ပမိတ်ဖက်နိုင်ငံတွေအနေနဲ့ ရုရှားလက်နက်များအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ အများစုက ရရှိနိုင် တဲ့အချက်အလက်များအပေါ်မူတည်ပြီး တိုက်ပွဲအတွင်း လက်နက်တွေရဲ့ထိရောက် မှုကို    ချင့်ချိန်တွက်ချက်လာကြတာပါ။

ဒါ့အပြင်  ရုရှားနိုင်ငံထုတ်စစ် လက်နက်ပစ္စည်းများရဲ့  မြင့်မားတဲ့အရည်အသွေး၊ အားကိုးယုံကြည်နိုင်မှု၊    ခံနိုင်ရည်ရှိမှုနဲ့ ပြုပြင်ထိန်းသိမ်းရ လွယ်ကူမှုတို့ကြောင့် အာဖရိက၊ လက်တင်အမေရိကနဲ့ ကမ္ဘာကြီးရဲ့ တခြားဒေသများမှ  အလားအလာရှိတဲ့ ဝယ်လက်များရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်လို့   ဒီမီထရီရှူဂါအက်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာဆိုရင်   ပြည်ပမိတ်ဖက်နိုင်ငံများနဲ့ သဘောတူညီချက်အရနဲ့ သင်္ဘောထွက်ခွာမှု အချိန်ဇယားများအရ စစ်လက်နက်ပစ္စည်းများစွာကို တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်းအနေနဲ့ ပြောရရင် အဲဒီစစ်လက်နက်ပစ္စည်းတွေကို နိုင်ငံပေါင်း ၃၀ ကျော်ဆီတင်ပို့ခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

နောက်ဆုံးပေါ်ထုတ်ကုန်များ

ဒီနှစ်အတွက်စိတ်ဝင်စားဖွယ်အကောင်းဆုံးကတော့ Su-57 ပဉ္စမမျိုးဆက်တိုက်လေယာဉ်စနစ်ကို  ပတ်ထရီးယော့စင်တာအဆောက်အအုံဘေးနားမှာ  လက်တွေ့သရုပ်ပြသမှုပဲဖြစ်ပါတယ်။  Su-57 အဆင့်မြင့်  ဘက်စုံသုံးတိုက်လေယာဉ်ဟာဆိုရင် ခေတ်မီအဆင့်မြင့်ပဲ့ထိန်းနဲ့   ပဲ့ထိန်းမပါတဲ့  လက်နက်တွေအသုံးပြုပြီး ဝေဟင်၊ မြေပြင်၊ ရေပြင်ပစ်မှတ်တွေကို   နေ့ရောညပါတိုက်ခိုက်နိုင်စေဖို့အတွက် ရည်ရွယ်ဒီဇိုင်းရေး ဆွဲထားတာပါ။  အဲဒီတိုက်လေယာဉ်မှာ နောက်ဆုံးပေါ်ပျံသန်းမှုထိန်းချုပ်ရေး အီလက်ထရွန်နစ်စနစ်များ၊ စစ်လက်နက်ပစ္စည်းများနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးစနစ်များကို တပ်ဆင်ထားပါတယ်။

လေယာဉ်ရဲ့ စစ်လက်နက်ပစ္စည်းစာရင်းထဲမှာဆိုရင်  ARMY 2022ရဲ့ အဆန်းသစ်ဆုံး လက်နက်ဖြစ်တဲ့အပြင် နည်းဗျူဟာမြောက်ဒုံးလက်နက်ကော်ပိုရေးရှင်း(KTRV))ရဲ့ ပြပွဲပစ္စည်းဖြစ်တဲ့ ဝေဟင်မှပစ်ခတ်နိုင်သော ဘက်စုံသုံး ကိုယ်ပျောက်တိကျပဲ့ထိန်း လမ်းညွှန်စနစ်ပါ Kh-69 အနိမ့်ပျံဒုံးကျည်ပါပဲ။ KTRV  ရဲ့တရားဝင် ထုတ်ပြန်ချက်ပါ အချက်အလက်တွေကို ကိုးကားပြောရမယ်ဆိုရင် Kh-69 ဟာ မြေပြင်အထိုင်ပစ်မှတ် အမျိုးမျိုးကိုဖျက်ဆီးနိုင်ဖို့    ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

သူ့ကိုမပစ်ခတ်ခင် မတူညီတဲ့ပစ်မှတ်များဆီ ချိန်ရွယ်ထားနိုင်စေဖို့အတွက် ဒုံးကျည် ထိန်းချုပ်ရေးစနစ်ထဲကို လေကြောင်းပျံသန်းမှုများစွာ ထည့်သွင်းထားနိုင်ပါတယ်။ Kh-69 ရဲ့စစ်ဆင်နိုင်မှုအကွာအဝေးက ကီလိုမီတာ ၂၉၀ ဖြစ်ပြီး မြေပြင်အထက် မီတာ ၅၀ ကနေ ၃၀၀ အတွင်းမှာ တစ်နာရီကို ကီလိုမီတာ ၇၅၀ ကနေ ၁၀၀၀ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

