ဝေးသည့်ခရီး နီးသည်ထက် နီးစေ

ဝေးသည့်ခရီး နီးသည်ထက် နီးစေ

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ရာသီဥတုသာယာလျက်ရှိသည်။ မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ တည်းခိုလျက်ရှိသည့် Far Eastern Federal University (FEFU)၏ ဧည့်ခန်းတစ်ခုအတွင်း သတင်းဌာနကြီးနှစ်ခုမှ ဝန်ထမ်းများ အပြေးအလွှားပင် အလုပ်များနေသည်။ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနဟူသော နာမည်ကြီးမီဒီယာများပီပီ တစ်ခဏအတွင်း လိုအပ်သည့် ပြင်ဆင်မှုများပြီးသည်။ ချိန်းဆိုထားသည့်အချိန်၊ ချိန်းဆိုထားသည့်နေရာသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရောက်ရှိစဉ်တွင် သူတို့၏တွေ့ဆုံမေးမြန်းမှုကို စသည်။

မီဒီယာများ၏ အမေးစကားအစသည် အာရှ-ပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ သဘောထားအမြင်ကို ဖြေကြား ပေးရန်ဖြင့် စသည်။

မြန်မာဟူသော   နိုင်ငံအဆင့်မျှကိုသာ စူးစိုက်နေသည်ဟု  မြင်လေသည်လား။ သို့တည်းမဟုတ် ကမ္ဘာ့နိုင်ငံရေး၊ ကာကွယ် ရေးအခြေအနေတို့ကို လျစ်လျူရှုနေသည်ဟု ထင်လေသည်လားမသိရ။ အကြီးအကဲ၏အဖြေစကားကို သူတို့ငံ့လင့်စွာစောင့်သည်။ အကြီးအကဲက နိုင်ငံတစ်နိုင်ငံတည်းသာမဟုတ်၊ ကမ္ဘာ့နိုင်ငံရေး၊ ကာကွယ် ရေးစသည်တို့အပြင် စီးပွားရေးနယ်ပယ်အရ ဆက်စပ်နေမှုများကို အကျယ်တဝင့် ဆိုသလို သုံးသပ်ချက် များနှင့်တကွ ပြန်ဖြေသည်။ မြင်ထောင့်တူခြင်း၊ မတူခြင်းသည် ပဓာနမကျ။ မှန်ကန်သည့် သုံးသပ်ချက်သာ ပဓာနကျသည်ကို မီဒီယာများသဘောပေါက်သည်။ နောက်ဆက်တွဲသော မေးခွန်းပေါ်မလာ။

အာရှ-ပစိဖိတ်အရေးအပြီးတွင် မေးခွန်းများက  မြန်မာနိုင်ငံ၏  ပြည်တွင်းရေး ကိစ္စများဘက်သို့ လှည့်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲလာမှုအခြေ အနေ၊  နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုမေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   ရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ် အဖြစ် Road Map ၅ ရပ်ကို ရေးဆွဲ၍ ဆောင်ရွက်နေသည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့်နယ်ပယ်များအလိုက် ဦးတည်ချက် ၉ ရပ်ချမှတ်၍ ကြိုးပမ်းထမ်းဆောင်နေသည်။  နေ့မနား၊  ညမအား ဆိုသည့်စကားစုဖြင့် အထူးပြုနိုင်သည်အထိ ကြိုးပမ်းနေသည်။ အကြီးအကဲအနေဖြင့် ဤကိစ္စအရေးအရာများအတွက် ဆောင်ရွက်နေမှုများကို သိသူသိ၍၊ မသိအောင် လုပ်သူကလုပ်နေဆဲသာဖြစ်သည်။ မြင်သူမြင်၍ မမြင်အောင်တားဆီးပိတ်ဆို့မှု လုပ်သူကလည်း လုပ်နေဆဲသာဖြစ်၏။ ကလောင် ကိုလက်နက်သဖွယ်  အသုံးချနေသည့် သြဇာခံမီဒီယာများကြားတွင် ဆောင်ရွက်ချက်များက ထင်ရှားပေါ် လွင်လာခြင်းသို့ မရောက်ခဲ့။

