ယမန်နေ့မှအဆက်
အစီအစဉ်တင်ဆက်သူ-PR အုပ်စုထဲက List-PR အကြောင်းရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး-ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List PR)ဟာဆိုရင် PR စနစ်မှာ အသုံးအများဆုံးစနစ် ဖြစ်ပါတယ်။ ဒီစနစ်အရ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီအသီးသီးဟာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမယ့် တူညီတဲ့ကိုယ်စားလှယ်လောင်း အရေအတွက်အတိုင်း ကော်မရှင်ကို အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီများဟာ မိမိတို့ရရှိတဲ့ ဆန္ဒမဲအရေအတွက်အတိုင်း အချိုးကျကိုယ်စားပြုခွင့် ရရှိမှာဖြစ်ပါတယ်။
ဒီ Party List Voting စနစ်မှာ ပါတီကိုသာ ရွေးချယ်မဲပေးတဲ့စနစ် (Closed List)နဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်တဲ့စနစ်(Open List) ဆိုပြီး အဓိကနှစ်မျိုးရှိပါတယ်။ ဒါ့အပြင် လွတ် လပ်စွာမဲပေးနိုင်တဲ့ Free List ဆိုတာလည်းရှိပြီး အသုံးနည်းပါတယ်။ ပါတီကိုသာ ရွေးချယ်မဲပေးတဲ့စနစ် (Closed List)ဟာ Party List Voting ရဲ့ မူလပုံစံဖြစ်ပါတယ်။ ဒီစနစ်အရ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းကို တိုက်ရိုက်မဲပေးရွေးချယ်ခွင့်မရှိဘဲ ပါတီကိုသာမဲပေးရပါတယ်။ မိမိနှစ်သက်ရာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းကိုလည်း မဲပေးနိုင်ပါတယ်။ ပါတီများကရရှိတဲ့ ဆန္ဒမဲပေါ်မူတည်ပြီး မူလတင်သွင်းထားတဲ့ ဦးစားပေး အစီအစဉ်အတိုင်း ကိုယ်စားလှယ်များ ရရှိကြမှာ ဖြစ်ပါတယ်။
ဒီစနစ်မှာယှဉ်ပြိုင်တဲ့ ပါတီတွေအတွက် ကိုယ်စားလှယ်နေရာ ခွဲဝေပုံတွက်ချက်နည်း အမျိုးမျိုးရှိတာကို တွေ့ရှိရပါတယ်။
အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး တွက်ချက်နည်းကတော့ အကြွင်းမဲ (လက်ကျန်မဲ) အများဆုံးကိုယူတဲ့ ပုံသေနည်း The Largest Remainder Formula ဖြစ်ပါတယ်။
ဒီနည်းလမ်းမှာ Quota ကို အရင်သိထားဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံ ရဖို့အတွက် အနည်းဆုံးရရှိရမယ့် ခိုင်လုံမဲကို Quota သို့မဟုတ် Threshold လို့ ဆိုပါတယ်။ အသုံးများတဲ့ တွက်နည်း အချို့ကတော့ Droop Quota နဲ့ Hare Quota ပဲဖြစ်ပါတယ်။ Droop Quota Method ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက် + ၁ နဲ့ စားပြီး ရတဲ့ရလဒ်ကို + ၁ ထပ်ပေါင်းခြင်းပဲ ဖြစ်ပါတယ်။
ပဲ ဖြစ်ပါတယ်။ Hare Quota Method ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်နဲ့ စားခြင်းပဲဖြစ်ပါတယ်။ လာမည့်ရွေးကောက်ပွဲမှာ Droop Quota Method ကို အသုံးပြုမှာဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ ခိုင်လုံမဲအရေအတွက်စုစုပေါင်းကို ကိုယ်စားလှယ်လောင်းနေရာ စုစုပေါင်း + ၁ နဲ့ စားပြီး ရလဒ်မှာ + ၁ ထပ်ပေါင်းခြင်းဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦး မဖြစ်မနေရရှိရမယ့် ခိုင်လုံမဲအရေအတွက် Threshold ကို သတ်မှတ်ပါတယ်။ ဥပမာ- ဆန္ဒမဲအရေအတွက် စုစုပေါင်း (၁၀၀၀၀၀)ဖြစ်ပြီး ကိုယ်စားလှယ်နေရာ ၉ နေရာဖြစ်မယ်ဆိုရင် ကိုယ်စားလှယ်တစ်ဦးရရှိရမယ့် မဲဝေစု (Quota)ဟာ (၁၀၀၀၁) ဖြစ်ပါတယ်။ သက်ဆိုင်ရာပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများအနေနဲ့ မဲဝေစုတစ်စုလျှင် ကိုယ်စားလှယ်တစ်နေရာနှုန်း ကိုယ်စားပြုရရှိမှာဖြစ်ပါတယ်။
ဒီလိုကိုယ်စားလှယ်နေရာများကို တွက်ချက်ခွဲဝေရာမှာ ပါတီမှာဖြစ်စေ၊ တစ်သီးပုဂ္ဂလမှာဖြစ်စေ မဲဝေစုတစ်စု မပြည့်တဲ့ မဲလက်ကျန် Remainder များ ရှိနေတတ်ပါတယ်။ အလားတူ အဲ့ဒီမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ် နေရာများလည်း ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဒုတိယအဆင့်အနေနဲ့ ကျန်ရှိနေတဲ့ ကိုယ်စားလှယ် နေရာကို မဲဝေစုတစ်စုမပြည့်ဘဲ ကျန်ရှိနေတဲ့ မဲလက်ကျန်အများဆုံးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများအလိုက် ထပ်မံပြီးခွဲဝေရရှိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ပါတီများဟာ မိမိတို့ရရှိတဲ့ မဲအရေအတွက် ရာခိုင်နှုန်းနဲ့အနီးစပ်ဆုံးသော ကိုယ်စားလှယ်နေရာ အရေအတွက်ကို ရရှိမှာဖြစ်ပါတယ်။
