ရန်ကုန်၊ တိုက်ကွမ်ဒို
အွန်လိုင်းမှ တစ်ဆင့်ကျင်းပမည့် ကမ္ဘာ့ပြိုင်ပွဲနှင့် နိုင်ငံတကာဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ဖိတ်ကြားခံထားရကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါအခြေအနေကြောင့် အားကစား ပြိုင်ပွဲအများစု ကျင်းပ နိုင်ခြင်းမရှိသော်လည်း တိုက်ကွမ်ဒိုပြိုင်ပွဲများကို အွန်လိုင်း မှတစ်ဆင့် ကျင်းပခြင်းဖြစ်သည်။ မြန်မာ တိုက်ကွမ်ဒိုအဖွဲ့အနေဖြင့် နိုင်ငံတကာပြိုင်ပွဲ လေးခုခန့် ဖိတ်ကြားခံထားရပြီး မည်သည့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။
“COVID-19 ရောဂါကာလမှာ နိုင်ငံတကာပြိုင်ပွဲတွေ သွားပြိုင်လို့ အဆင်မပြေပေမယ့် အွန်လိုင်းက နေကျင်းပတဲ့ တိုက်ကွမ်ဒိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်။ ကျွန်တော်တို့ဆီကို အွန်လိုင်းက ကျင်းပနေတဲ့ ကမ္ဘာ့ပြိုင်ပွဲတွေ၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွေလည်း ဖိတ်ကြားထား တာရှိပါတယ်။ ပြိုင်ပွဲလေးခုလောက်ပါတယ်။ ကစားသမားတွေရဲ့ လေ့ကျင့်ပြင်ဆင်မှုအနေအထားကို စောင့်ကြည့် နေတုန်းပါ။ သူတို့အနေအထားပေါ်မူတည်ပြီး ပြိုင်ပွဲတချို့ဝင်ပြိုင်ဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်အနေဖြင့် အောက်တိုဘာ ပထမပတ်က ဖိလစ်ပိုင်နိုင်ငံက ကြီးမှူး ကျင်းပသည့် အွန်လိုင်းအာဆီယံတိုက်ကွမ်ဒိုခြေကန်ချက် အမြန်ကန်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ပြီး ရွှေတံဆိပ်ဆု နှစ်ခု၊ ငွေတံဆိပ်ဆု နှစ်ခု၊ ကြေးတံဆိပ်ဆု ငါးခု ဆွတ်ခူးနိုင်ခဲ့သည်။
ကိုရဲ