အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

ယမန်နေ့မှအဆက်

အစီအစဉ်တင်ဆက်သူ-   လာမယ့်ရွေးကောက်ပွဲတွေမှာ ပြောင်းလဲကျင့်သုံးတော့မယ့် Closed List  PR စနစ်နဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တွေက မဲဘယ်လိုပေးရမယ်၊ ဆန္ဒမဲတွေကို အချိုးကျကိုယ်စား ပြုစနစ်နဲ့ ဘယ်လိုတွက်ချက်ရမယ် ဆိုတာကို မဲဆန္ဒရှင်တွေသိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။

ဦးခင်မောင်ဦး - Closed List  PR စနစ်နဲ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အလိုက် ရွေးကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက်အတိုင်း နိုင်ငံရေးပါတီများက ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း   ကော်မရှင်ကိုတင်ပြရပါမယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကလည်း အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်က ဆန္ဒမဲလက်မှတ်မှာ မိမိနှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အမည်ကို တစ်ကြိမ်သာဆန္ဒပြုရမှာ ဖြစ်ပါတယ်။

ပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများရရှိတဲ့ ထောက်ခံဆန္ဒမဲအပေါ်  မူတည်ပြီးတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်ကို အချိုးကျစနစ်နဲ့ တွက်ချက်ရ မှာဖြစ်ပါတယ်။ (The Largest Remainder) ကြွင်းကျန်မဲအများဆုံးစနစ်နဲ့ မဲရေတွက်မှာဖြစ်ပါတယ်။ ဆန္ဒမဲများရေတွက်ခြင်း    လုပ်ငန်းစဉ် အဆင့်ဆင့်အနေနဲ့ကတော့ -

          လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ရွေးကောက်တင်မြှောက်ရမည့် မဲဆန္ဒနယ်တွင်  ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၄ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ခိုင်လုံမဲများကို စုပေါင်း၍ ယင်းမဲဆန္ဒနယ်တစ်ခုလုံး၏ ခိုင်လုံမဲစုစုပေါင်းအဖြစ် တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်း ၉၀၀,၀၀၀ ဖြစ်ပါသည်။

          လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold) ကို ပထမဦးစွာ တွက်ချက်ရမည်။ ခိုင်လုံမဲစုစုပေါင်းကို ယင်းမဲဆန္ဒနယ်တွင်  ရွေးကောက်တင်မြှောက်ရမည့် (ကိုယ်စားလှယ် အရေအတွက် + ၁)ဖြင့် စားခြင်းရလဒ်အား (+ ၁)ထပ်ပေါင်းတွက်ချက်၍    ရရှိသော မဲအရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက်    အနည်းဆုံးရရှိရမည့် အခြေခံမဲ (Threshold)အဖြစ် သတ်မှတ်ရမည်။  အခြေခံမဲမှာ ၁၀၀,၀၀၁ ဖြစ်ပါသည်။ (ဒသမရှေ့ဂဏန်းကိန်းပြည့်ကိုသာယူရန်)           လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက်   သတ်မှတ်ထားသည့် အခြေခံမဲဖြင့် နိုင်ငံရေးပါတီတစ်ခုစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီရရှိသည့်   ခိုင်လုံမဲကို စားခြင်းရလဒ်ဖြင့် တွက်ချက်ရာ အခြေခံမဲအရ (A)ပါတီ ၃ ဦး၊ (B) ပါတီ ၁ ဦး၊  (D) ပါတီ ၂ ဦးဖြင့် ကိုယ်စားလှယ်အရေအတွက် ၆ ဦးကို ရွေးကောက်နိုင်ပါသည်။

          နိုင်ငံရေးပါတီ ၄ ပါတီနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတို့၏ ကြွင်းကျန်သော မဲအရေအတွက်မှာ ကြွင်းကျန်မဲအများ အနည်းအရ ဦးဘ (တစ်သီးပုဂ္ဂလ)က အများဆုံး၊ (B)ပါတီက ဒုတိယအများဆုံး၊ (C)ပါတီက တတိယအများဆုံး၊ (A)ပါတီက စတုတ္ထအများဆုံးနှင့် (D)ပါတီက  အနည်းဆုံးဖြစ်ပါသည်။