ယခု သတင်းဌာနများ၏ အမေးစကားမှတစ်ဆင့် ကမ္ဘာသို့ပင်သိအောင် အကြီးအကဲကရှင်းလင်းပြောဆိုသည်။ ရည်မှန်းချက်၊  ရည်ရွယ်ချက်များဖြင့်  ကြိုးပမ်းဆောင်ရွက်နေမှုများမှာ တွေးထင်သုံးသပ်ချက်၊  စည်းဝေးတိုင်ပင်၍  ရလာသည့် ဆုံးဖြတ်ချက်၊ ကာယကံမြောက်အကောင်အထည်ဖော် ဆောင်ရွက်မှု  စသည့် အရှိတရားများ ဖြစ်သည့်အတွက်   ဖြေဆိုရန်စကားက မခက်ခဲ့။ ကမ္ဘာက မသိသည့်ကိစ္စရပ်များ၊ မသိအောင် ပိတ်ဆို့ခံထားရသည့် အကြောင်းအရာများကြားတွင် ယခု မေးခွန်းများအရ ကမ္ဘာကသိခွင့်ရသည်။ အမှားကြာ၊   အမှန်ဖြစ်သည်ဟူသော အခြေအနေကို အမှားက အမှားသာဖြစ်၍ အမှန်သည်  ဤသည့် အချက်အလက်များသာဟု ဖွင့်ဟပြနိုင်ခြင်းဟုဆိုနိုင်သည်။

အာဆီယံ ပဋိညာဉ်စာတမ်းပါ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို  လေးစားလိုက်နာ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အမေးစကားများတွင်လည်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားဖြေကြားသည်။ ထီးမိုးပေးခြင်းသည် ရာသီဥတုဒဏ်အတွက် ကာကွယ်ပေးခြင်း ဖြစ်သော်လည်း အခြားသောတစ်ဖက်တွင် လောင်းရိပ်မိတတ်သည့် သဘောကိုလည်း စောင်းပါးရိပ်ခြည်ဖြင့်  ထည့်ပြောသည်။

မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံမှ လေးစားလိုက်နာဆောင်ရွက်နေမှုများအတွက် မြန်မာသည် အမှားအယွင်းမရှိ၊ စည်းကမ်းဘောင်အတွင်းသာရှိပြီး ဆောင်ရွက်နေသည်ကိုလည်း အဖြေစကားတွင် ထည့်သွင်းဖြေကြားသည်။ လေးစားလိုက်နာနေသည့် အကြောင်းခြင်းရာများအတွင်း မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများအပေါ် တိကျစွာလိုက်နာဆောင်ရွက်နေမှုများကိုလည်း ကျန်နေခြင်းမရှိ။ No One Above The Law ဟူသော စကားကိုညွှန်းရင်းဖြေဆိုသည်။ အမေးစကား တိုတောင်းသည်။  အဖြေစကားကို  ပြည့်စုံခြင်းသို့ ဦးတည်သည်မို့ အချိန်တစ်ခုမျှကြာသည်။ အပိုအလိုဟူ၍တော့မရှိ။ ထောင့်စေ့သည်ဟုပင် ညွှန်းဆိုနိုင်သည့်အဖြေစကားဖြစ်သည်။

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်နိုင်မှု အခြေအနေ များကို မေးမြန်းရာတွင်လည်း အယူအကောက်လွဲစေနိုင်သည့် အမေးအချို့ပါသည်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေမှု၊ ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို ဖြေကြားမှုတွင် အကြီးအကဲသည် တက်တက်ကြွကြွပင်ရှိသည်။ ဖြေကြားချက်တွင် အကြီးအကဲ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်  လေးစားလိုက်နာမှုကိုလည်း အထင်းသားမြင်နိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားချက်ကို ကျော်လွန်စေမှု အလျှင်းမျှမရှိ။ အမျိုးသားအကျိုးစီးပွားကိုသာ  ရှေးရှုသည်ကို  သတိပြုမိသည်။