ARMY 2022 မှာထုတ်ဖော်ပြသပြီး လူကြိုက်အများဆုံးဖြစ်တဲ့ ရုရှားစစ်လက်နက် ပစ္စည်းတစ်ခုကတော့   Armata ဘက်စုံတိုက်ပွဲဝင်စနစ်အပေါ်မှာအခြေခံထားတဲ့ T-14 တင့်ပါပဲ။

တင့်ကို    မမျှော်မှန်းထားတဲ့ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် T-14 မှာဆိုရင် လူမဲ့ဆုံလည် တစ်ခုပါဝင်ပြီး တင့်အဖွဲ့သားတွေက အရင်လိုခဲယမ်းတွေနဲ့ အတူတူမနေရတော့ဘဲ သီးခြားခွဲထွက်ထားတဲ့ သံချပ်ကာ အခန်းငယ်ထဲမှာနေရမှာပါ။  ဒီတင့်ကို  သွက်လက်တက်ကြွတဲ့ကာကွယ်မှုစနစ်နဲ့ ပေါက်ကွဲမှုကို တုံ့ပြန်မှုရှိတဲ့ သံချပ်ကာအပြင် စွမ်းအားမြင့်စက်အမြောက်ကြီးနဲ့ အလိုအလျောက်ကျည်ထိုးစနစ် ပါဝင်တဲ့ အဝေးထိန်းလက်နက်စခန်းတို့နဲ့  တည်ဆောက်ထားတာပါ။ လျှပ်စစ်-မျက်မြင် ကင်းထောက်စနစ်များ၊ ချိန်ရွယ်ပြီးပစ်မှတ်ရှာဖွေတဲ့ဆင်ဆာများကိုလည်း  ဆုံလည်နဲ့ တင့်ကိုယ်ထည်ပတ်ပတ်လည်မှာ တပ်ဆင်ထား ပါတယ်လို့  T-14 တင့်ကိုထုတ်လုပ်သူ အူရယ်ဗာဂွန်ဇာဗော့ကော်ပိုရေးရှင်းရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လေယာဉ်

ယူနိုက်တက်လေယာဉ်ကော်ပိုရေးရှင်းရဲ့ စစ်သုံးလေယာဉ်အမျိုးအစားများအားလုံးနီးပါးဖြစ်တဲ့ Su-34၊ Su-35 ၊ Su-57 ၊ Su-30SM ၊ Yak-130လ Il-78MK-90A ၊ Il-76MD-90A ၊ MiG-35 ၊ MiG-29K ၊ Be-200အစရှိတဲ့  လေယာဉ်များလည်း ARMY 2022 မှာ ပါဝင်ပြသခဲ့ပါတယ်။

အကောင်းဆုံး လှုပ်ရှားစစ်ကစားနိုင်စွမ်းရှိတဲ့ ဘက်စုံသုံး Su-30SM တိုက်လေယာဉ်ကတော့  သူ့ရဲ့စွမ်းဆောင်ရည်ကို သရုပ်ပြသခဲ့ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကောင်းစွာ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိတဲ့   ဒီတိုက်လေယာဉ်ဟာ သူ့မှာ ပါဝင်တပ်ဆင်ထားတဲ့ အကြီးစားလက်နက်များကြောင့်  အကောင်းဆုံးတိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားရုံသာမကဘဲ အနီးကပ်ဝေဟင်တိုက်ပွဲမှာ ရန်သူ့အပေါ် လွှမ်းမိုးနိုင်တဲ့ အကောင်းဆုံးသောလှုပ်ရှားစစ်ကစားမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ရုရှားကျွမ်းကျင်ပညာရှင်တွေကတော့ ဒီတိုက်လေယာဉ်နဲ့  တခြားဆူခွိုင်းတိုက်လေယာဉ်များမှာပါတဲ့ အဓိကအားသာချက်များနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုပြောထားပါတယ်။ အဲဒီအားသာချက်တွေကတော့ ချေမှုန်းနိုင်စွမ်းမြင့်မားတဲ့ ပဲ့ထိန်းဒုံးကျည်များနဲ့ ပဲ့ထိန်းမပါတဲ့ဒုံးသီးများအပြင် ၃၀ မီလီမီတာ အော်တိုစက်အမြောက်ပါဝင်မှု၊ အခြေစိုက်စခန်းသို့ အလိုအလျောက်ပျံသန်းနိုင်မှုနဲ့ ဝေဟင်ဆီဖြည့်နိုင်စွမ်း၊ ပျံသန်းမှု ထိန်းချုပ်ရေးလေယာဉ်နည်းပညာများနဲ့ လက်နက်စနစ်များကို လိုအပ်သလိုတပ်ဆင် နိုင်မှုတို့ပဲဖြစ်ပါတယ်။

စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်အပိုင်းမှာဆိုရင်လည်း  ရုရှားနိုင်ငံထုတ်လေယာဉ်အသစ်ဖြစ်တဲ့ Il-76MD-90A စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ကိုလည်း ပြသခဲ့ပါတယ်။ အဲဒီလေယာဉ်က ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့ Il-76MD လေယာဉ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး အလားတူ  လေယာဉ်အမျိုးအစားကို နောက်ထပ်အဆင့်မြှင့်တင်မှုတွေ လုပ်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တောင်ပံကို အဆင့်မြှင့်တင်ခြင်း၊ D-30KP-2  အင်ဂျင်များအစား ဆီစား သက်သာပြီး အသံထွက်ငြိမ်ကာ စွမ်းဆောင်ရည်မြင့်မားတဲ့ PS-90A-76 အင်ဂျင်များ ကိုတပ်ဆင်ထားခြင်းတို့ကြောင့် ခရီးဝေးပျံသန်းနိုင်စွမ်း ပိုမိုမြင့်မားပါတယ်။

