နိုင်ငံသားတိုင်းစာတတ်မြောက်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး
ယနေ့ ၂၁ ရာစုဟာ အသိပညာကိုအခြေပြုတဲ့ပညာခေတ်ကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံစာတတ်မြောက်ရေးဟာ အဲဒီနိုင်ငံရဲ့ ဆင်းရဲမှုလျှော့ချရေး၊ သဘာဝဘေးဒဏ်လျော့ပါးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အလွန်ကိုအရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်း စာမတတ်သူတွေပပျောက်ပြီး ပညာတတ်တွေ ပေါများလာအောင် ကျောင်းသင်ပညာရေး (Formal-Education)နဲ့ ကျောင်းပြင်ပပညာရေး (Non Formal-Education))ကိုတွဲဖက်ပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းသင်ပညာရေးစနစ်ဆိုတာ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေဖြစ်တဲ့ (KG+12) အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရပ်တွေ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေပဲဖြစ်ပါတယ်။ ကျောင်းသင် ပညာရေးစနစ်ကို သင်ယူနိုင်ဖို့အတွက် သင်ယူသူတွေရဲ့ အသက်အရွယ်၊ အချိန်၊ နေရာ သတ်မှတ်ချက်တွေကို စနစ်တကျဖော်ဆောင်သတ်မှတ် ထားပါတယ်။
ကျောင်းပြင်ပပညာရေးဆိုတာဟာ ကျောင်းသင်ပညာရေးစနစ်ကို အကြောင်းအမျိုးမျိုးကြောင့် သင်ခွင့်မရ၊ လက်လှမ်းမမီခဲ့ကြ၊ မသင်ခဲ့ကြရတဲ့သူတွေအတွက် ပညာသင်ယူခွင့်ရအောင် ပြုလွယ်ပြင်လွယ်နည်းလမ်းတွေနဲ့ ဖော်ဆောင်ပေးနေတဲ့ ပညာရေးအစီအစဉ်တစ်ရပ် ဖြစ်ပါတယ်။
ဒီနေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရခဲ့ကြတဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးငယ်တွေကို ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူခွင့်ပေးထားသလို အသက် ၁၃ နှစ်ကနေ အသက် ၁၈ နှစ်အရွယ်ကလေးတွေကိုတော့ ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်များ တက်ရောက်သင်ယူခွင့် ရအောင် ဖော်ဆောင်ပေးထားပါတယ်။ ကျောင်းပြင်ပမူလတန်းအောင်ပြီးသူတွေက အခြေခံပညာအလယ်တန်း၊ ကျောင်းပြင်ပ အလယ်တန်းအောင်ပြီးသူတွေကတော့ အခြေခံပညာအထက်တန်းကျောင်းမှာ ဆက်လက် သင်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းနေအရွယ်လွန်ဖြစ်တဲ့ အသက် ၁၅ နှစ်ရဲ့အထက် သက်ကြီးစာမတတ်သူတွေကိုတော့ အရေး၊ အဖတ်၊ အတွက်အချက်ဆိုတဲ့ အ သုံးလုံးကျေ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်တွေ၊ စဉ်ဆက်ပညာရေးအစီအစဉ်တွေနဲ့ သင်ယူခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကျောင်းသင်ပညာရေးစနစ်နဲ့ ကျောင်း နေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးနဲ့ ကျောင်းထွက်သူ ပပျောက်ရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် စာမတတ်သူပပျောက်အောင် ဆောင်ရွက် နေသလို အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရခဲ့ကြတဲ့သူတွေကိုလည်း ကျောင်းပြင်ပ ပညာရေးစနစ်နဲ့ သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် စာတတ်မြောက်မှုနှုန်း တိုးပွားအောင် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်းနှင့်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ
မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုသမိုင်းနဲ့ စာတတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုအခြေအနေတွေကို ပြန်လည်ကြည့်ရှုကြမယ်ဆိုရင် ကမ္ဘာ့မြေပုံပေါ်က ကိုယ့်ဘုရင် ကိုယ့်အရှင်လက်ထက် ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ အချုပ်အခြာအာဏာပိုင်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကြီးမှာ မြန်မာ့ ဘုန်းတော်ကြီး ကျောင်းများရဲ့ကျေးဇူးကြောင့် စာမတတ်သူတွေ နည်းပါးပြီး စာတတ်သူတွေက ပိုများပြားခဲ့ပါတယ်။ ဒီလိုစာတတ်မြောက်မှုနှုန်း မြင့်မြင့်မားမား ရှိခဲ့တာတွေကို ပြည်တွင်းပြည်ပသမိုင်း အထောက်အထားတွေအရ ခိုင်ခိုင်မာမာတွေ့မြင်ရပါတယ်။
စာတတ်မြောက်ရေးကြိုးပမ်းအားထုတ်မှု ပထမပိုင်းကာလ
(၁၉၄၈ မှ ၁၉၆၄ အထိ)
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၁၇ သန်းရှိပါတယ်။ လူတစ်ရာမှာ ၃၅ ယောက်သာစာတတ်ပြီး ကျန်တဲ့ ၆၅ ယောက်က စာလုံးဝမတတ်ပါဘူး။ ဒါကြောင့် စာမတတ်သူပပျောက်အောင် စတင်ဆောင်ရွက်ကြရပါတယ်။
၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ လူထုပညာ အက်ဥပဒေ ကိုအတည်ပြုပြဋ္ဌာန်းပါတယ်။
၁၉၄၉ ခုနှစ် မတ်လမှာ လူထုပညာရေးကောင်စီ က လူထုပညာရေးသင်တန်းနဲ့ အ သုံးလုံးကျေ သင်တန်းတွေကို ဖွင့်လှစ်ပါတယ်။
၁၉၅၂ ခုနှစ်မှာ ချမှတ်အတည်ပြုခဲ့တဲ့ ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်း အရ အစိုးရကျောင်းတွေကို ပထမလေးနှစ်စီမံကိန်း(၁၉၅၂-၁၉၅၆)၊ ဒုတိယလေးနှစ်စီမံကိန်း(၁၉၅၆-၁၉၆၀) အဖြစ် စီမံကိန်းနှစ်အလိုက် တိုးချဲ့ဖွင့်လှစ်ပညာသင်ကြားပေးခဲ့ပါတယ်။
၁၉၅၃ ခုနှစ် ဇွန်လမှာ တပ်မတော်အတွင်း မြန်မာစာမတတ်သူပပျောက်ရေးအစီအစဉ် အရ အ သုံးလုံးကျေ သင်တန်းတွေကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ဘုန်းတော်ကြီးကျောင်း ပညာရေးစီမံကိန်း ကိုဖော်ဆောင်ပြီး ဘုန်းတော်ကြီးကျောင်းများကို လိုအပ်တဲ့ ပံ့ပိုးမှုတွေပြုလုပ်ပေးခဲ့ပြီး ကျောင်းနေအရွယ်ကလေးသူငယ်တွေ ကျောင်းနေဖြစ်အောင်နဲ့ စာတတ်မြောက် လာအောင် ကျောင်းနေအရွယ်လွန် လူငယ်၊ လူရွယ်၊ လူကြီးတွေကို အသုံးလုံးကျေ သင်တန်းဖွင့်လှစ် သင်ကြားပေးပြီး စာတတ်မြောက်လာအောင် ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလို ၁၉၄၈ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ ၁၆ နှစ်တာကာလအတွင်း စာတတ်မြောက်ရေးကြိုးပမ်းမှုကြောင့် စာတတ်မြောက်သူ ၃၅ ရာခိုင်နှုန်း ကနေ ၅၇ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဒီလိုကြိုးစားအားထုတ်မှုတွေဟာ လွတ်လပ်ရေးပြီးကာလ ပထမပိုင်း စာတတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုများပဲ ဖြစ်ပါတယ်။