PR စနစ်ကျင့်သုံးတဲ့ နိုင်ငံတော်တော်များများမှာ Electoral Threshold ကိုကျင့်သုံးပါတယ်။ Threshold ရာခိုင်နှုန်းကိုတော့ တစ်နိုင်ငံတစ်မျိုး စိတ်ကြိုက်သတ်မှတ်ပါတယ်။ ဥပမာ - တောင်ကိုရီးယားနိုင်ငံအပါအဝင် ၁၄ နိုင်ငံက Threshold ၅ ရာခိုင်နှုန်းထားပါတယ်။ ဂျာမနီအပါအဝင် ၂၆ နိုင်ငံကတော့ ၆ ရာခိုင်နှုန်းထားပါတယ်။ ဒီလိုထားမယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုမှာ ခိုင်လုံမဲ ၅ ရာခိုင်နှုန်းမှ မရတဲ့ပါတီဟာ ကိုယ်စားလှယ်တစ်ဦးမှ မရတာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ တိုင်းရင်းသားလူမျိုးစုပါတီများ၊ ပါတီငယ် များမှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရနိုင်ရေးအတွက် Electoral Threshold ရာခိုင်နှုန်းမသတ်မှတ်ဘဲ ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲ Quota ကိုပဲ Threshold သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပါတီနဲ့ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်တဲ့စနစ် (Open List) မှာတော့ မဲဆန္ဒရှင်များအနေနဲ့ ပါတီကိုသာမက မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းကိုပါ တိုက်ရိုက်မဲပေးရွေးချယ်ခွင့်ရှိပါ တယ်။ ကိုယ်စားလှယ်လောင်းကရရှိသောမဲများဟာ ၎င်းရဲ့ပါတီရရှိတဲ့မဲများ ဖြစ်ပါတယ်။
မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းများဟာ ၎င်းရဲ့ပါတီစာရင်းမှာ ထိပ်ဆုံးနေရာကနေ အစဉ်လိုက် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
Party List PR စနစ်ကျင့်သုံးမယ်ဆိုပါက မဲပေးခြင်းနဲ့ မဲရေတွက်ခြင်း ရိုးရှင်းလွယ်ကူပါတယ်။ ပါတီအသီးသီး အနေနဲ့လွှတ်တော်မှာ တိကျစွာကိုယ်စားပြုခွင့်ကို ရရှိစေမှာဖြစ်ပြီး ဆန္ဒမဲများ အလဟဿဖြစ်မှုကိုလည်း နည်းပါးစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးများ အပါအဝင် ပါတီအများစုကို မျှတတဲ့ကိုယ်စားပြုခွင့်ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အစီအစဉ်တင်ဆက်သူ -ရွေးကောက်ပွဲစနစ်တွေမှာ PR အုပ်စုက အများဆုံးနဲ့ FPTP အုပ်စုက ဒုတိယအများဆုံး ကျင့်သုံးတာ တွေ့ရတဲ့အတွက် ဒီစနစ်နှစ်မျိုးရဲ့ အဓိကကွဲပြားခြားနားချက်နဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း နှိုင်းယှဉ်သိပါရစေခင်ဗျား။
ဦးခင်မောင်ဦး -အချိုးကျကိုယ်စားပြုစနစ် (PR)နဲ့ မဲအများဆုံးရသူအနိုင်ရတဲ့ FPTP စနစ်အသီးသီးမှာ အားနည်း/အားသာချက် အပါအဝင် ခြားနားချက်များစွာ ရှိပါတယ်။ အဓိကခြားနားချက်က မဲဆန္ဒရှင် ပြည်သူများက ပေးလိုက်တဲ့ ဆန္ဒမဲများရဲ့ တန်ဖိုးနဲ့သက်ရောက်မှု ကွာခြားခြင်းဖြစ်ပါတယ်။ FPTP စနစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲများမှာ အနိုင်ရသူရရှိတဲ့ ဆန္ဒမဲအရေအတွက်ဟာ ခိုင်လုံမဲ စုစုပေါင်းရဲ့ ထက်ဝက်အောက် ရှိသော်လည်း ယင်းကိုယ်စားလှယ်ကို ပေးလိုက်တဲ့ ဆန္ဒမဲများကသာ တန်ဖိုးနဲ့သက်ရောက်မှု