Ka-52 ကင်းထောက်/တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုလည်း ARMY 2022 မှာထည့်သွင်းပြသခဲ့ပါတယ်။ သင်္ဘောတင်အမျိုးအစားဖြစ်တဲ့  Ka-52K Katran အမျိုးအစားအနေနဲ့ပါ။ သူ့ကိုသင်္ဘောများအပေါ်မှာ သာမက  မြေပြင်ပေါ်မှာလည်း အသုံးပြုနိုင်ပြီး လေယာဉ်မှူးခုန်ထွက်မှုနဲ့ ဒဏ်ထိန်းစနစ် တစ်ခုကိုလည်း  တပ်ဆင်ထားပါတယ်။

ဖိုရမ်မှာပြသခဲ့တဲ့ နောက်ထပ်စစ်လက်နက်ပစ္စည်းတစ်မျိုးကတော့ Mi-28NE တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပါတယ်။ သူ့မှာ နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည်စနစ်များ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင်မောင်းသူမဲ့ လေယာဉ်များနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်တဲ့စနစ်ကိုလည်း ထည့်သွင်းထားတာကြောင့် လေကြောင်းရန် ကာကွယ်ရေးစနစ်က ဖော်ထုတ်တွေ့ရှိတဲ့ ရန်သူ့ပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင်စွမ်းရှိပါတယ်။

Mi-28NE နံဘေးမှာပြသထားတဲ့ စစ်လက်နက်ကတော့ Mi-35P သယ်ယူပို့ဆောင်ရေး/တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး သူ့ကို Mi-24P ရဟတ်ယာဉ်ပေါ်မှာ အခြေခံတည်ဆောက်ထားတာပါ။ သူ့အနေနဲ့ Mi-24P မှ အားသာချက်များဖြစ်တဲ့  သာလွန်တဲ့အမြန်နှုန်း၊  သယ်ယူပို့ဆောင်ရေး/တိုက်ခိုက်ရေးစွမ်းဆောင်ရည်များနဲ့  တိုက်ပွဲမှာ  ရှင်သန်နိုင်စွမ်းလုပ်ဆောင်ချက်များကို  အမွေဆက်ခံထားပါတယ်။ Mi-35Pမှာ ပဲ့ထိန်း လက်နက်များနဲ့ President-S လေကြောင်းချီကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကိုလည်း တပ်ဆင်နိုင်ပါတယ်။ Mi-35Pရဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ ကုန်းမြင့်ဒေသများမှာ သာမက ပူပြင်းတဲ့ ရာသီဥတုဖြစ်စေ၊ စိုစွတ်တဲ့ရာသီဥတုဖြစ်စေ ဘယ်လိုအခြေအနေမှာမဆို   စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်းရှိတာပါပဲ။

Orlan-30 မောင်းသူမဲ့လေယာဉ်ဆိုရင်လည်း သူ့ကိုပေးအပ်မယ့်တာဝန်များအပေါ် လိုက်ပြီး အမျိုးမျိုးသော စစ်ဆင်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင် ပါတယ်။ အဲဒီတာဝန်တွေထဲမှာ ကင်းလှည့်ခြင်း၊ ကင်းထောက်ခြင်း၊ တိကျလက်နက် များကိုလမ်းညွှန်ခြင်း၊ ပစ်မှတ်ဖော်ပြခြင်း၊ တိုက်ခိုက်မှုပြီးနောက် လေ့လာဆန်းစစ်ခြင်း အစရှိသဖြင့်ပါဝင်ပါတယ်။ သူ့ကိုအထူးပြုလုပ်ထားတဲ့သေတ္တာနဲ့ ပို့ဆောင်နိုင်ပါ သေးတယ်။

ခြေလျင်တပ်ဖွဲ့သုံးစစ်လက်နက်ပစ္စည်းများ

အမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ARMY 2022   ဖိုရမ်က  တင့်တွေကိုပဲ ဦးစားပေး ပြသတယ်ဆိုသော်ငြားလည်း တကယ်တမ်းမှာ အမျိုးမျိုးသောသံချပ်ကာယာဉ်များကို အကန့်အသတ်ရှိတဲ့နေရာလေးတစ်ခုမှာ ရှားရှားပါးပါးတွေ့မြင်ရတာဖြစ်ပါတယ်။

အူရယ်ဗာဂွန်ဇာဗော့က အဆင့်အမြင့်ဆုံးသော သံချပ်ကာယာဉ်ဖြစ်တဲ့ Armata စနစ်ပေါ်မှာ တည်ဆောက်ထားတဲ့ T-14 MBT၊ T-90MS MBTနဲ့  BMPT-72 တင့်ပစ်ကူပေးယာဉ်တို့ကို ARMY 2022 မှာ ထည့်သွင်းပြသခဲ့ပါတယ်။