မီဒီယာများ၏ မေးမြန်းမှုအပေါ် အလေးအနက်ထား၍ ပြည့်စုံစွာဖြေကြားမှုသည် အချိန်ကာလတစ်ခုသို့ တိုင်သည်အထိကြာသည်။

မီဒီယာများ၏မေးမြန်းချက်ကို ဖြေကြားပြီးစဉ်တွင် အကြီးအကဲအတွက် နားနေချိန်အဖြစ်မပါရှိ။ ရောက်ရှိနေသည့်အချိန် အတွင်း အမိမြန်မာနိုင်ငံအတွက် လေ့လာ သင့်သည်ကိုလေ့လာ၊ ဆွေးနွေးသင့်သည်ကို ဆွေးနွေး၊ မေးမြန်းစူးစမ်းသင့်သည်ကို မေးမြန်းစူးစမ်းရန်ပြင်ဆင်ရသည်။  Far Eastern Federal University(FEFU) အတွင်း စက်တင်ဘာလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022)သို့ သွားရောက်လေ့လာခြင်းကို ဆောင်ရွက်သည်။

Forum အတွင်း ဦးစွာရောက်ရှိသည်က RZD Russian Railways ကုမ္ပဏီဖြစ်သည်။ ပြခန်းမှ တာဝန်ရှိသူများက ကြိုဆိုပြီးနောက် မီးရထားလမ်းကြောင်းများနှင့်ပတ်သက်သည့်     နည်းပညာရပ်များ၊ ဝန်ဆောင်မှုပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။   မိမိတို့နိုင်ငံအတွက်ဆိုလျှင် ဘာတွေလိုအပ်မည်လဲဟု တွေးလေ့ရှိသူပီပီ   အကြီးအကဲထံတွင် မေးခွန်းများက မနည်းလှ။ ပြခန်းတာဝန်ရှိသူများကလည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းလင်းတင်ပြသည်။ RZD Russian Railways ပြခန်းအပြီးတွင်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး  Rus Hydro Hydroelectric  Power Generation Company ပြခန်းကို ရောက်ရှိလေ့လာသည်။ လူတို့၏ စား၊ ဝတ်၊ နေရေးဟူသော အဓိကအရေးအရာများအတွက် လျှပ်စစ်သည် မရှိမဖြစ်လိုအပ်သည့် ခေတ်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်ယူရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။  နျူကလီးယားစွမ်းအင်၊ လောင်စာဆီသုံးစွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့် နည်းလမ်းများစွာဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ရာ နိုင်ငံတော်နှင့်ပြည်သူ၊ ပြည်သားများ ထိခိုက်မှု အနည်းဆုံးနှင့် လုံလောက်စွာရရှိသုံးစွဲနိုင်ရေး ဈေးနှုန်းသက်သာစွာဖြင့် ထုတ်ယူရရှိရေးတို့မှာ အရေးကြီးလှသည်။ များပြားလှစွာသော ထုတ်ယူမှုစနစ်၊  သဘာဝပတ်ဝန်းကျင် ရရှိနိုင်မည့် စွမ်းအား၊ ကုန်ကျမည့်စရိတ် စသည်တို့အတွက်အကြီးအကဲ၏  မေးမြန်းစူးစမ်းမှုသည် ဤနေရာတွင်လည်း မနည်းလှ။ သဘာဝမှပေးအပ်ထားသည့် တော၊ တောင်၊ ရေ၊ မြေနှင့်ရာသီဥတုတို့အပေါ် မူတည်၍   ဆောင်ရွက်နိုင်မည့် အခြေအနေကို သုံးသပ်မေးမြန်းခြင်းဟု သဘောပေါက်မိသည်။