          သတ်မှတ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၈ ဦး ပြည့်မီခြင်း မရှိသဖြင့် နိုင်ငံရေးပါတီ အသီးသီးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြွင်းကျန်သောမဲများကို အများအနည်းအလိုက် တန်းစီဇယားအရ ကြွင်းကျန်မဲ အများဆုံးဖြစ်သော ဦးဘ(တစ်သီးပုဂ္ဂလ)နှင့် (B)ပါတီက လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ထပ်ဆောင်းရရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈ ဦးကို တွက်ချက်ရရှိမည်ဖြစ်ပါသည်။

          အဆိုပါတွက်ချက်မှုများအရ        (A) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက်  ၃ ဦး၊ (B) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက် ၂ ဦး၊ (D) ပါတီရရှိသော ကိုယ်စားလှယ်အရေအတွက် ၂ ဦး၊ ဦးဘ (တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်) ၁ ဦး စုစုပေါင်း ၈ ဦး ရွေးကောက် တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။ 

အစီအစဉ်တင်ဆက်သူ-နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ်များ၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများနဲ့ လာမယ့်ရွေးကောက်ပွဲများမှာ ပြောင်းလဲကျင့်သုံးမယ့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List PR)အကြောင်းကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။

Closed List PR စနစ်ဖြင့် ဆန္ဒမဲပေးခြင်းနဲ့  ဆန္ဒမဲများရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း မဲဆန္ဒရှင်များသိရှိအောင် နမူနာဇယားတွေနဲ့  ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့    ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ်ပြောင်းလဲ ကျင့်သုံးလိုက်ခြင်းဖြင့် နိုင်ငံတော်နဲ့  နိုင်ငံသား များအတွက် ရရှိလာမယ့်အကျိုးကျေးဇူးများနဲ့ သတိပြုရမယ့်အချက်များကို အနှစ်ချုပ် သုံးသပ် ဆွေးနွေးပေးပါဆရာ။

ဦးခင်မောင်ဦး- ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်ကတော့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးပဲဖြစ်ပါတယ်။  ဒီမိုကရေစီရဲ့အနှစ်သာရမှာ လွတ်လပ်ခြင်း၊   တရားမျှတခြင်းနှင့် ကိုယ်စားပြုခြင်းတို့ပါဝင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားကတော့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းနဲ့ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးခြင်းဆိုတဲ့ သဘောတရားပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲများဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး   ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ FPTP ရွေးကောက်ပွဲစနစ်အရ ပါတီတစ်ခုတည်းကသာ အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် ယခု ပြောင်းလဲကျင့်သုံးတဲ့    PR  စနစ်အရဆိုရင် ပါတီကြီး၊ ပါတီငယ်၊ တိုင်းရင်းသားများ၊  လူနည်းစုများအားလုံးက  ဥပဒေပြုရေးမှာရော အုပ်ချုပ်ရေးကဏ္ဍမှာပါ အချိုးကျကိုယ်စားပြု    ပါဝင်လာတော့မှာ ဖြစ်တဲ့အတွက်   မျှတတဲ့ကိုယ်စားပြုမှုနဲ့ ခွဲဝေကျင့်သုံးနိုင်မှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ   သတိပြုစေလိုတာကတော့   ဗဟုနိုင်ငံရေးစနစ် ပိုမိုပေါ်လွင်လာမှာဖြစ်တဲ့အတွက်  မတူကွဲပြားမှုများမှသည် တူညီသော   စုစည်းမှုအင်အားများရရှိနိုင်အောင်  နိုင်ငံရေးအမြင်၊ အမျိုးသားရေးအမြင်ဖြင့်   တည်ဆောက်နိုင်ဖို့ လိုပါတယ်။

ပါတီတွေက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ဦးစားပေးဖို့လိုပါမယ်။ ပါတီစုံပါဝင်လာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအစွန်းရောက်မှု၊   လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးအစွန်းရောက်မှုများကို   နိုင်ငံရေးအသိ၊  နိုင်ငံရေးအမြော်အမြင်ရှိရှိဖြင့်  သတိပြုရှောင်ရှားနိုင်ဖို့ လိုအပ်မည်ဖြစ်ပါကြောင်း   တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

မြဝတီ