T-90MS က T-90 အမျိုးအစားထဲမှာ နောက်ဆုံးပေါ်တင့်ဖြစ်ပြီး တာဂေးမြို့မှာထုတ်လုပ်တဲ့ တိုးတက်မှု အရှိဆုံးသော သံချပ်ကာယာဉ်များအတွက် နောက်ထပ်စံနမူနာပြတစ်ခုဖြစ်ပါတယ်။   အဆင့်မြှင့်တင်မှုကိုတော့ အဆင့်အားလုံးမှာလုပ်ဆောင်ထားတာ ဖြစ်တဲ့အတွက် T-90MS ကို လုံးဝအသစ်ဖြစ်တဲ့ တိုက်ယာဉ်တစ်စင်းအဖြစ် မှတ်ယူနိုင်ပါတယ်။ သူ့မှာ ဆုံလည်အသစ်၊ အဆင့်မြှင့်တင်ထားတဲ့ စက်စွမ်းအားနဲ့ဂီယာစနစ်များအပြင်   ကိုယ်ထည်တို့ပါဝင်ကာ သံချပ်ကာအကာအကွယ်ပေးနိုင်မှုကိုလည်း အဆင့်မြှင့်ထားပါတယ်။

သူ့မှာပါဝင်တဲ့   အလိုအလျောက်လက်နက်စခန်းကိုတော့  သေနတ်သမားအတွက် ဘက်ပေါင်းစုံ မြင်ရတဲ့ မြင်ကွင်းနဲ့ တိုက်ယာဉ်မှူးအတွက်  မြင်ကွင်းကျယ်မြင်ကွင်းတို့ကိုလည်း ပေါင်းစပ်တပ်ဆင် ပေးထားပါတယ်။   ဒီအတွက်ကြောင့် တိုက်ယာဉ်မှူးအနေနဲ့ ပတ်ဝန်းကျင် အခြေအနေများနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် များစွာကို   ရရှိနိုင်ရုံသာမကဘဲ တိုက်ယာဉ်ရဲ့လက်နက်စနစ်များကိုလည်း အကောင်းဆုံး ထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

အလိုအလျောက်လက်နက်စခန်းက အသစ်တည်ဆောက်ထားတဲ့ ယာဉ်များအပြင် ပြီးခဲ့တဲ့နှစ်တွေမှာ အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများအဆင့်မြှင့်တင်မှုအတွက်လည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

BMPT-72 ကတော့ အနားပေးလိုက်ပြီဖြစ်တဲ့ T-72 တင့်များကို စွမ်းဆောင်ရည်မြင့် တိုက်ယာဉ်အဖြစ်ပြောင်းလဲမယ့် စိတ်ကူးအပေါ်မှာအခြေခံထားတာပါ။ ဒီအတွက်ကြောင့် တစ်ခေတ်တစ်ခါက အများဆုံးထုတ်လုပ်ထားတဲ့ T-72 တင့်တွေကို အသုံးပြုနေတဲ့ နိုင်ငံပေါင်း ၅၀ နီးပါးအနေနဲ့ သူတို့ရဲ့ ကြည်းတပ်တွေကို   ဈေးကြီးတဲ့သံချပ်ကာယာဉ်အသစ်တွေမဝယ်စေဘဲ ခေတ်အမီဆုံး စွမ်းဆောင်ရည်မြင့်သော၊ လှုပ်ရှားသွားလာနိုင်စွမ်းရှိသော၊ အမြင့်မားဆုံးကာကွယ်မှုကို ပေးနိုင်စွမ်းရှိသော တပ်ဖွဲ့အဖြစ်သို့ အဆင့်မြှင့်တင်ရာမှာ လျင်လျင်မြန်မြန်နဲ့ ကုန်ကျစရိတ်နည်းစွာ ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ရေးအလုပ်ရုံနဲ့ လိုအပ်တဲ့ပစ္စည်းပစ္စယများရှိတယ်ဆိုရင် T-72 တင့်တွေကို BMPT-72 တင့်များအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲမှုကို သက်ဆိုင်ရာအိမ်ရှင်နိုင်ငံအတွင်းမှာပင် လုပ်ဆောင်နိုင်ဦးမှာဖြစ်ပါတယ်။

High Precision Systems ကုမ္ပဏီက မြေပြင်နဲ့ဝေဟင်ပစ်မှတ်များကိုတိုက်ခိုက်နိုင်ရေးအတွက် ရည်ရွယ်ပြီး လှိုင်းနှုန်းဖိဖျက်မှုကို ခံနိုင်ရည်ရှိတဲ့ လေဆာအလင်းတန်း ထိန်းချုပ်ရေးစနစ်ပါ ရွေ့လျားနေ့/ည တိကျ ပဲ့ထိန်းတာဝေးပစ် ဒုံးကျည်စနစ်ဖြစ်တဲ့ Kornet-EM ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ထိရောက်မှု အကွာအဝေးက ၁၀ ကီလိုမီတာ ရှိပြီး   ပစ်မှတ်နှစ်ခုကို တစ်ပြိုင်နက်တည်း  ပစ်ခတ်နိုင်ပါတယ်။