ရှိပြီး ကျန်ဆန္ဒမဲများဟာ တန်ဖိုးနဲ့သက်ရောက်မှုလုံးဝမရှိ အဟောသိကံ၊ အလဟဿဖြစ်ခြင်း ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလများ အပါအဝင်တို့ကို မဲဆန္ဒရှင်များက ပေးလိုက်တဲ့ ဆန္ဒမဲအရေအတွက် စုစုပေါင်းအပေါ် မိမိတို့ရရှိတဲ့ ဆန္ဒမဲအချိုးအစားအတိုင်း ကိုယ်စားလှယ်နေရာရရှိခြင်းဖြင့် ဆန္ဒမဲအား လုံးနီးပါးရဲ့တန်ဖိုးနဲ့ သက်ရောက်မှုရှိခြင်းပင်ဖြစ်တယ်။ ဒါ့ကြောင့်လည်း FPTP စနစ်နဲ့ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို လေ့လာပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ ပါတီတွေရရှိတဲ့ခိုင်လုံမဲများရဲ့ ရာခိုင်နှုန်းနဲ့ လွှတ်တော်အမတ်ရရှိတဲ့ ရာခိုင်နှုန်း အချိုးအစား ညီညွတ်မျှတမှု မရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြုစနစ်(PR)ရဲ့ အဓိကအားသာချက်တွေကတော့ မဲဆန္ဒရှင်ပြည်သူများကပေးတဲ့ ဆန္ဒမဲများအဟောသိကံ၊ အလဟဿဖြစ်မှုအလွန်နည်းပါးခြင်း ဖြစ်တဲ့အပြင် အားသာချက်တွေကတော့ -
ကိုယ်စားပြုမှုကို အချိုးကျသတ်မှတ်ခြင်းဖြစ်၍ အချိုးအစားကျနသော ဥပဒေပြုလွှတ်တော်ကို ပုံဖော်နိုင်ပြီး ပါတီစုံစနစ် (Multiparty System)ကို ပေါ်လွင်အားကောင်းစေခြင်း၊
လွှတ်တော်အတွင်း ပါတီကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ကန့်သတ်ပေးခြင်းနှင့် ပါတီကြီးတစ်ခု၏ မူဝါဒ
နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်း၊
လူနည်းစုများ၏ ဆန္ဒသဘောထားကို ဖော်ထုတ်နိုင်ပြီး ပါတီငယ်များအနေဖြင့် ပါတီကြီးများကဲ့သို့ ကိုယ်စားလှယ်နေရာရရှိနိုင်ပြီး ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကိုလျှော့ချနိုင်ခြင်း၊
မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံရသော ပါတီစုံမှကိုယ်စားလှယ်များသည် မဲဆန္ဒနယ်တစ်ခုလုံး၏ ကိုယ်စားလှယ်ဖြစ်ပြီး မဲဆန္ဒနယ်အတွင်းရှိ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုသဖြင့် ကိုယ်စားလှယ် အချင်းချင်း၊ ပါတီအချင်းချင်း ပြည်သူလူထု ထောက်ခံမှုရရှိရေးအပြိုင် ကြိုးစားစေသည့် အားသာချက်ရှိခြင်း၊
စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် အသုံးပြုခြင်းဖြင့် လူပုဂ္ဂိုလ်ထက် ပါတီဦးဆောင်မှု မြင့်မားစေပြီး ပါတီများ၏ မူဝါဒလမ်းစဉ်များ ပိုမိုတည်တံ့ခိုင်မြဲစေခြင်း၊
မဲဆန္ဒရှင်များအနေဖြင့် မဲရုံများသို့ သွားရောက်မဲပေးခြင်းသည် တန်ဖိုးရှိသည်ဟူသောအမြင်နှင့် ယုံကြည်
မှုမြင့်မားလာပြီး မဲပေးမှုရာခိုင်နှုန်း (Voter Turn Out) ကောင်းလာစေခြင်း၊
ပါတီစုံနှင့် လူတန်းစားစုံ၊ အလွှာစုံမှ ကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရတစ်ရပ် ဖွဲ့စည်းဖော်ဆောင်နိုင်ခြင်း၊
တိုင်းရင်းသားပါတီများနှင့် လူနည်းစုပါတီများအနေဖြင့် ကိုယ်စားလှယ်နေရာပိုမိုရရှိပြီး ဥပဒေပြု လွှတ်တော်နှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပါဝင်ခွင့်ရရှိခြင်း၊
တိုင်းရင်းသားပါတီများအနေဖြင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ပိုမိုပါဝင်ခွင့်
ရရှိပြီး မိမိတိုင်းရင်းသားမျိုးနွယ်စု၏အကျိုးကို ပိုမိုဖန်တီးဖော်ဆောင်နိုင်ခြင်း၊
လွှတ်တော်အတွင်း ပါတီစုံ၊ တိုင်းရင်းသားလူမျိုးစုံ ကိုယ်စားလှယ်များနှင့် အမျိုးသမီးကိုယ်စား လှယ်များ၏စုံညီမျှတစွာ အချိုးကျကိုယ်စားပြုခွင့်ရရှိခြင်းဖြင့် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းရေး အထောက်အကူဖြစ်ခြင်းတို့ ဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူ -ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လွှတ်တော်ရွေးကောက်ပွဲတွေမှာ FPTP စနစ်ကနေ
PR စနစ်ကို ပြောင်းလဲကျင့်သုံးတော့မယ်လို့ သတင်းစကားများ ကြားသိနေရပါပြီ။ ဒီအတွက် ဏျွ စနစ်ပြောင်းလဲမယ့် အလားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်းဆွေးနွေးပေးပါဦးခင်ဗျား။
