ရှေးဦးပြုစု အတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ

ရှေးဦးပြုစု အတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ

(ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

ကြက်ခြေနီဆိုသည်မှာ

    ကြက်ခြေနီဆိုသည်မှာ စေတနာ့ ဝန်ထမ်းဖြစ်သည်။ ကြက်ခြေနီအသင်း၏  အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုခြင်း နည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက် ကယ်တင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးကို တွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်ကို အတတ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင်ဖြစ်သည်။

ကြက်ခြေနီအသင်းစတင်ခြင်း

    ကြက်ခြေနီအသင်းကြီး၏ ဖခင်ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် မေ ၈ ရက်တွင်  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသော စစ်သားများအား ကူညီပေးမည့်သူမရှိဘဲ စစ်သားများ၏ ညည်းညူသံများကို ကြားခဲ့ရပြီး ရွာအနီးဝန်းကျင်မှ လူအများကိုစုဝေး၍ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို A Memory of Solferino စာအုပ်အား ရေးသားပြုစုခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသားဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross)(ICRC) ကို တည်ထောင်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ရရှိခဲ့သည်။ ဟင်နရီဒူးနန့်စတင် မွေးဖွားခဲ့သော  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါမြန်မာနိုင်ငံ အပအဝင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပေသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းစတင်ဖွဲ့စည်းဆောင်ရွက်ခြင်း

    မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို ၁၉၂၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး  အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖြစ် တရားဝင်ရပ်တည်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် အမျိုးသား ကြက်ခြေနီအသင်းအဖြစ်  (ICRC) မှ အသိအမှတ် ပြုခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)သို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကိုခေတ်အဆက်ဆက် ခေတ်စနစ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးပြင်ဆင်ခဲ့သည်။

ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များမှာ  ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)နှင့် ပူးပေါင်း၍ ခြေတုလက်တု တပ်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီများ ပေးခြင်း၊တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများ တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ အရေးပေါ်လူနာတင်ယာဉ် ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

ရှေးဦးပြုစုခြင်းရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များ

    ရှေးဦးပြုစုခြင်းသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီး၏  အမြုတေကျောရိုး မဏ္ဍိုင်ဖြစ်ပြီး အသင်းမှ ဆောင်ရွက်သည့် စီမံချက်များ၊ စီမံကိန်းများကို ဆောင်ရွက်ရာတွင် ကနဦးလုပ်ငန်း တစ်ရပ်ပင်ဖြစ်သည်။

ရှေးဦးပြုစုခြင်း အတတ်ပညာဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ နာမကျန်း ဖြစ်သူများကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံ မရောက်မီထိခိုက် ဒဏ်ရာပိုမို မပြင်းထန်ရေး၊ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေး အတွက် ရှေးဦးပြုစုခြင်းပြုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ရသော အတတ်ပညာဖြစ်သည်။

ရှေးဦးပြုစုခြင်းပညာရပ်များကို တတ်မြောက်ထားလျှင် လူသားချင်း စာနာထောက်ထားမှု စံနမူနာအဖြစ် လူသားတို့၏အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခန္ဓာ မသန်စွမ်းဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပေသည်။ ရှေးဦးပြုစုခြင်းကို ၁၉၇၂ ခုနှစ်တွင်  စိန့်ဂျွန်းသူနာပြု ဝန်ဆောင်မှု အနေဖြင့် စတင်ဆောင်ရွက်ခဲ့သည်။  ပထမဦးဆုံးအနေဖြင့်ရှေးဦးပြုစုခြင်းကို ကြက်ခြေနီအသင်းဝင်များ အတွက်ရည်ရွယ်၍ သင်တန်းပို့ချခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံးအတွက် ရှေးဦးပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ပန်းတိုင်မှာ တစ်အိမ်တစ်ယောက် ရှေးဦးပြုစုသူ ရှိစေရန်ဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။

ကျေးလက်ဒေသနှင့်မြို့ပြပါ မကျန် ရှေးဦးပြုစုခြင်း ရက်တိုသင်တန်းများဖြင့် ပို့ချသင်ကြားပေးကြသည်။