ဒါ့အပြင် အဲဒီကုမ္ပဏီက Planshet-M-IR ရွေ့လျားအလိုအလျောက်ပစ် သေနတ်/စိန်ပြောင်း/MRL ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကိုလည်း   ပြသခဲ့ပါသေးတယ်။  အဲဒီစနစ်က  ရုရှားနိုင်ငံထုတ်မောင်းသူမဲ့ လေယာဉ်များ အားလုံးနဲ့ ကိုက်ညီမှုရှိတဲ့စနစ်ဖြစ်ပေမယ့် တခြားထိန်းချုပ်ရေး စနစ်များနဲ့လည်း ပေါင်းစပ်နိုင်ပါသေးတယ်။

Kalashnikov Concern ကုမ္ပဏီက တိုက်ပွဲဝင်နဲ့အရပ်ဘက်သုံး နောက်ဆုံးပေါ်လက်နက်ငယ်များ၊ ဒုံးကျည်နဲ့အမြောက်လက်နက်များအပြင် အထူးစစ်လက်နက်ပစ္စည်းများ၊ မောင်းသူမဲ့လေယာဉ်များကို ARMY 2022 မှာ ပါဝင်ပြသခဲ့ပါတယ်။

အဲဒီဖိုရမ်အတွင်းမှာ AK-308 ချေမှုန်းရေးရိုင်ဖယ်၊ Chukavin လက်ဖြောင့်ရိုင်ဖယ်၊ PPK-20 Kalashnikov စက်သေနတ်လေးနဲ့ AK-12 ချေမှုန်းရေးရိုင်ဖယ်အဆင့်မြှင့်ပုံစံတို့ အကြောင်းကို တင်ပြခဲ့ပါတယ်။

ဒီနှစ်ရဲ့စစ်လက်နက်ပစ္စည်းများပြပွဲမှာ အဓိကပြသသွားတာတွေကတော့ အထူးတပ်ဖွဲ့များအသုံးပြုတဲ့ လက်နက်စနစ်အမျိုးမျိုးဖြစ်ပါတယ်။ အဲဒီထဲမှာ ကျည်ကာအင်္ကျီနဲ့ ကာကွယ်ထားတဲ့လှုပ်ရှားပစ်မှတ်နဲ့ သံချပ်ကာမဟုတ်တဲ့ယာဉ်ပေါ်က  ပစ်မှတ်ကို မီးညွန့်မထွက်၊ အသံမထွက်စေဘဲချေမှုန်းနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ VSS အထူးထုတ် အသံတိတ်ရိုင်ဖယ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ SR.3M အပေါ့စားအဆင့်မြင့်ချေမှုန်းရေးရိုင်ဖယ်၊ မီတာ ၁၀၀ အတွင်းရှိ ကျည်ကာအင်္ကျီ ဒါမှမဟုတ် စစ်သုံးသံမဏိဦးထုပ်ကို  ဖောက်ထွင်းမှုနဲ့အတူ လှုပ်ရှားပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင်စွမ်းရှိတဲ့  ကမ္ဘာ့အကောင်းဆုံးပစ္စတိုတစ်မျိုးဖြစ်တဲ့  SR. 1M၊  Lobaev နဲ့ ORSIS တာဝေးပစ်ရိုင်ဖယ် အမျိုးမျိုးတို့ ပါဝင်ပါတယ်။

Rosoboronexport အနေနဲ့ PTKM-1R စမတ်တင့်ဖျက်မိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ PTKM-1R တင့်ဖျက်မိုင်းက သံချပ်ကာယာဉ်များကိုရွေးချယ်ပြီး ချေမှုန်းနိုင်စွမ်းရှိပါတယ်။   ဒီလိုရွေးချယ်နိုင်ဖို့အတွက် တခြားသော နည်းလမ်းတွေနဲ့မတူတာက သတ်မှတ်ထားတဲ့ပတ်ပတ်လည်ရှိ ဆူညံသံတွေနဲ့  မြေပြင်တုန်ခါမှုတွေကို သိရှိခြင်း နည်းလမ်း အသုံးပြုထားတာပါ။

ရေတပ်သုံးလက်နက်များ

တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးစနစ်များအမျိုးမျိုးကိုလည်း  ARMY  2022 ရဲ့ရေတပ်သုံးလက်နက်များကဏ္ဍမှာ ပြသခဲ့ပါတယ်။  အဓိကကတော့  Tactical Missile  Weapons ကော်ပိုရေးရှင်းနဲ့ Almaz-Antey   ကော်ပိုရေးရှင်းတို့က ထုတ်လုပ်တဲ့ လက်နက်များ ဖြစ်ပါတယ်။

KTRV ကတင်ပြတဲ့ UGST ဘက်စုံသုံးပင်လယ်နက်ပစ်မှတ်တိုက်ခိုက်ရေးတော်ပီဒိုဆိုရင် သူ့ကို ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများမှာတပ်ဆင်ထားတဲ့ ၅၃၃ မီလီမီတာ တော်ပီဒိုပစ်လွှတ်ပေါက်ကနေ ပစ်လွှတ်နိုင်ပါတယ်။ UGST တော်ပီဒိုရဲ့သူမတူတဲ့လုပ်ဆောင်မှုတစ်ခုက မော်ဂျူးပုံစံဒီဇိုင်းဖြစ်ပြီး   အဆင့်အမျိုးမျိုးကို စိတ်ကြိုက်ဖန်တီးနိုင်တာကြောင့်  ဘယ်လိုရေတပ်စနစ်သုံး လက်နက်စနစ်တွေနဲ့မဆို အမြန်ဆုံးပေါင်းစပ်နိုင်ခြင်းပဲဖြစ်ပါတယ်။

