ယခုနှစ်တွင် မျှင်ကောင် ဖမ်းယူရရှိချိန်စော၍ မျှင်ငါးပိ စတင်ထုတ်လုပ်နေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ယခုနှစ်တွင် ယခင်နှစ်များကထက် မျှင်ငါးပိထုတ်လုပ်သည့် မျှင်ကောင်ဖမ်းယူ ရရှိချိန်စော၍ ယခုလမှစတင်ကာ မျှင်ငါးပိ ထုတ်လုပ်နေကြောင်း မြိတ်မြို့နယ်မှ မျှင်ငါးပိ ထုတ်လုပ်သူများ၏ ပြောကြားချက်အရ သိရသည်။
“ဒီလတွေထဲမှာ မျှင်ကောင်စတင်ဖမ်း ယူရရှိပါတယ်။ ဒီနှစ်က အရင်နှစ်တွေကထက် မိုးနည်းတော့ မျှင်ကောင်လေးတွေ ပိုမိုရရှိတယ်။ နှစ်တိုင်း မိုးအားကောင်းတော့ ဒီအချိန်ဆိုရင် မျှင်ကောင်ဖမ်းလို့မရဘူး။ ဒီနှစ်က မျှင်ကောင် ရရှိတာများပြီး စောတဲ့အတွက် ငါးပိထုတ်တာလည်း စောတယ်”ဟု မြိတ်မြို့နယ်မှ မျှင်ငါးပိ ထုတ်လုပ်သူ တစ်ဦးကပြောသည်။
မိုးရာသီတွင် မျှင်ကောင်မရသည့်အတွက် မျှင်ငါးပိ ထုတ်လုပ်မှုကို ရပ်နားလေ့ရှိကာ မျှင်ငါးပိထုတ်လုပ်ရန် လိုအပ်သည်များကို ပြင်ဆင်ကြပြီး နိုဝင်ဘာလတွင် မျှင်ကောင်များ ဖမ်းဆီးရရှိသည့် အတွက် မျှင်ငါးပိထုတ်လုပ်သည့် လုပ်ငန်းကို စတင်ကြောင်း၊ လက်ရှိတွင် မြိတ်မြို့နယ်၌ ငါးပိချော တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ရရှိပြီး ငါးပိကြမ်း တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ရရှိကြောင်းနှင့် မြိတ်မြို့နယ်မှ ထွက်ရှိသော ငါးပိများကို ရန်ကုန်မြို့သို့ တင်ပို့ပြီး ရန်ကုန်မြို့မှတစ်ဆင့် တခြားမြို့များသို့ ပြန်လည်ဖြန့်ဖြူးကြောင်း သိရသည်။