ဆက်လက်လေ့လာမှုတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEB.RF Investment Company ပြခန်းနှင့် Aeroflot Airline ပြခန်းတို့ကို ရောက်ရှိလေ့လာသည်။ ပြခန်းများအလိုက် ပြခန်းတာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊  ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။  အမိမြန်မာနိုင်ငံတွင် မြစ်ကြီးလေးသွယ်၊   မြစ်ငယ်များစွာ  စီးဆင်းနေသည်။ နေ၏အလင်းရောင်အား ရာသီမရွေးရရှိနေသည့် နေရာများစွာရှိနေသည်။ သဘာဝတရားကပေးအပ်ထားသည့်  ဓာတ်ငွေ့သိုက်များကလည်း မနည်းလှ။ လိုအပ်သည့် နေရာများစွာရှိသည်။ လိုအပ်သည့် လျှပ်စစ်စွမ်းအင်အတွက် လုံလောက်ရုံမက ပိုလျှံအောင် ထုတ်လုပ်နိုင်သည်အထိ ပေါကြွယ်ဝလှသည်။ သို့သော် စွမ်းအားပြည့်ပြည့်၀၀ မထုတ်ယူနိုင်သေး။ အကျိုးလို၍ ညောင်ရေသွန်းလိုသူအချို့ရှိသလို မကောင်းကြံသည့်စိတ်ဖြင့် ပိတ်ဆို့နေသူတွေက အဓိကကျသည်။ တိုးတက်လာသည့်နည်းပညာအရ ဆောင်ရွက်နိုင်သည့် အခြေအနေရှိသည့်တိုင် လှမ်းကိုင်နိုင်မှုကို တားဆီးနေသူတွေ ရှိသည်။ ထိုထိုသော အကြောင်းအရာများကြားမှာ အကြီးအကဲကမူ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားအတွက်  နည်းလမ်းတွေရှာနေသည်။

ရောက်လေရာ ခရီးစဉ်တိုင်းလိုလို လျှပ်စစ်ရရှိရေး အလေးပေးဆွေးနွေး မေးမြန်းနေသည်ကို သတိပြုမိသည်။

ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းနှင့်  Aeroflot  Airline  ပြခန်းများတွင်လည်း အကြီးအကဲ၏ စိတ်ပါဝင်စားမှုက လျော့ကျသွားမှုမရှိ။ စိုက်ပျိုးရေးကို အခြေခံသည်ဟု  အများက သိမှတ်ထားသည့်တိုင် မြန်မာနိုင်ငံတွင်းမှာ အခြားစီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းတွေ များပြားစွာရှိသည်။ သဘာဝသယံဇာတကို အခြေခံသည့်  စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သလို    လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများလည်း မနည်းလှချေ။ ဆက်စပ်နေသည့်ကုန်စည် သယ်ယူပို့ဆောင်ရေး အတွက်သာမက သဘာဝခရီးသွားလုပ်ငန်းအပါအဝင် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်များ များပြားစွာရှိ နေသည့် မြန်မာနိုင်ငံအဖို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်မှုကလည်း အခွင့်အလမ်း များလှသည်။   အကြီးအကဲက ကုမ္ပဏီများအလိုက် မေးသင့်သည်ကိုများမေး၍  ဖိတ်သင့်သည်များကို ဖိတ်သည်။ ကမ်းလှမ်းသင့်သည်များကို  ကမ်းလှမ်းသည်။ အမိမြန်မာနိုင်ငံအတွက် ဇယ်စက်သလို လှုပ်ရှားပြောဆို နေမှုများမှာ ပင်ပန်းသည်ဟု အကြီးအကဲမမြင်မိ။

မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုကို စလှမ်းသည်။ ဤခြေလှမ်းကို လျှောက်လှမ်း နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်၍ ပြင်ဆင်ထားခဲ့သည်မှာ  ဆယ်စုနှစ်ပင်  နှစ်ခုမျှ ကျော်လာပြီးဖြစ်သည်။ ယခုပြင်ဆင်ချိန်ကာလကို စတင်ကျော်ဖြတ်ပြီဟု မှတ်တမ်းတင်ရမည့်ကိစ္စမှာ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် စတင်ဆွေးနွေးခြင်းဖြစ်သည်။  မြန်မာဘက်တွင် နိုင်ငံ၏အကြီးအကဲကိုယ်တိုင် ဦးဆောင်၍ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ဘက်တွင် အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev က ဦးဆောင်သည်။