စာတတ်မြောက်ရေးကြိုးပမ်းမှု ဒုတိယပိုင်းကာလ
(၁၉၆၄ မှ ၁၉၈၈ အထိ)
ဒီကာလအတွင်းမှာ အခြေခံပညာလူတိုင်းသင်ယူခွင့်ရရှိရေးနဲ့ စာတတ်မြောက်ရေးအတွက် အထူးအားထုတ် ကြိုးပမ်းခဲ့ကြတဲ့ ကာလအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံစာတတ်မြောက်ရေး ကြိုးပမ်းမှုကာလရဲ့ အတက်ကြွဆုံး၊ အထိရောက်ဆုံးကာလဖြစ်ပါတယ်။
၁၉၆၄ ခုနှစ် နွေရာသီမှာ မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးတွေနဲ့ အသုံးလုံး ကျေစာတတ်မြောက်ရေးလုပ်ငန်းအစအဖြစ် ဖွင့်လှစ်ပို့ချခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အတွင်း နိုင်ငံအနှံ့ သက်ကြီးစာမတတ်သူ ပပျောက်ရေးလုပ်ငန်း အသုံးလုံးကျေသင်တန်းတွေကို စေတနာ့ဝန်ထမ်းတွေနဲ့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီစမ်းသပ်မှုအတွေ့အကြုံများကို အခြေပြုပြီး ၁၉၆၉ ခုနှစ်မှာ မိတ္ထီလာခရိုင်လုံးကျွတ်စာတတ်မြောက်အောင် ရွေးချယ်သတ်မှတ်ပြီးကြိုးစားဆောင်ရွက်ကြရာ ၁၉၇၁ ခုနှစ်မှာ မိတ္ထီလာခရိုင်လုံးကျွတ်စာတတ်မြောက် အောင်ပွဲခံခဲ့ကြပါတယ်။ ဒီအောင်မြင်မှုဟာ စာတတ်မြောက်ရေးအစ မိတ္ထီလာခရိုင်ကလို့ ပြောစမှတ်တွင် လောက်အောင် အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
မိတ္ထီလာခရိုင်ကနေစတင်ပြီး နှစ်စဉ်ခရိုင်တွေတိုးချဲ့သတ်မှတ်ပြီး စာတတ်မြောက်ရေးကို ကြိုးပမ်း ဆောင်ရွက်လာခဲ့ရာ ၁၉၇၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ တိုင်းလုံးကျွတ်စာတတ်မြောက်လာတဲ့အထိ စာတတ်မြောက်မှု ပြည်သူ့အောင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာနိုင်ခဲ့ကြပါတယ်။
ဒါကြောင့်လည်း ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နဲ့ ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၈ ရက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွေမှာ ယူနက်စကိုအဖွဲ့ချုပ်ကြီးက မြန်မာနိုင်ငံကို မိုဟာမက် ရီဇာပါလာဗီဆုနဲ့ နိုမာဆုတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုတွေကို ယနေ့တိုင် သက်ရှိထင်ရှား ကျန်းမာစွာရှိနေသည့် မြန်မာနိုင်ငံစာတတ်မြောက်ရေးကြီးကြပ်မှုဗဟိုကော်မတီ(၁၉၆၄-၁၉၈၈) က ဆရာကြီး ဒေါက်တာသန်းဦး ကိုယ်တိုင်သွားရောက်ယူဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံစာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုသမိုင်းရဲ့ မြန်မာ့ဂုဏ်ဆောင် အထိမ်းအမှတ်အောင်ပွဲပဲ ဖြစ်ပါတယ်။
၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် အသက် ၁၅ နှစ်အထိ ပြည်သူပေါင်း နှစ်သန်းလေးသိန်းကျော် စာတတ်မြောက်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်သန်းခေါင်စာရင်းအရ စာတတ်မြောက်သူရာခိုင်နှုန်းကို ၇၈ ဒသမ ၆ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။