ဦးခင်မောင်ဦး - မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများမှာ FPTP စနစ်ကနေ PR စနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး အလားအလာများနဲ့ ပတ်သက်ပြီး ၁၃-၇-၂၀၁၂ ရက်နေ့က နိုင်ငံရေးပါတီ ၁၀ ပါတီပါဝင်တဲ့ ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲစနစ်ပြုပြင်ရေးနဲ့ပတ်သက်လို့ သဘောထား အကြံပြုချက်တင်ပြစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းကလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာမှာ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့အတွက် လွှတ်တော်က အဆုံးအဖြတ်ပေးပါရန် အဆိုကို ၃-၆-၂၀၁၄ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့ရာမှာ အဆိုအောင်မြင်ခဲ့တဲ့အတွက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ် PR ကျင့်သုံးရေးဆိုင်ရာ အဆိုအကောင်အထည်ဖော်ရေး ကော်မရှင်ကို အမျိုးသားလွှတ်တော်က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
အကောင်အထည်ဖော်ရေးကော်မရှင်အနေနဲ့ အချိုးကျကိုယ်စားပြုစနစ် ပုံစံအမျိုးမျိုးနဲ့ ရွေးကောက်ပွဲဒီဇိုင်းပုံစံ
အလိုက် အားသာချက်နဲ့ အားနည်းချက်တွေကို ဆွေးနွေးလေ့လာပြီး အမျိုးသားလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်း ယင်းသက်တမ်းကာလအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တာကို လေ့လာသိရှိခဲ့ရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နောင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တည်ဆဲနိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးခြင်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ လေးကြိမ်ဆောင်ရွက်ခဲ့ရာ နိုင်ငံရေးပါတီ အများစု တက်ရောက်ခဲ့ပါတယ်။ ပထမနှစ်ကြိမ်ကို နေပြည်တော်တွင် ဆောင်ရွက်ခဲ့ပြီး အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးကို မူအားဖြင့်သဘောတူညီခဲ့ကြပါတယ်။ ဒုတိယနှစ်ကြိမ်ကို ရန်ကုန်မြို့မှာ ဆောင်ရွက်ခဲ့ပြီး ပါတီများရဲ့စာတမ်းများဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်းနဲ့စပ်လျဉ်းပြီး ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်း၍ စာတမ်းများဖတ်ကြား ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ရရှိတဲ့
ဘုံသဘောတူညီချက်တွေကတော့ –
လာမည့်ရွေးကောက်ပွဲများတွင် စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List -PR) စတင် ကျင့်သုံးရန်၊
မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေးယဉ်ကျေးမှု ရေချိန်မြင့်တက်လာချိန်တွင် (Open List -PR) သို့မဟုတ် အခြား PR စနစ်တစ်မျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးရန်၊
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မပြောင်းလဲဘဲ မဲဆန္ဒနယ်များကိုပိုင်းခြား၍ ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ဆောင်ရွက်ရန်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က)ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရန်နှင့် ပုဒ်မ ၁၆၁(ခ)ပါ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရန်အတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာ ဆက်လက်ကျင့်သုံးရန်၊
Closed List -PR အတွက် နိုင်ငံရေးပါတီများက မိမိပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအမည် စာရင်းအား ဦးစားပေးအစီအစဉ် အတိုင်းကော်မရှင်သို့ ကြိုတင်တင်ပြရန်၊
မဲဆန္ဒရှင်များအနေဖြင့် မိမိမဲပေးလိုသည့်ပါတီနှင့် ၎င်းပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများကို သိရှိနိုင်ရန် ပါတီအမည်အောက်တွင် ကိုယ်စားလှယ်လောင်းအမည်နှင့် ဓာတ်ပုံဖော်ပြထားသော ဗွီနိုင်းပိုစတာများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားရန်၊
Closed List -PR စနစ်၏ မဲရေတွက်မှုနည်းလမ်းအရ ရိုးရှင်းလွယ်ကူသော လက်ကျန်မဲအများဆုံးစနစ် (The Largest Remainder) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ်အလိုက် ခိုင်လုံမဲအပေါ်မူတည်၍ ကိုယ်စားလှယ်တစ်ဦး ရရှိရမည့် အနိမ့်ဆုံးအခြေခံမဲ(Thershold)သတ်မှတ်ရန်၊