ကြီးမားကျယ်ပြန့်လှသည့် စီမံကိန်းဖြစ်သည်မို့ ဆွေးနွေးမှုများကလည်း အသက်ဝင်လွန်းလှသည်။ နျူကလီးယားစွမ်းအင်နှင့် ပတ်သက်၍ အတွေ့အကြုံနှင့် နည်းပညာများ လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေ၊   နှစ်နိုင်ငံပြည်သူလူထုအကျိုးရှိစေမည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို စတင်ဆွေးနွေးကြသည်။  ကိုယ်စီသောနိုင်ငံအလိုက် ပြည်သူကိုရှေးရှုသော ဆွေးနွေးမှုများ ဖြစ်သည့်အတွက်  နှစ်ဖက်ဆွေးနွေးမှုမှာ အပြုံးပန်းများဝေသည်။  နျူကလီးယားစွမ်းအင်ကို ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သည်မို့ ငြိမ်းချမ်းစွာအသုံးပြုရန်ဟု အထူးပြုစကားဖြင့် ပူးပေါင်း ဆောင်ရွက်မည်။ လုပ်ငန်းစဉ်များ(Road Map)ချမှတ်၍ ဆောင်ရွက်ကြမည်ဟု အသွင်အမြင်တူစွာဖြင့် ဆွေးနွေးကြသည်။

ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရန် ရည်ရွယ်ထားသည်ဖြစ်၍ နျူကလီးယား စွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်ယူရေး၊ သိပ္ပံနှင့်သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးချရေးတို့ကို ဆက်လက်ဆွေးနွေး ကြသည်။ မြန်မာမှု နယ်ပယ်တွင် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင်ဘေးဟူသော   ဆိုရိုးစကားရှိသည်။ ဤနျူကလီးယား စွမ်းအင်အတွက် သုံးတတ်အောင်ကြိုတင်ပြင်ဆင်ထားသည်။ ခေတ်၏တိုးတက်မှုနှင့် ရင်ပေါင်တန်း၍ ပညာများကို ဆက်လက်ဆည်းပူးနေသည်။ တတ်ကျွမ်းပြီးလက်တွေ့ ဆောင်ရွက်နေသည့် အဖွဲ့အစည်းနှင့်လည်း  ပူးပေါင်းဆောင်ရွက်မည်။ ဘက်စုံသော ပြင်ဆင်မှုများပြုပြီးဖြစ်သည့်အတွက် ဘေးဖြစ်နိုင်သည်ဆိုသည့်စကားကို ဖယ်ရှား၍ မြန်မာအတွက် ဆေးတစ်ဖုံကို ယူဆောင်လာနိုင်ပြီဟု ယုံကြည်မိသည်။

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် မော်ကွန်းသစ်ဖြစ်လာမည့် သဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲကို လုပ်သည်။

ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို   ရုရှားဘက်မှ ရုရှားနိုင်ငံပိုင် Rosatom State Corporations အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ကလက်မှတ်ထိုးသည်။ မြန်မာဘက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိန်းကျော်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့၏ လက်မှတ်ရေးထိုးမှုကပင် ဤစီမံကိန်းကြီးအပေါ် အလေးအနက်ထားရှိမှုကို  ပေါ်လွင်စေသည်။