စာတတ်မြောက်ရေးကြိုးပမ်းမှု တတိယပိုင်းကာလနှင့်ကျောင်းပြင်ပပညာရေးခရီးအစ(၁၉၈၈ နောက်ပိုင်း) ၁၉၈၈ ခုနှစ်မှာ စာတတ်မြောက်ရေးလူထုလှုပ်ရှားမှုကြီး ရပ်ဆိုင်းသွားပါတယ်။
၁၉၈၈ ခုနှစ်ရဲ့နောက်ပိုင်းကို တတိယပိုင်းကာလအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ထိုင်းနိုင်ငံ ဂျွန်တီယမ်မြို့မှာ လူတိုင်းအတွက်ပညာရေးဆိုင်ရာ ကမ္ဘာ့ပညာရေးညီလာခံကို ကျင်းပခဲ့ပါတယ်။ ညီလာခံမှာ ခရစ်နှစ်၂၀၀၀ တွင် လက်ရှိ စာမတတ်သူနှုန်းကို ထက်ဝက်လျှော့ချရန်ဆိုတဲ့ ကျောင်းပြင်ပ ပညာရေးဆိုင်ရာ မျှော်မှန်းချက်တစ်ခုပါရှိခဲ့ပါတယ်။ ဒီကာလတွေဟာ ကျောင်းပြင်ပ ပညာရေးခရီးစတင်မှု ကာလလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း စာတတ်မြောက်ရေးလူထုလှုပ်ရှားမှုကြီး ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ထိရောက်ပြီး စွမ်းဆောင်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့ ကျောင်းပြင်ပ ပညာရေးအစီအစဉ်တစ်ရပ် လိုအပ်နေချိန် ဖြစ်ပါတယ်။ ပညာလိုလားသူတွေရဲ့ လိုအပ်ချက်နဲ့အညီ ကျောင်းသင်စနစ်ရဲ့ ပြင်ပမှာ နည်းလမ်းတကျနဲ့ ဆောင်ရွက်ပေးတဲ့ ကျောင်းပြင်ပ ပညာရေးမှာ စာတတ်မြောက်ရေးနဲ့ စဉ်ဆက်ပညာရေး အစီအစဉ် ပါဝင်ပါတယ်။
အသုံးလုံးမှ အခြေခံစာတတ်မြောက်ရေး
စာတတ်မြောက်ရေးအစီအစဉ်မှာ အခြေခံ အရေး၊ အဖတ်၊ အတွက် အသုံးလုံးဖြစ်ပြီး စဉ်ဆက်ပညာရေး အစီအစဉ်မှာတော့ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဝင်ငွေတိုးလုပ်ငန်း၊ ဘဝသာယာရေး၊ တစ်ဦးချင်းဝါသနာပါရာ လုပ်ငန်း၊ အနာဂတ်ဦးတည်ပညာရေး၊ ကျောင်းပညာရေးနဲ့ တန်းညှိပညာရေး အစီအစဉ်တွေ ပါပါတယ်။ အဲဒီအချိန်က စတင်ပြီး စာတတ်မြောက်ရေးလှုပ်ရှားမှုကို အသုံးလုံးလို့မခေါ်တော့ဘဲ အခြေခံစာတတ်မြောက်ရေး အစီအစဉ်အဖြစ် ကျောင်းပြင်ပပညာရေးမှာ ထည့်သွင်းခဲ့ပါတယ်။
ကျောင်းပြင်ပပညာရေးအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ယူနီဆက်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၁၉၉၁-၁၉၉၅) အရ မြန်မာနိုင်ငံပညာရေးသုတေသန အဖွဲ့ဟာ လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကျောင်းပြင်ပမှာရှိတဲ့ အသက် ၁၅ နှစ်ကနေ ၄၅ နှစ်အရွယ် လူငယ်တွေနဲ့ သက်ကြီးတွေအတွက် ၁၉၉၁ ခုနှစ်မှာ စမ်းသပ် အကောင်အထည်ဖော်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ ကျောင်းပြင်ပပညာရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး သက်ကြီးစာတတ်မြောက်ရေး လုပ်ငန်းတွေကို လူဦးရေများတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ နယ်စပ်ဒေသ၊ ဝေးလံခေါင်သီဒေသတွေမှာ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီမံချက်တွေရေးဆွဲပြီး သက်ကြီးစာတတ်မြောက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် လူထုလှုပ်ရှားမှုအသွင်မျိုး အရှိန်အဟုန်မြှင့်ပြီးဆောင်ရွက်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။
