တော်သလင်းလပြည့်နှင့် ငါးပါးသီလအဓိဌာန်

တော်သလင်းလပြည့်နှင့် ငါးပါးသီလအဓိဌာန်

ယမုန်သာထူးတော့တယ်၊ သင်ဖြူးငယ်ဖြူစင်တယ်၊ ရေသဘင်သာညီဖွဲ့၊ ကန်ရာသီကြိမ်ဆဲပေမို့ ဟူသောအဖွဲ့ကလေးကို တွေ့လိုက်ရလျှင်ပင် တော်သလင်းလသို့ ရောက်တော့မည်ကို သတိထားမိလိုက်သည်။ လရာသီနှင့် လျော်ညီသော စာစုပေစုကလေးများကို ရွေးဖတ်တတ်သော ဝသီကြောင့်လည်း ဖြစ်ပါမည်။

ရေယာဉ်တည့်မြစ်တွင်း သင်ဖြူးခင်း၊ တော်သလင်းဟု၊ ခေါ်ရင်းလအမှန်ဝယ် ရာသီသဘာဝပသာဒနှင့်အတူ ဗုဒ္ဓဘာသာဝင်တို့အတွက် ဂရုဓမ္မအခါတော်နေ့ဟူသော နေ့ထူးနေ့မြတ်တစ်နေ့သည် ရှေးမဆွက ပင်တည်ရှိခဲ့ပေသည်။ ဂေါတမရှင်တော်မြတ်ဘုရားသည် ဂရုဓမ္မဇာတ်တော်အား ဟောကြားခြင်းကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။

ဂေါတမမြတ်စွာဘုရားနုစဉ်အခါက အိန္ဒိယနိုင်ငံကုရုတိုင်းတွင်နေကြသူများသည် လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြသဖြင့် တိုင်းပြည်တွင် မိုးလေဝသမှန်ကန်ပြီး ကပ်ကြီးသုံးပါးမှလည်း လွတ်မြောက်ကြသည်။ ကုရုတိုင်းတွင် ဤသို့ မိုးလေမှန်စွာရွာသွန်းနေချိန်ဝယ် ကာလိင်္ဂတိုင်းပြည်တွင်မူ မိုးခေါင်ပြီး ကပ်ကြီးသုံးပါးဆိုက်ရောက်လျက်ရှိ၏။

လူသူတိရစ္ဆာန် အများဒုက္ခရောက်ကြရသည်။ ထိုအခါရှေးမင်းများထုံးစံအရ မိုးရွာအောင်အလှူပေးပြီး ဘုရင်ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလစောင့်သည်။

မိုးကားမရွာခဲ့ပေ။

ကုရုတိုင်းတွင် မိုးရွာနေသည်မှာ အဉ္ဇနဝဏ္ဏဆင်တော်ကြီးရှိ၍ ရွာခြင်းဟု အယူရှိကြပြီး ဆင်ကြီးကိုရရှိအောင် ကိုယ်စားလှယ်လွှတ်ပြီး ရွှေနှင့်လဲပါဟု တောင်းဆိုကြသည်။ ဤတွင် ကုရုဘုရင်က စာနာထောက်ထား ပြီး သင်တို့တိုင်းပြည်တွင် မိုးရွာမည်ဆိုလျှင် ငါ၏ဆင်တော်ကြီးကို ရွှေနှင့်မရောင်းဘဲ အခမဲ့မေတ္တာ လက်ဆောင်ပေးပါမည်ဆိုပြီး ပေးလိုက်၏။ ဆင်ကြီးရောက်လာသောအခါတွင်လည်း ကာလိင်္ဂတိုင်းတွင် မိုးခေါင်မြဲခေါင်နေပြန်သည်။ ထိုအခါ မိုးမရွာခြင်းသည် ဆင်နှင့်မပတ်သက်။ ကုရုတိုင်းသားများ ကျင့်သုံးသော ဂရုဓမ္မကြောင့်သာဖြစ်သည်ဟု သဘောပေါက်ပြီး ထိုတရားကို ရွှေပေလွှာပေါ်တွင်ကူးယူခဲ့ရမည်ဟု ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံစေလွှတ်လိုက်ပြန်သည်။