လက်မှတ်ရေးထိုးမှုအပြီးတွင် ထွက်ပေါ်လာသည့် သြဘာလက်ခုပ်သံက မြန်မာနိုင်ငံ အတွက် ရည်ရွယ်သည့် လက်ခုပ်သံများဟု ထင်မိသည်။ ခေတ်မီတိုးတက်ခြင်းဟူသော အကျိုးတရားကိုရရှိစေမည့် အကြောင်းတရားကို ဆောင်ရွက်နိုင်ခဲ့မှုအတွက် သြဘာသံက နားဝင်ပီယံရှိလှသည်။ ခရီးစဉ်ဒုတိယနေ့၏ မင်္ဂလာမည်မှုက ကျွန်တော်တို့နိုင်ငံနှင့် နိုင်ငံသားတို့အတွက် ဦးတည်နေသည်ကိုလည်း ခံစားနေမိပါသည်။

နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးပြီးသော်လည်း အကြီးအကဲ၏ တစ်နေ့တာလုပ်ဆောင်ဖွယ်ကမူ မပြီးဆုံးသေး။ ရရှိသောအချိန်တိုအတွင်း ဇယ်စက်သလို လှုပ်ရှားရပြန်သည်။ တွေ့ဆုံဆွေးနွေးမှုပြုရန် ကျန်နေသေးသည်မို့  FEFU Campus ကိုသွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ  အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့်တွေ့ဆုံဆွေးနွေးသည်။ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ စုံစုံလင်လင်တက်ရောက်သကဲ့သို့ ရုရှားဘက်တွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့်   ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ အထူးအတွင်းရေးမှူးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  Colonel  General Alexander Vasilievich Fomin နှင့် ကိုယ်စားလှယ်များ တက်ရောက်သည်။

တွေ့ဆုံဆွေးနွေးမှုသည် ချစ်ကြည်ရင်းနှီးခင်မင်မှုကို အခြေတည်သည်မို့ မြိုင်မြိုင် ဆိုင်ဆိုင်ဆိုသလို ဆွေးနွေးကြသည်။ ဖိုရမ်ကို တက်ရောက်ရန် ဖိတ်ကြားမှုရောက်ရှိ ချိန်တွင်လည်း   ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ကျေးဇူးတင်စကားဆိုသည့်အခါ ရုရှားကိုယ်စားလှယ်အဖွဲ့ ကျေနပ်ပြုံးပြုံး သွားကြသည်မှာ  အသက်ဝင်လှသည်။

သံတမန်ဆက်ဆံမှု   ၇၅  နှစ်မြောက်ကာလအတွင်း နိုင်ငံနှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ်ကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့မှု၊ အရပ်ဘက်ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများကို ပီတိလွှမ်းခြုံသည့် ဆွေးနွေးမှုများပြုသည်။ ရုရှားနှင့်မြန်မာ မိတ်ဆွေညီအစ်ကို နိုင်ငံနှစ်ခုကြား ကဏ္ဍသစ်များတွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေးတို့အတွက် တိုက်ရိုက် လေကြောင်းလိုင်းများ ပြေးဆွဲရေး စသည်တို့ကိုလည်း ဆွေးနွေးသည်။ ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများကို  အဆင့်မြှင့်တင်၍  ဆောင်ရွက်မည့် ကိစ္စရပ်များဖြစ်၍  ကျယ်ပြန့်လှသည်။

နိုင်ငံနှင့် ပြည်သူများအတွက်ဟု ကိုယ်စီရည်မှန်းထားသူများဖြစ်၍ ဆွေးနွေးမှုများမှာ အားပါအသက်ဝင်လှသည်။

နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရင်းနှီးမှုသာမက   ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ  တိုးမြှင့်နိုင်ရေးအတွက်လည်း ဆွေးနွေးမှုပြုလုပ်သည်။ နယ်ပယ်ကား ကျယ်ဝန်း လှသည်။ ကဏ္ဍပေါင်းစုံဟု သတ်မှတ်၍ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် အမိမြန်မာနိုင်ငံအတွက် ရလာနိုင်မည့် အကျိုးကျေးဇူးကား မနည်းလှ။ စီးပွားရေး၊ လူမှုရေးမှသည် နိုင်ငံရေး နယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာမည့်အခြေအနေကောင်းများကို မြင်နေပြီဟုပင် ဆိုရမည်ဖြစ်သည်။  ။

ဝဏ္ဏ(TGT)