ကြက်ခြေနီမောင်မယ်များသည် ကွင်းဆင်း၍ မတော်တဆ ထိခိုက်မှုကြောင့် ရရှိသောဒဏ်ရာများကို ပတ်တီးစည်းခြင်း၊ မြွေကိုက်ခံရသောလူနာများကို အဆိပ်မပျံ့စေရန် ကြိုးချည် အဆိပ်ထုတ်နည်း၊ အရိုးထိခိုက်သူများကို မနာမကျင် ပုံမှန်ဖြစ်စေရန်ကြပ်စည်းခြင်း၊ ရုတ်တရက်အသက်ရှူရပ်သည့် လူနာများကို နှလုံးပြန်ခုန် လာစေရန်ပြုစုခြင်း၊ ရေနစ်လူနာများအား အသက်ရှူမရပ်စေရန် ရှေးဦးပြုစုခြင်း စသည့်အခြေခံပြုစုနည်းများကို   စနစ်တကျသင်တန်း ပို့ချကြပြီး လက်တွေ့လုပ်ဆောင်   သရုပ်ပြသစေခဲ့သည်။

ရှေးဦးပြုစုခြင်းဖြင့်အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။

ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ဆောင်ရွက်ချက်သည် နေ့စဉ်ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ကိုဗစ်-၁၉ကပ်ရောဂါ ဘေးကြုံခဲ့ရသည့် ကာလများတွင် တန်းတူညီမျှစေတနာဖြင့် လူသားချင်း စာနာထောက်ထားမှုကို အခြေခံလျက် ရှေးဦးပြုစုခြင်းကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။  စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကိုလည်း အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီခဲ့ကြသည်။၂၀၂၁ ခုနှစ်ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်ဖြစ်သော “ရှေးဦးပြုစုသူရဲကောင်းများ၊ ကျောင်းနှင့် ရပ်ရွာမှာ မွေးထုတ်ထား” Be a First Aid Hero at School and in Your Community ဟူသော အချက်နှင့်အညီ လူတိုင်းရှေးဦးပြုစုခြင်း တတ်မြောက်ရန်နှင့် တတ်မြောက်ထားသော ပညာဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည့် ပန်းတိုင်သို့ လှမ်းချီလျက်ရှိပေသည်။

ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပခြင်း

    မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ၂၀၀၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်မှာ ၂၀၂၂ ခုနှစ်စက်တင်ဘာ ၁၀ ရက်တွင် ၂၀ ကြိမ်မြောက်အဖြစ် ကျင်းပခြင်း ဖြစ်ပေသည်။ စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီ (Well Functioning  National Society)အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ရေး၊ နိုင်ငံတစ်ဝန်းလုံး ဘေးဒုက္ခအလွယ် ကျရောက်နိုင်သောသူများနှင့် အချိန်အခါမရွေး ပူးပေါင်းဆောင်ရွက်လျက် လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံသောအဖွဲ့အစည်း ဖြစ်လာရေးအတွက် (၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ) ငါးနှစ်တာ မဟာဗျူဟာချမှတ်၍ ကြက်ခြေနီအသင်းအဖွဲ့၏ စေတနာဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ရှေးဦးပြုစုခွင့်သည် အခန်းကဏ္ဍ တစ်ရပ်အဖြစ် အဓိကနေရာမှ ပါဝင်ပေသည်။

ရှေးဦးပြုစုပညာတစ်သက်တာ အတွက် သင်ယူပါ

    ကြက်ခြေနီအသင်း အနေဖြင့်  အသင်းစတင် တည်ထောင်သည့်အချိန်မှစ၍ အသင်းခွဲအဖွဲ့ တိုးတက်ရန်နှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို ကျောင်းတွင်းရှိ ကျောင်းသားလူငယ်များ ပါဝင်လာစေရေး အတွက် ကျောင်းကြက်ခြေနီအသင်းများ ဖွဲ့စည်းပြီး အခြေခံပညာဆရာ၊ ဆရာမများအတွက် ရှေးဦးပြုစု ခြင်းနည်းပြ သင်တန်းများ ဖွင့်လှစ်ပေးခဲ့သည်။ ကြက်ခြေနီနှင့် ပညာရေးဌာနမှ နည်းပြများ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်း သင်တန်းပို့ချလျက် ရှေးဦးပြုစုသူများကို အစဉ်မွေးထုတ် ပေးလျက်ရှိပေသည်။ထိုသို့ လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်၍ ရှေးဦးပြုစုခြင်း အတတ်ပညာများကို သင်ကြားပေးလျက်ရှိရာ ကျောင်းသားလူငယ်တိုင်း အားလပ်ချိန်ခွဲဝေ၍ သင်ယူထားကြရန် လိုအပ်ပေသည်။ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း အတတ်ပညာကို သင်ကြားရာတွင် မိဘများမှလည်း  အားပေးစေလိုသည်။  သို့မှသာမိမိမိသားစု၊ မိမိပတ်ဝန်းကျင်တွင် လူသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်ပေးခြင်းဖြင့် ပညာဒါနပြုနိုင်ကြ မည်ဖြစ်သည်။ ပရဟိတဟူသောမြင့်မြတ်သော နှလုံးသားပိုင်ရှင်များလည်း ဖြစ်လာပေလိမ့်မည်။