လူထုလှုပ်ရှားမှုအသွင်နဲ့ပြန်လည်စတင်၂၀၀၀ ပြည့်နှစ် ဆီနီဂေါနိုင်ငံ ဒါကာမြို့မှာ ကမ္ဘာ့ပညာရေးညီလာခံ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ၂၀၀၀ ပြည့်နှစ်မှာရှိနေတဲ့ လက်ရှိသက်ကြီးစာမတတ်မြောက်မှုနှုန်းကနေ ၂၀၁၅ ခုနှစ်အတွင်း ၅၀ ရာခိုင်နှုန်းလျှော့ချဖို့ အဆိုပြုရည်မှန်းချမှတ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စာတတ်မြောက်မှုနှုန်း တိုးတက်ရေးအတွက် ၂၀၁၃ ခုနှစ်မှာ မြို့နယ် ကိုးမြို့နယ်၊ ၂၀၁၄ ခုနှစ်မှာ မြို့နယ် ၂၉ မြို့နယ်နဲ့ ၂၀၁၅ ခုနှစ်မှာ မြို့နယ် ၃၀ မြို့နယ်မှာ သင်ယူသူပေါင်း ၉၃၅၁၆ ဦးကို ဒေသခံလုပ်အားပေးတွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလုပ်အားပေးတွေက သင်ကြားပေးခဲ့ပါတယ်။ ဒါဟာ စာတတ်မြောက်ရေး လုပ်ငန်းတွေကို လူထုလှုပ်ရှားမှု အသွင်နဲ့ပြန်လည်စတင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့ဦးစီးဌာနကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့အတွင်း တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုမှ မြို့နယ်ပေါင်း ၇၀မှာ သင်ယူသူပေါင်း ၄၉၉၆၁ ဦးကို အခြေခံစာတတ်မြောက်အောင် သင်ကြားပေးနိုင် ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် မတ်လမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်ခံရသူတွေကို မြန်မာနိုင်ငံအတွင်း စတင်တွေ့ရှိလာတာကြောင့် လူထုလှုပ်ရှားမှုအသွင်နဲ့ဆောင်ရွက်ရတဲ့ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွေကို ရပ်နားခဲ့ရပါတယ်။
အဲဒီလိုရပ်နားစဉ်ကာလတွေမှာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန အနေနဲ့မရပ်နားဘဲ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းမှာ လက်ရှိအသုံးပြုသင်ကြားနေတဲ့ အခြေခံစာတတ်မြောက်ရေးမြန်မာစာနဲ့ အခြေခံသင်္ချာဖတ်စာအုပ်ပါသင်ခန်းစာတွေကို သတ်မှတ်အသုံးပြုတဲ့ သင်ကြားရေးနည်းစနစ်တွေနဲ့အညီ ရုပ်မြင်သံကြားသင်ခန်းစာအဖြစ် ကြိုးစားရိုက်ကူးခဲ့ပါတယ်။
စမ်းသပ်ရိုက်ကူးပြီးတဲ့ အခြေခံ စာတတ်မြောက်ရေးမြန်မာစာနဲ့ အခြေခံသင်္ချာအပိုင်းတွေကို ပညာရေး ဝန်ကြီးဌာန မြန်မာ့ပညာရေးရုပ်သံလိုင်း အစီအစဉ်တွေမှာ ထုတ်လွှင့်ပြသနေသလို့ Youtube Channel မှာလည်း ဖော်ပြပေးထားပါတယ်။ ဒါကြောင့် အချိန်မရွေးဝင်ရောက် လေ့လာသင်ယူနိုင်ပါတယ်။ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးဆောင်ရွက်ကြမယ့် ကူညီပံ့ပိုးပေးသူဆရာ၊ ဆရာမများ အနေနဲ့လည်း သင်ကြားမှုအထောက်အကူပြုသင်ခန်းစာတွေကို ကိုယ်တိုင်လေ့လာသင်ယူပြီး ပြန်လည် အသုံးချဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေဟာ နှစ်စဉ်သိသိသာသာတိုးပွားနေသလို အရေး၊ အဖတ်၊ အတွက်အချက်ဆိုတဲ့ အခြေခံစာတတ်မြောက်ခြင်း မရှိဘဲ အရွယ်ရောက်လာကြတဲ့ လူငယ်လူရွယ်တွေ တိုးပွားလျက်ရှိပါတယ်။
ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အခြေခံစာမတတ်သူအရေအတွက်ဟာ သန်းပေါင်းရာနဲ့ချီပြီး ရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲက အရွယ်ရောက်သူ ၃ ပုံ ၂ ပုံက အမျိုးသမီးတွေပဲဖြစ်ကြပါတယ်။ သူတို့ဟာ ကမ္ဘာရွာ(Global Village) ရဲ့ဘေးမှာ ရှိနေကြပေမယ့် Globalization ရဲ့ အကျိုးကျေးဇူးတွေကို မခံစားကြရဘဲ ဆိုးကျိုးတွေကိုပဲ ရရှိခံစားနေကြရပါတယ်။
စာမရေးတတ်၊ မဖတ်တတ်တာတွေကြောင့် ကျန်းမာရေးချို့တဲ့တာ၊ လူ့အခွင့်အရေး အလွဲသုံးစားပြုခံရတာ၊ မူးယစ်၊ အကြမ်းဖက်၊ ပဋိပက္ခများစွာနဲ့ ဆင်းရဲဒုက္ခသံသရာအဝန်းအဝိုင်းထဲမှာ ပိတ်လှောင်ခံထားနေရသလို ရှိနေကြပါတယ်။
စာမတတ်ခြင်းကြောင့် အသိဉာဏ်ပညာခေါင်းပါးခြင်း၊ ဆင်းရဲငတ်မွတ်ခြင်း၊ ရောဂါဘယထူပြောခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းတွေဟာ အဆိုးသံသရာကိုပဲ လည်စေပါတယ်။ စာမတတ်ခြင်းဟာ ဆင်းရဲခြင်း၊ အဆင့်အတန်းခွဲပစ်ပယ်ခံရခြင်းတွေနဲ့ ထပ်တူကျနေတာမို့ ဒီအခြေအနေကနေ ပြောင်းလဲအောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နဲ့ အထက် သက်ကြီးစာမတတ်သူဦးရေဟာ ၄ ဒသမ ၁ သန်းရှိနေကြောင်း သိရပါတယ်။ သက်ကြီးစာမတတ်သူ၊ သက်ငယ်စာမတတ်သူတွေနဲ့အတူ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့်မရခဲ့ကြတဲ့ ကျွန်တော်တို့ ပြည်သူတွေအားလုံးစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွေကို ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးဖို့ အထူးလိုအပ်နေဆဲပဲ ဖြစ်ပါတယ်။
အတိတ်က မြန်မာနိုင်ငံရဲ့ စာတတ်မြောက်ရေး အောင်မြင်မှုတွေဟာ နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုတွေနဲ့အတူ စာပေသင်ကြားမှုဒါနကုသိုလ်ရှင်တွေဖြစ်တဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းပေါင်းစုံနဲ့ အခြေခံပညာ ကျောင်းတွေက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ၊ ဒေသခံ လုပ်အားပေးတွေဟာ သစ်တစ်ပင်ကောင်းရင် ကျောင်းတစ်ကျောင်း၊ ဆန်ကောတစ်ချပ်ရရင် သင်ပုန်းတစ်ခုအဖြစ်နဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ကျေးလက်ဒေသတွေအထိ အရောက်သွားပြီး စေတနာအပြည့်နဲ့ သင်ကြားပေးခဲ့ကြတာကြောင့်ဖြစ်ပါတယ်။
ယနေ့နိုင်ငံတော်အကြီးအကဲက နိုင်ငံသားအားလုံးစာတတ်ပြီး ပညာတတ်များ ပေါများလာစေရေးအတွက် အမြဲသတိပေး လမ်းညွှန်မှာကြားလျက်ရှိသလို ပညာရေးအတွက်လိုအပ်သည်များကိုလည်း အထူးအားပေး မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ကပ်ရောဂါဘေးနဲ့ ကပ်ရောဂါဘေးအလွန်ကာလတွေမှာ ဆောင်ရွက်ရရှိနိုင်တဲ့ အခြေအနေတွေ အပေါ်မူတည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဦးဆောင်မှု၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံလုပ်အားပေးများနဲ့ ပြည်သူလူထုရဲ့ အကူအညီများကိုရယူပြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်နဲ့ ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ ။
စိုးအောင်(ပညာရေး)