သူ့ရဲ့ထိရောက်မှုအကွာအဝေးက ကီလိုမီတာ ၅၀ ရှိပါတယ်။

PAKET-E/NK ဆိုတာ ရုရှားနိုင်ငံထုတ် ရေငုပ်သင်္ဘောဖျက်စနစ်ဖြစ်ပြီး သူ့မှာတိုက်ခိုက်ရေးစနစ်နဲ့ ခုခံကာကွယ်ရေးစနစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။  စစ်ရေယာဉ်အနီးအနားမှာရှိတဲ့ ရေငုပ်သင်္ဘောများကို ဖျက်ဆီးဖို့နဲ့ စစ်ရေယာဉ်ဆီကိုပစ်လွှတ်လိုက်တဲ့  တော်ပီဒိုကိုဖျက်ဆီးဖို့အတွက် သူ့ကိုဒီဇိုင်းရေးဆွဲထားတာပါ။ သူ့မှာထိန်းချုပ်ရေးစနစ်တစ်ခု၊ ဆိုနာစနစ်တစ်ခု၊ အသေးစားအပူငွေ့ရှာတော်ပီဒိုများ၊ တော်ပီဒိုဖျက် လက်နက်များနဲ့အတူ အလုံးပုံစံလောင်ချာနှစ်ခုပါဝင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်များကြောင့် သူ့အနေနဲ့ စစ်သင်္ဘောကိုတိုက်ခိုက်လာတဲ့   ရေငုပ်သင်္ဘောနဲ့တော်ပီဒိုများကို ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားက သေးငယ်လွန်းတာကြောင့် သူ့ကိုသင်္ဘောများမှာဖြစ်စေ၊ တခြားစစ်ရေယာဉ်များမှာဖြစ်စေ   အလွယ်တကူတပ်ဆင်အသုံးပြုနိုင်ပါတယ်။

Shtil-1 သင်္ဘောအခြေပြုချန်နယ်ပေါင်းစုံတာလတ် SAM စနစ်ကိုတော့ Almaz-Antey ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့တာပါ။ သူက  ရေတပ်အုပ်စုများ  ဒါမှမဟုတ် သတ်မှတ်အဝန်းအဝိုင်း အတွင်းရှိ စစ်သင်္ဘောများအပြင် အဲဒီစနစ်ကိုတင်ဆောင်ထားတဲ့ သင်္ဘောများကို သင်္ဘောဖျက်ဒုံးကျည်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လှေများနဲ့သင်္ဘောများရဲ့တိုက်ခိုက်မှုကနေကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။ သူ့ရဲ့ပုံစံက ပုံသေမဟုတ်ဘဲပြောင်းလဲနိုင်စွမ်းရှိတဲ့အတွက် ပစ်မှတ်နှစ်ခုမှသည် ၁၂ ခုအထိကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ မော်ဂျူးပုံစံနဲ့သူ့မှာ ပါဝင်တဲ့ကိရိယာ အစုစုတို့ကြောင့် SAM စနစ်ကို  ရှင်သန်နိုင်စွမ်းအမြင့်ဆုံးဖြစ်စေပြီး ပြုပြင်ထိန်းသိမ်းမှုနဲ့ စစ်ဆင်ရေးအသုံးပြုမှုတို့ကို သက်သာစေပါတယ်။ ပြပွဲမှာတော့ Shtil-1 SAM စနစ်ကို ပုံစံငယ်နဲ့သာ သရုပ်ပြသခဲ့တာပါ။

ARMY 2022 ဖိုရမ်အတွင်း ရုရှားနိုင်ငံပိုင် Rosoboronexport  ကုမ္ပဏီနဲ့ Marine Instrumentation ကော်ပိုရေးရှင်းတို့ကြား ၂၀၂၂-၂၀၂၇ ခုနှစ်အတွင်း ပြင်ပဈေးကွက်မှာ ရေတပ်သုံးလက်နက်ပစ္စည်းတွေကို ကြော်ငြာဖို့   ပူးတွဲဆောင်ရွက်ရေးအစီအစဉ်တစ်ခုကို  လက်မှတ်ထိုးလိုက်နိုင်ပါတယ်။

ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရေပန်းစားနေတဲ့ အနေအထားနောက်ကို လိုက်တဲ့အနေနဲ့ မိမိတို့ကြားမှာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အစီအစဉ်ကို အလေးအနက်ထား လုပ်ဆောင်ခဲ့ပါတယ်။ သဘောတူထားတဲ့ အစီအစဉ်အရ Roso-boronexport အနေနဲ့ ရေတပ်စနစ်တွေမှာ ရုရှားနိုင်ငံသုံး စစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်အသုံးပြုဖို့နဲ့ နိုင်ငံရဲ့သင်္ဘောကျင်းတွေမှာ  တည်ဆောက်မှုတွေလုပ်ဖို့