ရှေးဦးပြုစုခြင်း အတတ်ပညာကို ကြက်ခြေနီ မောင်မယ်များ၊ စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ၊ ဆရာ၊ ဆရာမများသာမကဘဲ ပြည်သူလူထုတစ်ရပ်လုံး တတ်မြောက်ရန် သင်ကြား ပို့ချကြရပေမည်။ လူသားတိုင်း ရှေးဦးပြုစုခြင်းအတတ်ပညာကို တတ်မြောက်သည့်အခါ စိတ်ဟူသော အရာမှ စေတနာတရားသည် ရုတ်တရက်ပေါ်ထွက် လာပေမည်။ မိမိတတ်မြောက်သော အတတ်ပညာဖြင့် ကူညီသည့်အခါ လူသားချင်းစာနာ ထောက်ထားမှုဟူသော ကိုယ်ချင်းစာတရားလည်း ကိန်းအောင်းလာပေလိမ့်မည်။  ရှေးဦးပြုစုခြင်း၏ အကျိုးကျေးဇူးများကိုလည်း  လူသားတိုင်း သိရှိနားလည်လာပေလိမ့်မည်။

ရှိသည့်ဥစ္စာဝေမျှမှ သာပရဟိတဟု ခေါ်သည်မဟုတ်ချေ။  ရှိသည့်ပညာဝေငှခြင်း၊  သိသည့်ပညာကို အသုံးချ၍ ကူညီခြင်းသည်လည်း ပရဟိတ မည်ပေသည်။ ထို့ကြောင့်လူသားတိုင်း ရှေးဦးပြုစုခြင်းဖြင့် ပရဟိတလက်များဖြစ်စေလိုသည်။

ရှေးဦးပြုစုပညာရပ်သည် ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေတွင် အသက်အန္တရာယ်မှ ကင်းဝေးရန် များစွာ အထောက်အကူပြု ကာကွယ်ပေးနိုင်ပေသည်။  နိစ္စဓူဝလှုပ်ရှား သွားလာနေသော လူသားတိုင်းတွင် အရေးပေါ် အခြေအနေဆိုသည်မှာ မိမိကိုယ်တိုင်သော် လည်းကောင်း၊  မိမိပတ်ဝန်းကျင် တွင်သော် လည်းကောင်း ကြုံတွေ့ကောင်းကြုံတွေ့နိုင်ပေသည်။ ထိုအခြေအနေမျိုးတွင် ရှေးဦးပြုစုခြင်း အတတ်ပညာကို တတ်ကျွမ်းထားပါက မိမိအပါအဝင် လူသားအားလုံးကို  အသက်အန္တရာယ်မှ ကင်းဝေးအောင် ကူညီဆောင်ရွက်ပေးနိုင်ပေလိမ့်မည်။  ရှေးဦးပြုစုခြင်း အတတ်ပညာသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဘေးရင်ဆိုင်ရသည့် ကာလများတွင်များစွာ

အထောက်အကူဖြစ်သည်ကို  မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း သိမြင်ကြပေလိမ့်မည်။ ရှေးဦးပြုစုခြင်း အတတ်ပညာသည် ကျောင်းနေအရွယ် ကလေးမှစ၍ အရွယ်ရောက်ပြီးသူတိုင်း သင်ယူတတ်မြောက်ရန် လိုအပ်သည်။  အသွေးအသားဖြင့် တည်ဆောက်ထားရသော လူသားတို့၏ ဘဝတစ်သက်တာအတွက် ရှေးဦးပြုစုခြင်း အတတ်ပညာသည် အထူးပင် သင်ယူတတ်မြောက်ရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

မေတ္တာမိုးနှင်း(ပဲခူး)