ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ် ကြီး၏ ရင်ပြင်တော်ရှိ ချမ်းသာကြီးတန်ဆောင်း၌ စက်တင်ဘာ ၈ ရက် ညပိုင်းတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ပြုလုပ်ရာ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၏ ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် တိပိဋကဩဝါဒါစရိယ စေတီယင်္ဂဏပဝရသီရိမဟာဓမ္မဂုရု အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ လှရတနာ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှရတနာဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှရတနာဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၈ ရက် အထိ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။