ကုရုတိုင်းပြည်တွင် တစ်တိုင်းပြည်လုံးငါးပါးသီလမြဲကြသည်။ ယင်းတို့အနက်-

          ၁။      ဘုရင်

          ၂။       မယ်တော်ကြီး

          ၃။      မိဖုရားကြီး

          ၄။      အိမ်ရှေ့မင်း

          ၅။      ပုရောဟိတ်ကြီး

          ၆။      မြေတိုင်းအမတ်

          ၇။      ရထားထိန်း

          ၈။      လယ်ပိုင်ရှင်ကြီး

          ၉။      တင်းခြင်အမတ်

၁၀။    တံခါးမှူး

၁၁။    ပြည့်တန်ဆာမ

ဟူသော ပုဂ္ဂိုလ် ၁၁ ဦးသည် ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြသည့်အတွက် ထိုသူတို့ထံမှငါးပါးသီလ ကို ရွှေပေလွှာပေါ်တွင်ရေးပြီး တောင်းလာခဲ့ကြသည်။

ထို့နောက် ရှင်ဘုရင်ကစပြီး တစ်တိုင်းပြည်လုံးကျင့်သုံးလာကြသောအခါတွင် မိုးများရွာသွန်းပြီး ကာလိင်္ဂ တစ်တိုင်းလုံး ကပ်ကြီးသုံးပါးမှ လွတ်ကင်းကာ သာယာဝပြောသောနိုင်ငံဖြစ်လာသည်။

ဂရုဓမ္မဇာတ်တော်ပေါ်ပေါက်လာချိန်သည် မိုးတွင်းကာလဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့အဖြစ် ကျင်းပရခြင်း ဖြစ်ပေသည်။ ဂရုဓမ္မ၏ အဓိပ္ပာယ်မှာ ငါးပါးသီလစောင့်ထိန်းခြင်းဟု အဓိပ္ပာယ်ရ၏။ သတ်၊ ခိုး၊ ကာမေ၊ မုသာ၊ သေ ငါးမျိုးတို့မှရှောင်ကြဉ်ခြင်းကို ငါးပါးသီလစောင့်ထိန်းခြင်းဟုခေါ်သည်။ သူတော်ကောင်းတို့အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလ ဟုခေါ်ဆို၏။ ကမ္ဘာဦးအစက စတင်ဖြစ်ပေါ်လာသော တရားဖြစ်၍ ပဝေဏီဓမ္မဟုလည်း ခေါ်တွင်၏။ လူနတ်ချမ်းသာ၊ လိုချင်ရှာ၊ ပြုပါဒါနသာ။ အနာရောဂါ၊ ကင်းချင်ရှာ၊ စောင့်ပါသီလသာ။ ဟူသောဆရာတော် ဦးဝိစိတ္တ၏ မိန့်မှာစကားနှင့်အညီ သီလစောင့်ခြင်းသည် အနာရောဂါကင်းခြင်း၊ အသက်ရှည်ခြင်း၏ အခြေခံအကြောင်းတရားတစ်ရပ်ဖြစ်သည်။

ကမ္ဘာတွင် လူမှတစ်ပါး ကြီးကျယ်သောအရာမရှိ။ လူတွင်လည်း သီလနှင့်ပညာမှတစ်ပါး ကြီးကျယ်သော အရာဝတ္ထုဘာမျှမရှိဟု ပညာရှင်များဆိုမိန့်ပါသည်။

ထို့ကြောင့် ငါးပါးသီလအမြတ်တရားကို ကမ္ဘာသူ ကမ္ဘာသားအားလုံး လိုက်နာကျင့်သုံးအပ်ပါသည်။

ငါးပါးသီလ၏ပရိယာယ်အခေါ်အဝေါ်အများအပြားရှိသည်။

          ၁။      လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတရားဖြစ်သောကြောင့် ဓမ္မတာသီလ၊

          ၂။       သူတော်ကောင်းတို့အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလ၊

