နေပြည်တော်၊ အောက်တိုဘာ - ၁၅
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံ ကုသပေးနိုင်ရန် အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေး လက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၃၀ ပါးနှင့် အရပ်သား ၄၄ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ သာသနာ နွယ်ဝင်သီလရှင် ၄ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသံဃာတော် ၁၁၁ ပါး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအရပ်သား ၅၃၂ ဦးနှင့် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအရပ်သား ၂၇၄ ဦးတို့ကို အသီးသီး ဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာ ၁၈၅ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။
ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၆၄၅ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည်သူ ၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၅၀ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။