ရွှေလမ်းငွေလမ်း ချစ်ကြည်ရေး လမ်းကြောင်း

ရွှေလမ်းငွေလမ်း ချစ်ကြည်ရေး လမ်းကြောင်း

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ  H.E. Vladimir Vladimirovich Putin တို့တွေ့ဆုံ ဆွေးနွေးခြင်း သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် ဝေေ၀ဆာဆာ ဖော်ပြထားသကဲ့သို့ နိုင်ငံတကာ သတင်းများတွင် အထူးတလည် တင်ပြထားသည်ကို တွေ့မြင်ကြရသည်။ ဤသည်မှာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ခိုင်မြဲလျက်ရှိကြောင်း ပြသခြင်းဖြစ်သကဲ့သို့ နှစ်နိုင်ငံပြည်သူများအတွက် လွန်စွာဝမ်းမြောက်ဖွယ်ဖြစ်သည်။

(၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th  Eastern Economic Forum 2022) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin နှင့် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ H.E.Vladimir Vladimirovich Putin က လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ သံတမန် ဆက်ဆံရေး ၇၅ နှစ်ပြည့်မြောက်မည် ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယုံကြည် အားထားရသည့် ကာလရှည် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တိုးတက် ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များတွင် အလားအလာကောင်း များစွာကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေး ဖိုရမ်သို့ လာရောက်တက်ရောက်သည့် အတွက်လည်း များစွာ  ကျေးဇူးတင်ရှိကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက်  ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်သမ္မတကြီး ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့်အမြင့် မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှစတင်ကာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှားနိုင်ငံအနေဖြင့် အကျပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်သော်လည်း အဆွေတော်သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ် ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စ မှန်သမျှကို သမာသမတ် ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် သံတမန်အဆက်အသွယ် ပြုခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့သို့ မဝင်ရောက်မီကပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် သံတမန် ဆက်ဆံခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် ယနေ့တိုင် ခိုင်မြဲလျက်ရှိသည်။ မြန်မာနှင့်ရုရှားတို့၏ ဆက်ဆံရေးမှာ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် ဆက်ဆံရေးဖြစ်သည့်အတွက် နှစ်ကာလရှည်ကြာစွာ ခိုင်မြဲနေခြင်းဖြစ်သည်။

မိတ်ဆွေကောင်း မိတ်ဆွေစစ်ဆိုသည်မှာ တစ်ဦးကောင်းကျိုးကို တစ်ဦးက သယ်ပိုးလိုသည့် စိတ်ရှိနေခြင်းမှာ အဓိကဖြစ်သည်။ မိတ်ဆွေကောင်းမိတ်ဆွေစစ် ရှိနေခြင်းသည် အရာအားလုံးကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည်။

မြန်မာတို့၏ ရှေးအစဉ်အလာတွင် မိတ်ဆွေဝတ္တရား ငါးပါးနှင့်ပတ်သက်၍ ပေးကမ်းချီးမြှင့်ခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း၊ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း၊ ယဉ်ကျေးချိုသာ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်းဟူ၍ ဖော်ပြထားသည်။ ဤသည်ကို “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ” ဟူ၍ သင်္ဂဇာဆရာတော်က ဖွဲ့ဆိုခဲ့ပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတတို့ တွေ့ဆုံဆွေးနွေးကြခြင်းဖြင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံတွင် တိုးတက်မှုများ ရှိလာတော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အကြီးအကဲ၏ ဤခရီးစဉ်မှာ ရွှေလမ်းငွေလမ်း ချစ်ကြည်ရေး လမ်းကြောင်း လျှောက်လှမ်းခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။