          ၃။      စကြဝတေးမင်းတို့ ဓမ္မသတ်သဖွယ်ကျင့်သုံးသောကြောင့် စက္ကဝတ္တိဓမ္မသတ်၊

          ၄။      ကုရုတိုင်းနေသူတို့လိုက်နာကျင့်သုံးသောတရားဖြစ်၍ ကုရုဓမ္မသီလ၊

          ၅။      အရေအတွက်ငါးပါးရှိသောကြောင့် ပဉ္စသီလ၊

          ၆။      လူပုဂ္ဂိုလ်တို့၏ကိုယ်ကျင့်တရားဖြစ်သောကြောင့် ဂဟဋ္ဌသီလ၊

          ၇။      လူတို့အမြဲနိစ္စစောင့်သုံးအပ်သောကြောင့် နိစ္စသီလ၊

          ၈။      မြတ်စွာဘုရားက တားမြစ်ထားသောကြောင့်ဝါရိတ္တသီလ၊

          ၉။      အရိယာပုဂ္ဂိုလ်တို့နှစ်သက်မြတ်နိုးအပ်သော ကြောင့် အရိယကန္တသီလ၊

၁၀။ ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလတို့ဖြစ်သည်။

ကုရုတိုင်းသားတို့၏ သီလကျင့်ဝတ်ကို သုံးသပ်သော် လောကလူ့ရွာသာမက ကမ္ဘာကြီးငြိမ်းချမ်းသာယာစေသော ကိုယ်ကျင့်တရားအဖြစ် မှတ်ယူအပ်ပေသည်။

ကုရုဘုရင် ကောရဗျမင်းနှင့်တစ်ကျိပ်တစ်ယောက်သော သူတော်ကောင်းတို့၏သီလကို အလေးအနက်ထား ဆောက်တည်ပုံ၊ မိမိတို့သီလ၌ယုံမှားသံသယကို ဆန်းစစ်ကြပုံတို့မှာ အံ့မခန်းဖြစ်သည်။ အကြောင်းကိုဆိုရသော်  ကောရဗျမင်းသည်ကာလိင်္ဂတိုင်းမှ သီလတရားတောင်းခံသည့်အခါ မိမိသီလကို ပြန်လည်ဆန်းစစ်၏။   သီလ၌   အားရကျေနပ်ခြင်းမရှိ။

သံသယဖြစ်ပုံကား   ကြတ္တိကာနက္ခတ်ပွဲသဘင်၌ မင်းတို့ထုံးစံ နတ်သားအသွင်ဝတ်ဆင်၍ ပန်းမြားတို့ကို ပစ်လွှတ်ရာ အခြားအရပ်သို့ကျသောမြားတို့ကို မြင်ရသော်လည်း ရေပြင်သို့ပစ်သောမြားကား ပြန်မပေါ်လာသောကြောင့် ရေထဲကငါးကိုထိမှန်နေပြီလော။ သို့ဖြစ်လျှင် ပါဏာတိပါတ သိက္ခာပုဒ်ပျက်စီးလေပြီ လောဟူ၍ ဖြစ်သည်။ အလှူခံအမတ်တို့က သေစေလိုသော စေတနာရှိသည် မဟုတ်၍ သီလမပျက်ပါဟု ဆိုကာ ရွှေပေလွှာထက်ရေးကူးကြ၏။ သို့တိုင် ငါ၏မယ်ဘုရားသည် ဂရုဓမ္မကိုလေးစားစွာ စောင့်ရှောက်ပါသည်ဟု မယ်တော်ထံ စေလွှတ်၏။

မယ်တော်က မိမိ၌သားနှစ်ဦးရှိရာ သားအကြီးမှာ ဓနဉ္စယကောရဗျမင်း၊ သားငယ်မှာ အိမ်ရှေ့မင်းဖြစ်ပုံ၊ တိုင်းတစ်ပါးဘုရင်က တစ်သိန်းတန် စန္ဒကူးနံ့သာနှစ်တစ်ခုနှင့် တစ်ထောင်တန် ရွှေပန်းကုံးတစ်သွယ်ကို မင်းကြီးထံဆက်သရာ မင်းကြီးက မယ်တော်အား တစ်ဖန် ပူဇော်ကန်တော့၏။ မယ်တော်က ချွေးမနှစ်ဦးအနက် ချွေးမကြီးကို တစ်ထောင်တန်ရွှေပန်းကုံး၊ ချွေးမငယ်ကို တစ်သိန်းတန် စန္ဒကူးနံ့သာနှစ်ကို ပေးခဲ့ဖူးရာ မိမိသည်မျက်နှာလိုက်၍ပေးရာရောက်နေသလောဟု သံသယရှိပြန်သည်။ ထို့ကြောင့် တမန်တော်တို့ထံ မိမိ၏ဂရုဓမ္မကို ပေးပင်ပေးရသော်လည်း မကျေနပ်သေး၍ချွေးမကြီး မိဖုရားခေါင်ကြီးထံ စေလွှတ်ပြန်သည်။

