သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း
မန်မာနိုင်ငံသည် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင် ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ သစ်တောရောနှောစိုက်ပျိုးခြင်း စီမံကိန်းကာလသတ်မှတ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများ ဖြစ်ပေရာ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ ရပ်တည်နိုင်ရေးအတွက် သစ်တောများသည်လည်း အထောက်အကူပြုလျက်ရှိပါသည်။
လက်ရှိနှင့်နောင်မျိုးဆက်များအတွက် သစ်တောသယံဇာတ လိုအပ်ချက်များ စဉ်ဆက်မပြတ်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပြည်သူလူထုပူးပေါင်း ပါဝင်သည့် သစ်တောစီမံအုပ်ချုပ်မှု ဖြစ်ပေါ်လာစေရန် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများကို ၁၉၉၅ ခုနှစ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ သစ်တောဦးစီးဌာန အနေဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများ ပိုမိုသိရှိနားလည်စေရန် အသိပညာပေးခြင်း၊ အခြေခံသင်တန်းများပို့ချခြင်း၊ စိုက်ပျိုးနည်းစနစ်နှင့် သရုပ်ပြသီးနှံသစ်တောရောနှောစိုက်ခင်း တည်ထောင်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး ဖူလုံစေခြင်း၊ သစ်တောများ စိုက်ပျိုးပြုစု ထိန်းသိမ်းတတ်လာစေခြင်း၊ စီးပွားရေးလုပ်ငန်းအသွင်ဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း စသည့်ဆင့်ကဲတိုးတက်မှုများ ရရှိလာစေမည် ဖြစ်သည့်အပြင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ ပေါ်ထွက်လာမည်ဖြစ်သည်။ မြန်မာ့သစ်တောများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ မြန်မာနိုင်ငံရှိ သစ်တောသယံဇာတများကို စဉ်ဆက်မပြတ် ထိန်းသိမ်းကြရပေမည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော ပျိုးပင်များကို သစ်တောဦးစီးဌာနမှ ပျိုးထောင်ပေးလျက်ရှိပါသည်။
နှစ်စဉ်နှစ်တိုင်း သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများ စိုက်ပျိုးခွင့်ပြုခြင်းများအပြင် လူထုဖြန့်ပျိုးပင်များကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါသည်။ ထို့ပြင် စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းသည့် နည်းစနစ်များ ကိုပါ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ လူသားအားလုံးအတွက် အရေးကြီးသည့် ပြဿနာတစ်ရပ်မှာ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ ယိုယွင်းလာနေခြင်းကို ကာကွယ်ရန်ဖြစ်သည်။
ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများသည် ပြဿနာစတင်ဖြစ်ပေါ်ရာနေရာတွင်သာ ထိခိုက်စေမည်မဟုတ်ဘဲ အခြားနေရာများကို ပျံ့နှံ့ထိခိုက်စေမည် ဖြစ်သည်။ လူသားတို့၏ လူမှုစီးပွားဘဝ ကောင်းမွန်တိုးတက်ရေး၊ သာယာဝပြောရေးသည် ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်အပေါ်တွင် အခြေခံပေသည်။ သဘာဝတောများနှင့် သစ်တောစိုက်ခင်းများသည် လူသားတို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် များစွာ အရေးပါလျက်ရှိသည်။
လူသားတို့အနေဖြင့် သစ်တောများ အပါအဝင် သဘာဝသယံဇာတများကို မဆင်မခြင်ထုတ်ယူသုံးစွဲပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှုများကို အလေးထားလိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တရိပ်ရိပ်တိုးတက်လာသည့် လူဦးရေနှင့်အတူ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေသည်လည်း တစ်စတစ်စ ယိုယွင်းလာမည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်မူ နိုင်ငံတစ်ဝန်းတွင် မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးသမျှ သစ်ပင်များရှင်သန်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းအားဖြင့် သစ်ပင်သစ်တောထူထပ်သောနေရာဒေသများသည် ရာသီဥတုကောင်းမွန်လာသည်ကို တွေ့ရှိနေရသည်။ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ မိမိနေထိုင်ရာဒေသ အသီးသီးတွင် သစ်ပင်စိုက်ပျိုးထိန်းသိမ်းမည်ဆိုပါက မြန်မာတစ်နိုင်ငံလုံး သစ်ပင်သစ်တောများ ထူထပ်လာမည်ဖြစ်သည်။ သစ်တောသစ်ပင်ထူထပ်လာခြင်းနှင့်အတူ ရာသီဥတုမှာလည်း တိုးတက်ကောင်းမွန် လာမည် ဖြစ်သည်။
သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းသည် မြေအသုံးချမှုနည်းစနစ် တစ်မျိုးဖြစ်၍ ၎င်းအသုံးချခံမြေဧရိယာ အပေါ်မှ ရေရှည်အကျိုးအမြတ်အများဆုံး ရရှိရန်နှင့် သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးသီးနှံနှင့် မွေးမြူရေး ထုတ်ကုန်သုံးမျိုးအနက် ထုတ်ကုန်တစ်မျိုးထက် ပိုမိုထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ လုပ်ကိုင်သော မြေယာ အသုံးချမှုစနစ်တစ်ခု ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သီးနှံသစ်တောစိုက်ပျိုးခြင်းစနစ်တွင် သစ်တော သစ်ပင်များနှင့် ဆေးဖက်ဝင်ပင်များ၊ နွယ်ပင်များအပါအဝင် ရာသီသီးနှံအပင်များ၊ စားပင်သီးပင်များ၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများကို ဒေသနှင့်ကိုက်ညီသော အဖိုးတန်သစ်တောသစ်ပင်များ၊ ကြီးမြန်ပင်များ စုစည်းပူးပေါင်းစိုက်ပျိုးကာ မြေဧရိယာတစ်ခုတည်းမှ အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့ဖြင့် သီးနှံသစ်တောရောနှောစိုက်ပျိုးမှုများ အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။