၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးဆုံး အပိုင်း၌ ပါဝင်နေသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ စာတတ်မြောက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ အီရန်နိုင်ငံတီဟီရန်မြို့တွင် နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရှင်များဖြင့်ကျင်းပခဲ့သော ကမ္ဘာ့စာတတ်မြောက်ရေး ညီလာခံကြီးမှတစ်ဆင့် ၁၉၆၆ ခုနှစ်မှစတင်ကာ နှစ်စဉ် စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းလျက် စာတတ်မြောက်ရေးလှုပ်ရှားမှု အခမ်းအနားများကို နိုင်ငံအလိုက်ကျင်းပခဲ့ကြသည်။
ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ဂျွန်တီယံမြို့၌ ကျင်းပခဲ့သော ညီလာခံမှ ထုတ်ပြန်ခဲ့သည့် လူတိုင်းအတွက် ပညာရေးဆိုင်ရာကမ္ဘာ့ကြေညာစာတမ်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပခဲ့သော ညီလာခံမှ ချမှတ်ခဲ့သည့်လူတိုင်းအတွက် ပညာရေးဒါကာကြေညာစာတမ်း၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပခဲ့သော ကုလသမဂ္ဂညီလာခံကြီးက ချမှတ်ခဲ့သည့် ကုလသမဂ္ဂစာတတ်မြောက်ရေး ဆယ်စုနှစ် (၂၀၀၃-၂၀၁၂)၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က ဦးဆောင်၍ ဆောင်ရွက်သော၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပညာရေးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆယ်စုနှစ်တို့ပါ ရည်မှန်းချက်များအတိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့က မူဝါဒများချမှတ်ကာ စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည့်အတွက် လက်ရှိတွင် ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၈၆ ရာခိုင်နှုန်းအထိ စာတတ်မြောက်နေကြပြီဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးသည် အသိပညာဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ အသိပညာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စာပေတတ်မြောက်မှုအပေါ် များစွာတည်မှီနေပေသည်။ လက်ရှိ ၂၁ ရာစုပညာခေတ်တွင် စာတတ်မြောက်ခြင်းသည် အရေး၊ အဖတ်အတွက် သက်သက်မျှမဟုတ်တော့ဘဲ ကမ္ဘာသိသိမြင်ရန်ဖြစ်သည်။ စာတတ်မြောက်မှသာ ပညာရပ်များကို လေ့လာဆည်းပူးနိုင်ပြီး ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။ ပညာခေတ်တွင် ပညာမဏ္ဍိုင်ကြံ့ခိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ပညာလွှမ်းမိုးသော လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်းလာရေးအတွက် လူတိုင်းစာတတ်မြောက်ရေးလိုအပ်လှပေသည်။
စာတတ်မြောက်ခြင်းဖြင့် ဆင်းရဲမှုကိုလျော့နည်းကျဆင်းစေရန် အထောက်အကူပြုသည်။ အလုပ်အကိုင် ရရှိစေလျက် ဝင်ငွေအပိုရနိုင်သည်။ မိခင်နှင့်ကလေးသူငယ်များ၏ ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေသည်။ ကျန်းမာရေးဆိုင်ရာပြုစုစောင့်ရှောက်မှုပိုမိုကောင်းမွန်လာသည်။ စာတတ်မြောက်ခြင်းဖြင့် အသိပညာကို ရယူနိုင်ပြီး စွမ်းဆောင်မှုနှင့်အတူ ကိုယ့်ကိုယ်ကိုယ်ယုံကြည်လာကာ အကျိုးဖြစ်ထွန်းမှုကို အားပေးသည်။ လူတိုင်းစာတတ်မြောက်ရေး၊ လူတိုင်းအတွက် ပညာရေးဟူသည် ပညာရေး၏ အခြေခံဗဟိုချက်မတစ်ခုပင်ဖြစ်သည်။ အဆိုပါစာတတ်မြောက်ရေးကို ဘဝတစ်သက်တာ အစဉ်သင်ယူ လေ့လာမှုအဖြစ် ကောင်းစွာခံယူကြိုးပမ်းကြပါက စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးတို့ အဆင်ပြေညီညွတ် လာမည်မှာ မလွဲပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုသည် နိုင်ငံသားတိုင်း စာတတ်မြောက်မှု၊ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် လုံးဝမှီခိုလျက်ရှိသည်။ စာတတ်မြောက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးပွားချမ်းသာရေး တို့အတွက် မရှိမဖြစ်လိုအပ်သလို ငြိမ်းချမ်းရေးနှင့်လည်း နှီးနွှယ်ဆက်စပ် ပတ်သက်နေပေသည်။
စာတတ်၍ စာဖတ်လာကြလျှင် ဖြစ်စဉ်အကြောင်းရင်းမှန်ကို ချိန်ဆတတ်လာပြီး ထိုမှတစ်ဆင့် အမြင်မှန်ကန်မှုကို ဖော်ထုတ်တတ်လာသည်။ အသိပညာရှိလာ၍ အမြင်ကျယ်လာသဖြင့် ဘေးပြောကိုမယုံဘဲ ပကတိ အခြေအနေမှန်ကို ကောင်းစွာ သုံးသပ်သိမြင်လာသည့်အတွက် အဆိုပါ အချက်သည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်သည်အထိ အကျိုးပြုသည်။
နိုင်ငံအတွင်း သယံဇာတပေါကြွယ်ဝပြီး ဘဏ္ဍာရေးအင်အား တောင့်တင်းနေစေကာမူ လုပ်ငန်း အကောင်အထည်ဖော်ရန် လုပ်ငန်းကျွမ်းကျင်သော လုပ်သားအင်အားစုမရှိပါက မည်သို့မျှ စီးပွားရေး တိုးတက်လာမည်မဟုတ်ချေ။ ကုန်ထုတ်စွမ်းအားကို အကျိုးပြုသော လူ့စွမ်းအားရင်းနှီးမြှုပ်နှံမှုတွင် စာတတ်မြောက်ရေးသည်သာ အစွမ်းအထက်ဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
လယ်ယာဦးကြီးတစ်ဦးသည် စာပေတတ်မြောက်ခြင်းမှတစ်ဆင့် အသိပညာတိုးပွားလာကာ လယ်ယာထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောလေ့လာမှုများပြုရင်း စိုက်ပျိုးထုတ်လုပ်မှု အဆင့်မြင့်အောင် ဖန်တီးနိုင်စွမ်းရှိသည်။ အလားတူစွာ လုပ်သားတစ်ဦးသည်လည်း စာတတ်မြောက်မှုမှတစ်ဆင့် အသိပညာ၊ အတတ်ပညာများတိုးပွားကာ ကုန်ထုတ်လုပ်မှုအဆင့်အတန်းမြင့်မားလာပြီး နိုင်ငံအတွက် အကျိုးများစေသည်။ အသိပညာနည်းလျှင် အတတ်ပညာသင်ယူရာ၌ များစွာခက်ခဲမည်ဖြစ်သဖြင့် အသိပညာရရှိရေးအတွက် စာတတ်မြောက်ရေးသည်သာ အခရာဖြစ်သည်။
မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုဖြစ်စဉ်ကို လေ့လာကြည့်ပါက ရှေးမြန်မာမင်းများလက်ထက်တွင် ဘုန်းတော်ကြီးသင်ပညာရေး၏ အကျိုးကျေးဇူးကြောင့် မြန်မာတစ်မျိုးသားလုံး စာတတ်မြောက်မှုမှာ ၈၅ ရာခိုင်
နှုန်းအထိ မြင့်မားခဲ့ကြောင်းတွေ့ရသည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် မြန်မာတို့ပညာသင်ယူနိုင်မှုအခွင့်အရေးမရှိခဲ့သည့်အတွက် စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားရသည်။ ထို့ကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစ၍ အစိုးရအဆက်ဆက်က လူထုပညာရေး ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ထိုသို့အကောင်အထည်ဖော်ခဲ့သဖြင့် ၁၉၆၃ ခုနှစ်သို့ရောက်သောအခါ စာတတ်မြောက်မှုနှုန်းသည် ၅၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ စာတတ်မြောက်မှု မြှင့်တင်ရန်အတွက် ၁၉၆၄ ခုနှစ်တွင် မိတ္ထီလာခရိုင် မလှိုင်မြို့နယ်မှစတင်၍ အ သုံးလုံးကျေစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ အ သုံးလုံးကျေသင်တန်းကြီးကြပ်ညှိနှိုင်းရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး စာတတ်မြောက်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့သည်။
၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လုံးကျွတ် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုကြိုးပမ်းချက်များကြောင့် ၁၉၇၁ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်များတွင် ယူနက်စကိုအဖွဲ့ချုပ်က ချီးမြှင့်သော မိုဟာမက်ရီဇာပါလာဗီ ဆုနှင့် နိုမာ ဆုများရရှိခဲ့သည်။
၂၁ ရာစုပညာခေတ်တွင် နိုင်ငံတိုင်းက မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစဉ်လေ့လာ သင်ယူနေသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းထူထောင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အစဉ်လေ့လာ သင်ယူနေသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ နည်းလမ်းသုံးသွယ်ဖြင့် ဟန်ချက်ညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကျောင်းမတက်နိုင်သောမသန်စွမ်းကလေးများအတွက် ပုံမှန်ကလေးများနည်းတူ ပညာသင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးသည့် လူတိုင်းအကျုံးဝင်ပညာရေး ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ မိဘများလုပ်ငန်းပြောင်းရွှေ့ရာသို့ လိုက်ပါကာ နေထိုင်ရသော ကလေးများ ပညာသင်ကြားရေးအတွက် ရွေ့လျားကျောင်း အစီအစဉ်ကိုလည်း စီမံဖော်ဆောင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်တွင် စာတတ်မြောက်မှုသည် ၉၅ ဒသမ ၁၃ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မားလာရသည်။
ယနေ့အချိန်အခါတွင် အခြေခံပညာကို လူတိုင်းသင်ယူနိုင်ခွင့်ရရှိစေရမည် ဟူသောနိုင်ငံတော်၏ ပညာရေးမူဝါဒနှင့်အညီ အခြေခံပညာ၏ အရင်းခံဖြစ်သော စာဖတ်တတ်မှု၊ စာရေးတတ်မှုနှင့် တွက်ချက်တတ်မှု ဟူသည့် အခြေခံစာတတ်မြောက်ရေးသည် နိုင်ငံသားတိုင်းအတွက် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်လာသည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင် ကူးစက်လာသဖြင့် လူထုလှုပ်ရှားမှုအသွင်ဆောင်ရွက်ခဲ့သော အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းသည် ယခင်လို ကွင်းဆင်းသင်ကြားသင်ယူမှုမပြုနိုင်တော့ပေ။
ထို့ကြောင့် စာတတ်မြောက်ရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် နည်းပညာအကူအညီရယူပြီး အွန်လိုင်း အသုံးပြု သင်ကြားရေးနည်းစနစ်ကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်သည်။ ယခင်ကလို မြေပြင်မျက်နှာချင်းဆိုင်တွေ့ဆုံ သင်ကြားခြင်းမှ ယခုလိုအွန်လိုင်း နည်းပညာသုံး သင်ကြားပေးခြင်းဖြင့် သင်ယူသူများသည် အသက်အရွယ်မရွေးမိမိတို့ အဆင်ပြေမည့် မည်သည့်နေရာတွင်မဆို အချိန်မရွေးလေ့လာ သင်ကြားနိုင်မည် ဖြစ်သည်။ အခြေခံ စာတတ်မြောက်ရေး မြန်မာစာနှင့် အခြေခံသင်္ချာ သင်ခန်းစာအပိုင်းကို ပညာရေးဝန်ကြီးဌာန မြန်မာ့ပညာရေးရုပ်သံလိုင်း အစီအစဉ်များတွင် ထုတ်လွှင့်ပြသခြင်းဖြင့် လည်းကောင်း၊ You Tube Channel မှ DAE-Myanmar School Education Lessonsတွင် ဖော်ပြပေးထားခြင်းဖြင့်လည်းကောင်း သင်ယူလေ့လာနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံသားတိုင်း အခြေခံစာတတ်မြောက်ရေး လိုအပ်သလိုစာတတ်မြောက် လာပါကလည်း ဘဝတစ်သက်တာ သင်ယူလေ့လာခြင်းဖြင့် မိမိအကျိုး၊ ပတ်ဝန်းကျင်အကျိုးနှင့် နိုင်ငံတော် အကျိုးကို ပီပီပြင်ပြင် ထမ်းရွက်နိုင်ကြမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
လင်းအရုဏ်ဉီး(ပဲခူး)