မိဖုရားခေါင်ကြီးကလည်း တစ်နေ့သောအခါမင်းကြီးဆင်တော်ကိုစီး၍ တိုင်းခန်းလှည့်လည်စဉ် မိဖုရားကြီးက နန်းလေသာပြတင်းမှကြည့်သခိုက် မင်းကြီး၏နောက်ပါးက အိမ်ရှေ့မင်းသားကိုမြင်လျှင် တပ်မက်သည့်စိတ်ဖြင့် ကြံစည်မိကြောင်း၊ မိမိသီလပျက်လေပြီ ဟု သံသယပွားကာ အိမ်ရှေ့မင်းသားထံ စေလွှတ်ပြန်သည်။

အိမ်ရှေ့မင်းသားက ညချမ်းအချိန် နောင်တော်ထံညညီလာခံ အခစားဝင်လျှင် ရထားဖြင့်သွားလေ့ရှိပုံ၊ နောင်ဘုရားထံညစာပွဲတည်၍ နန်းတော်တွင်ညအိပ်မည်ဆိုလျှင် မြင်းဇက်ကြိုးနှင့်နှင်တံကို ရထားဦးတွင် ထားခဲ့ရပုံ၊ ပြန်မည်ဆိုလျှင် ကြိုးနှင့်နှင်တံကို ရထားပေါ်၌ထားပြီး အမှုထမ်းများက စောင့်ဆိုင်းရပုံ၊ တစ်နေ့ပြန်မည်ဟု နှလုံးသွင်း၍ ကြိုးနှင့်နှင်တံကိုရထားပေါ်၌ထားခဲ့သော်လည်း မိုးရွာလာ၍ နောင်တော်က နံနက်မှပြန်ရန် မိန့်ဆိုသဖြင့် နန်းတော်၌အိပ်စက်ခဲ့မိရာ ရထားမှူးနှင့်အခြွေအရံတို့ တစ်ညလုံးမိုးရေထဲ၌ စောင့်ကြရကြောင်း၊ မိမိသီလပျက်ပြီလောဟု သံသယကိုရှင်းပြသည်။ အိမ်ရှေ့မင်း၏ ညွှန်ပြမှုဖြင့် ပုရောဟိတ်ကြီးထံရောက်သော် မိမိသည်တစ်နေ့သ၌ မင်းတရားထံ ညီလာခံတက်ရန် ခြေကျင်လျှောက်သွားစဉ် တိုင်းတစ်ပါးမင်းက ယာဉ်ရထားတစ်စီးကို မင်းကြီးထံလက်ဆောင်ဆက်သရန်အလာလမ်း၌ ဆုံစည်းမိ၏။ စိတ်၌

မင်းကြီးသည် ဤယာဉ်ရထားကို ငါ့အားချီးမြှင့်လျှင် ကောင်းလေစွဟု အကြံဖြစ်မိ၏။ နန်းတော်ရောက် သည့်အခါ ဘုရင်ကြီးကပေးသော်လည်း လက်မခံဘဲ အကြိမ်ကြိမ်ငြင်းပယ်၏။ ဂရုဓမ္မတရားကို စောင့်လျက်သူတစ်ပါး ပစ္စည်း၌ တပ်မက်သော  လောဘတဏှာကြောင့် သီလပျက်ပြီဟု သံသယရှိနေသည်။