အတွက်   ပြည်ပမိတ်ဖက်နိုင်ငံများကို ကမ်းလှမ်းသွားမှာပါ။ ဒါ့အပြင် မိမိတို့အနေနဲ့ နောက်ဆုံးပေါ် ရုရှား စစ်လက်နက် ပစ္စည်းတွေအပေါ် မူတည်ပြီး ရေတပ်သုံးစစ်လက်နက်ပစ္စည်းတွေကို ပူးတွဲဖန်တီး ထုတ်လုပ်မှုပုံစံ အမျိုးမျိုးကိုလည်း    တိုးမြှင့်သွားမှာဖြစ်ပါတယ်လို့    Rosoboronexport  မှညွှန်ကြားရေးမှူးချုပ် အလက်ဇန်းဒါး မီခိက ပြောပါတယ်။

လက်မှတ်ထိုးထားတဲ့ အစီအစဉ်က Bal-E နဲ့ Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေး ဒုံးကျည်စနစ်တွေ၊ အမျိုးမျိုးသောကမ်းရိုးတန်းရေပြင်နဲ့ဝေဟင်ကင်းထောက်ရေဒါ များ၊ တိုက်ပွဲစီမံခန့်ခွဲမှုစနစ်များ၊ ထိန်းချုပ်ရေးနဲ့အချက်အလက်ဖလှယ်ရေးစနစ်များ၊ သင်္ဘောတင်ရေဒါများ၊ ဆိုနာနဲ့မီးသတ်ပစ္စည်းများအပြင် သင်္ဘောများနဲ့ ရေငုပ်သင်္ဘောစစ်သည်သင်တန်းဆရာများကို နိုင်ငံတကာ ဈေးကွက်မှာ ပိုမိုအသုံးပြုရေး တိုးမြှင့်လုပ်ဆောင်သွားဖို့ကိုရည်ရွယ်ထားတာ ဖြစ်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေး

ရုရှားကာကွယ်ရေးပစ္စည်းပြပွဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် အမျိုးမျိုးကိုလည်း  ခင်းကျင်းပြသ ခဲ့ပါသေးတယ်။

ဒီလိုခင်းကျင်းပြသမှုကြောင့် အထူးသဖြင့် ရုရှားဟာ ဒီအပိုင်းမှာများစွာသော အတွေ့အကြုံများနဲ့ စွမ်းရည်များ ရှိတယ်ဆိုတာကို သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။

ARMY 2022 မှာ Almaz-Antey က Viking   ရွေ့လျား  SAM စနစ်မှ မော်ဂျူလာပုံစံ   ပစ်မှတ်ရှာရေဒါစနစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။   ဒီစနစ်ကို 9S38E  မော်ဂျူလာပစ်မှတ်ရှာရေဒါ၊ 9A317ME TELAR၊ 9A316MEနဲ့ 9A383E TEL တို့မှာ မြင်တွေ့နိုင်ပါတယ်။ Viking စနစ်က လက်ရှိထုတ်လုပ် အသုံးပြုနေပြီဖြစ်တဲ့အပြင် ထွက်ပေါ်လာဖို့တာစူနေတဲ့  ကိုယ်ပျောက်နည်းပညာအသုံးပြု တည်ဆောက်ထားတဲ့ လေယာဉ်များ အပါအဝင် နည်းဗျူဟာမြောက်နဲ့ မဟာဗျူဟာမြောက်လေယာဉ်များ၊  အနိမ့်ပျံဒုံးကျည်များ၊ ရဟတ်ယာဉ်များ၊ ကင်းထောက်နှင့် တိုက်ခိုက်ရေးပစ္စည်းအမျိုးမျိုး၊ မောင်းသူမဲ့လေယာဉ်များ၊  မြေပြင်နဲ့ရေပြင်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းနိုင်စွမ်း ရှိပါတယ်လို့ ကော်ပိုရေးရှင်းကပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ Viking က လှိုင်းနှုန်းဖိဖျက်မှုအားကြီးတဲ့ ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ပစ်ခတ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာပါ ကောင်းစွာလုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့အမြင့်ဆုံးစစ်ဆင်နိုင်မှု အကွာအဝေးကတော့ ၆၅ ကီလိုမီတာပါ။

Sosna အလိုအလျောက်ပစ်တာတို SAM စနစ်ရဲ့ ပုံသေတိုက်ခိုက်ရေးအခန်းကိုလည်း ဖိုရမ်မှာ သရုပ်ပြသ ခဲ့ပါသေးတယ်။ အနိမ့်ပျံဒုံးကျည်များနဲ့ ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်များ အပါအဝင် လေကြောင်းမှ ခြိမ်းခြောက်မှု အားလုံးနီးပါးကို တုံ့ပြန်နိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ ဒီစနစ်က Sosna-R မြန်နှုန်းမြင့်တိကျဒုံးကျည် ၁၂ စင်းကို အသုံးပြုထားပါတယ်။ ဒီဒုံးကျည်များက အလေးချိန်ပေါ့ပါးတဲ့အတွက် SAM စနစ်မှ သယ်ယူပို့ဆောင်ရေး/ ကျည်ထိုးယာဉ်လိုအပ်မှုကို ဖယ်ရှားနိုင်ပါတယ်။ Sosna ကိုအမျိုးမျိုးသော ယာဉ်ကိုယ်ထည်များပေါ်မှာ တပ်ဆင်နိုင်ပြီး မော်ဂျူလာပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