PR စနစ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်းကောင်း၊ ညွှန်ကြားကြပ်မတ် ထိန်းကျောင်းခြင်းဖြင့် လည်းကောင်း ကန့်သတ်ရန်၊
ပြောင်းလဲကျင့်သုံးမည့် PR စနစ်ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ နားလည်သဘောပေါက်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်။
အစီအစဉ်တင်ဆက်သူ -ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ သဘောတူညီချက်အရ လာမည့်ရွေးကောက်ပွဲတွေမှာ Closed List -PR ကို ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့အတွက် Closed List -PR စနစ်နဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာတွေများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီလဲ ဆိုတာ ဆွေးနွေးပေးပါခင်ဗျား။
ဦးခင်မောင်ဦး- မြန်မာနိုင်ငံဟာ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပါတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပြီး အရည်အချင်း ပြည့်မီတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးရမယ့်လုပ်ငန်းဖြစ်လို့ နိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်လည်း လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် FPTP အစား လူထုကိုယ်စားပြုမှုကို တိုးမြှင့်ဖော်ဆောင် ပေးနိုင်ပြီး နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် PR ကို ပြုပြင်ပြောင်းလဲကျင့်သုံးဖို့ လိုအပ်လာပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများနဲ့ ဆွေးနွေးသဘောတူညီချက်အရ Closed List- PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ PR စနစ် ပြောင်းလဲကျင့်သုံးဖို့ ပထမအချက်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ လိုက်လျောညီထွေမှု ရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်း၊ ပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်း ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ပြောင်းလဲခြင်း မပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အရ မဲဆန္ဒနယ်များကို PR စနစ်နဲ့ လိုက်လျောညီထွေစွာ ပြောင်းလဲသ တ်မှတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲကျင့်သုံးမယ့် PR စနစ်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အသစ်များနဲ့ တစ်ဆက်တစ်စပ်တည်း နည်းဥပဒေများနဲ့ လုပ်ငန်းလမ်းညွှန်များကို လည်း ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ကတော့ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နဲ့ ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ဌာနတွင်းရွေးကောက်ပွဲပညာပေးသင်တန်း Internal Training များ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ မဲဆန္ဒရှင်အသိပညာပေးခြင်းအစီအစဉ် Civic and Voter Education Programme တွေကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
စတုတ္ထအချက်အနေနဲ့ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံးအရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းနဲ့ စိစစ်ခြင်းလုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်း ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁ အမျိုးသားလွှတ်တော်ဖွဲ့စည်းရာမှာပါရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ရွေးကောက်တင်မြှောက်ခြင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းရာမှာပါရှိတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ချက်နဲ့အညီ ရရှိမယ့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ တစ်ဦးစီရွေးကောက်တင်မြှောက်ရမှာဖြစ်လို့ FPTP စနစ်နဲ့သာ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။