မြေတိုင်းအမတ်ထံရောက်ပြန်သည်။ မြေတိုင်းအမတ်က လယ်ရှင်နှင့် မြေတိုင်းရာတွင် မြေတိုင်းအမတ်ဘက်က တုတ်ကိုစိုက်ရမည့် နေရာသည် ပုစွန်လုံးတွင်းနှင့်တည့်တည့်ကျနေ၏။ ထို့ကြောင့် တုတ်ကိုစိုက်လိုက်လျှင် ပုစွန်လုံးတွင်းထဲရှိပါက သေလိမ့်မည်။ တွင်းဝနှင့်လွတ်အောင် တစ်ဖက်တွင်စိုက်ပြန်ကလည်း မင်းဘဏ္ဍာတော် ထိခိုက်လိမ့်မည်။ အခြားတစ်ဖက်သို့ ရွှေ့ပြန်ကလည်း လယ်ရှင်၏ ဘဏ္ဍာပျက်စီးလိမ့်မည်ဟုဆင်ခြင်သည့်အခါ တွင်းထဲ၌ ပုစွန်လုံးရှိပါက မြင်ရပေလိမ့်မည်။ ရှိမည်မထင်ဟု ယူဆ၍ တွင်းတည့်တည့်စိုက်လိုက်ရာ ပုစွန်လုံးက ကရိ ဟု အော်မြည်လိုက်သဖြင့် ပုစွန်လုံး၏ကျောကုန်းကို စိုက်မိ၍ ပုစွန်လုံးသေလေသလောဟု သီလ၌သံသယရှိပုံကို ပြောပါသည်။ ရထားမှူးထံရောက်ပြန်သောအခါ မင်းကြီးကိုတစ်နေ့  ဥယျာဉ်သို့ပို့ရာ  နေဝင်ခါနီးခရီးအရောက် မိုးရွာအံ့ဆဲဆဲဖြစ်၍ မိုးလွတ်စေရန်သိန္ဓောမြင်းကို ကြာပွတ်သံပေးကာ နှင်လေသည်။ ထိုနေ့မှစ၍ ဥယျာဉ်သို့ ထွက်သောအခါတိုင်း ဤနေရာရောက်လျှင် သိန္ဓောမြင်းသည် အားစိုက်၍ပြေးတော့သည်။ မြင်းများပင်ပန်းခြင်းသည် မိမိကြောင့်ဟု မိမိ၏ဂရုဓမ္မသီလပျက်လေပြီဖြစ်ကြောင်း ရှင်းပြလေသည်။

တစ်ဖန် သူဌေးကြီးထံရောက်သော် တန်ဆောင်မုန်းလဖုံးတုံးလုံးတုံးအခါ၌ မိမိလယ်တောသို့သွား၍ စပါးနှံတစ်ခိုင်ကို လက်တစ်ဆုပ်ခန့်ရိတ်ယူခဲ့မိပြီးမှ ပြည့်ရှင်မင်း၏အခွန်ကို ကျသင့်သမျှမပေးရသေးသော လယ်မှကောက်နှံတစ်ဆုပ် ယူခဲ့မိလေခြင်းဟု နောင်တပွားကာ ဂရုဓမ္မသီလပျက်လေပြီဟု ရေရွတ်လေသည်။

တမန်တို့လည်း ခိုးယူလိုသောစိတ်ဖြင့် အခွန်တော်မပေးလိုသော သဘောမရှိသောကြောင့် ဂရုဓမ္မမပျက်ပါဟု ဆိုကြပြန်သည်။ တင်းခြင်အမတ်အလှည့်တွင် ဘုရင်၏ အခွန်ဆောင်ရမည့် စပါးများကို ခြင်သောတစ်နေ့၌ မင်းတရား၏အစုဖြစ်သော စပါးများကို ခြင်စေရာ မခြင်ရသေးသော စပါးများထဲမှ စပါးစေ့များကိုယူ၍ တင်းအရေအတွက်ကို မှတ်ပါသည်။ ထိုအခိုက်မိုးရွာသောကြောင့် အမှတ်အသားပြုသော စပါးစေ့များကို ခြင်ပြီးသားစပါးပုံထဲသို့ အဆောတလျင် ထည့်လိုက်မိသလား။ မခြင်ရသေးသည့် စပါးပုံထဲ ထည့်လိုက်မိသလား။ ဝေခွဲမရ။ ခြင်ပြီးသားထဲထည့်လိုက်မိလျှင် စပါးရှင်၏စပါးကို ဆုတ်ယုတ်စေရာရောက်သဖြင့် ဂရုဓမ္မပျက် လေသလောဟု သံသယကိုဆိုပြန်သည်။