တာဝေးလေကြောင်းရန်ကာကွယ်ရေးစနစ်ကဏ္ဍမှာဆိုရင် Almaz-Antey က နောက်ဆုံးပေါ် Antey-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်(ADMS)ကိုထုတ်ဖော်ပြသခဲ့ပါတယ်။   လေကိုခွဲပြီး ပျံသန်းလာတဲ့ ဝေဟင်ပစ်မှတ်ကို ကီလိုမီတာ ၃၈၀ အကွာကနေပစ်ချနိုင်စွမ်း ရှိပါတယ်။

High Precision Systems က နာမည်ကျော် Pantsir-S1 SPAAGM စနစ်အပြင် အသစ်ဖြစ်တဲ့ Verba MAN-PADS စနစ်ကိုလည်း ဧည့်ပရိသတ်များကို ပြသခဲ့ပါသေးတယ်။ အဲဒီစနစ်က ခေတ်မီလှိုင်းနှုန်း ဖိဖျက်မှုပုံစံများကို ခံနိုင်ရည်ရှိပြီး ပစ်လွှတ်ပြီး နောက်ပြန်လှည့်ကြည့်စရာ မလိုတဲ့လုပ်ငန်း အခြေခံသဘောတရားကိုလည်း အသုံးပြုထားပါတယ်။ ဒါ့အပြင် အပူထုတ်လွှတ်မှုနည်းပါးတဲ့ပစ်မှတ်များကိုလည်း ကောင်းစွာ ချေမှုန်းနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့စစ်ဆင်နိုင်မှု အကွာအဝေးကတော့ ၆ ကီလိုမီတာပါ။

မောင်းသူမဲ့လေယာဉ်များကို တုံ့ပြန်ပစ်ချနိုင်ရေးအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ အထူး အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်များ ကဏ္ဍမှာလည်း လက်နက်အသစ်များကို ထုတ်ဖော်ပြသခဲ့တာတွေ့ရပါတယ်။   ဒီနှစ်အတွက်အသစ်အဆန်းဖြစ်တာကတော့   RB-504A-E စနစ်ဖြစ်ပြီး Rosoboronex-port ကထုတ်ပြခဲ့တာပါ။ သူက တာတိုနဲ့တာလတ်သွား   မောင်းသူမဲ့ လေယာဉ်များကို အသက်မဲ့စေနိုင်စွမ်းရှိပါတယ်။

အသေးစားမောင်းသူမဲ့လေယာဉ်များကို တုံ့ပြန်နိုင်ရေးအတွက် ဖန်တီးထားတဲ့ Repellent-Patrol ရွေ့လျားအီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်က  အဲဒီမောင်းသူမဲ့ လေယာဉ်တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးကို ဖိဖျက်နိုင်ကာ  မောင်းသူမဲ့ လေယာဉ်  အုပ်လိုက်ပျံသန်းမှုများကို ကောင်းစွာ ဟန့်တားနိုင်စွမ်း ရှိပါတယ်။

မောင်းသူမဲ့လေယာဉ်ဆက်သွယ်ရေးလမ်းကြောင်း ထောက်လှမ်းသိရှိမှု ပမာဏကတော့၂၅ ကီလိုမီတာ ဖြစ်ပါတယ်။ Repellent- Patrol က မောင်းသူမဲ့လေယာဉ်များကို ထောက်လှမ်းသိရှိ တုံ့ပြန်နိုင်စွမ်းများကို တိုးမြှင့်ထားပြီး ရွေ့လျားပုံစံနဲ့သော်လည်းကောင်း၊ အထိုင်ပုံစံနဲ့သော်လည်းကောင်း  တပ်ဆင် အသုံးပြုနိုင်ပါတယ်။ 

အခုပြပွဲမှာ ပြသခဲ့တာကတော့ ယာဉ်တင်ပုံစံပဲဖြစ်ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံရေးကစားပွဲမှာ အနောက်အုပ်စုရဲ့ဖယ်ကြဉ်ခြင်းကို ခံနေရတယ်လို့ အနောက်အုပ်စု မီဒီယာများက ရေးသားဖော်ပြမှုတွေ လုပ်နေပေမယ့်လည်း ယခုကျင်းပနိုင်ခဲ့တဲ့ ARMY 2022 ဖိုရမ်က ရုရှားနိုင်ငံရဲ့ အင်အားအစစ်အမှန်တစ်စိတ် တစ်ပိုင်းကို ထုတ်ဖော်ပြသခွင့်ရလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ထုတ်ဖော်ပြသလိုက်သမျှသော   စစ်လက်နက်ပစ္စည်းအများစုကလည်း အသစ်အဆန်းကြီးများသာ ဖြစ်နေတာကိုလည်း   တွေ့ရပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံဟာ ဘယ်သူတွေက ဘာတွေပဲပြောနေပါစေ သူလုပ်စရာရှိတာကိုသာ    အကောင်းဆုံးလုပ်ဆောင်ပြီး ထိပ်တန်းနေရာကို တက်လှမ်းလာနိုင်ခဲ့တယ်ဆိုတာ ARMY 2022 က သက်သေပြနေကြောင်း  ရေးသား တင်ပြလိုက်ရပါတယ်။   ။

ထက်မြက်