တံခါးမှူးထံရောက်ပြန်သော် မြို့တံခါးပိတ်ရန်အချိန်ရောက်၍  မြို့တံခါးပိတ်တော့မည့် အကြောင်း သုံးကြိမ်ကြွေးကြော်၏။ လူဆင်းရဲတစ်ယောက်သည် နှမငယ်နှင့်ထင်းခွေ၊ ဟင်းရွက်ခူးသွားရာမှ ကြွေးကြော်သံကြား၍ အဆောတလျင်တံခါးဆီသို့လာရာ  မောင်နှမကို လင်မယားဟုသုံးလိုက်မိ၏။ ထို့ကြောင့် မိမိ၏ ဂရုဓမ္မသီလပျက်လေပြီလောဟု သံသယဝင်ကြောင်း ပြောသည်။ အမတ်တို့က မရအရတောင်းယူကြ၏။ နောက်ဆုံးပြည့်တန်ဆာမထံရောက်၏။ လုလင်တစ်ယောက်သည် မိမိထံရောက်လာပြီး တစ်နေ့အတွက် အသပြာတစ်ထောင်ပေးကာ လာခဲ့မည်ဟုပြောပြီး သုံးနှစ်တိုင်စောင့်သော်လည်း ပေါ်မလာပါ။ မိမိ ဂရုဓမ္မသီလပျက်မည်စိုး၍ တစ်ပါးယောကျ်ားထံမှ ငွေကြေးလက်မခံပါ။ ယခုဆင်းရဲကျပ်တည်းနေသဖြင့် မည်သို့ပြုရမည်နည်းဟု တရားသူကြီးထံ အဆုံးအဖြတ် တောင်းခံရာ အခြားသူတို့ထံမှ အခကြေးငွေကို ယူလေလော့ဟု အဆုံးအဖြတ်ပေး၏။ တရားရုံးမှထွက်ခါစမှာပင် ယောကျ်ားတစ်ယောက်က ငွေတစ်ထောင်ပေး၍ လက်လှမ်းလိုက်သော ခဏ၌ပင် လွန်ခဲ့သောသုံးနှစ်က လုလင်ရောက်လာ၏။ စင်စစ် ထိုလုလင်သည် ပြည့်တန်ဆာမ၏ ဂရုဓမ္မသီလမြဲပုံကိုစုံစမ်းလို၍ လုလင်အသွင်ဖန်တီးထားသော သိကြားမင်းဖြစ်၏။ သို့သော် ပြည့်တန်ဆာမကမူ မိမိသည် ငွေတစ်ထောင်ကို ယူလျက် တာဝန်မကျေသေးဘဲ အခြားသူတစ်ဦးထံမှ ငွေကိုယူ၍လက်လှမ်းမိသောကြောင့် ဂရုဓမ္မသီလပျက်လေသလောဟု သံသယဖြစ်မိကြောင်းဆို၏။

ငါးပါးသီလခေါ် ကိုယ်ကျင့်တရားသီလနှင့် နှီးနွှယ်သော ဇာတ်တော်၊    ပုံသက်သေသာဓကကား အနမတဂ္ဂ များလှစွာ၏။ ငါးပါးသီလမလုံခြုံ မစောင့်စည်းသောသူသည် ကြောက်ရွံ့သော သဘောသို့ သက်ရောက်၏။ စောင့်စည်းသူသည် ကြောက်ရွံ့မှုမရှိ၊ ရဲရင့်၏ဟု သာရဇ္ဇသုတ်တွင်လာရှိ၏။ ငါးပါးသီလမလုံခြုံ မစောင့်စည်းသောသူသည် အိမ်၌ ရဲရဲရင့်ရင့်မနေဝံ့၊ မနေရဲ။ စောင့်စည်းသူသည် အိမ်၌ရဲရဲရင့်ရင့်နေဝံ့၏။ နေရဲ၏ဟု ဝိသာရဒသုတ်အဆိုရှိ၏။

ထို့အတူ  ငါးပါးသီလမလုံခြုံ မစောင့်စည်းသောသူကို  ဘေးရန်ထူပြောသူဒုဿီလပုဂ္ဂိုလ်ဟု ဆိုကြသေးသည်။  ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ မည်သူမဆို ငါးပါးသီလမလုံရင်တော့   ဆိုးကျိုးရမှာသေချာတယ်

ဟူသော ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏    မိန့်မှာချက်စကားသည်   ငါးပါးသီလ အဓိဋ္ဌာန်ကို ခိုင်မြဲစေသော  တော်သလင်းလပြည့်နေ့ကို မီးမောင်းထိုးပြသလျက် ရှိနေပြီ ဖြစ်ပေသည်။   ။

ဘယ်လရီစန်းရီ