ဒုံးကျည်နည်းပညာမှာ သူမတူအောင် တိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ တီထွင်ဖန်တီးဆဲ မိုးပျံ-ရေကူးဒုံးကျည်

ဒုံးကျည်နည်းပညာမှာ သူမတူအောင် တိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ တီထွင်ဖန်တီးဆဲ မိုးပျံ-ရေကူးဒုံးကျည်

ဒုံးကျည်လို့ပြောလိုက်တာနဲ့   မိုးပေါ်ကနေ ပျံသန်းသွားပြီး ပစ်မှတ်ဆီထိမှန်တဲ့ ဒုံးလက်နက်ပဲဖြစ်မယ်လို့ လူအများစုက ပြေးမြင်မိမယ်ထင်ပါတယ်။

အခုတော့ အဲဒီအမြင်တွေကို ပြောင်းလဲဖို့အတွက် အချိန်ကျရောက်လို့လာပါပြီ။

အကြောင်းရင်းကတော့ ဒုံးကျည်နည်းပညာမှာ သူမတူအောင် တိုးတက်လာတဲ့ တရုတ်နိုင်ငံက မိုးပျံ-ရေကူး ဒုံးကျည်တစ်မျိုးကို တီထွင်ဖန်တီးပြီး ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အတွက်ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့  အဲဒီဒုံးကျည်ကို မိုးပျံ-ရေကူးဒုံးကျည်လို့ ခေါ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ဒုံးကျည် က ပစ်မှတ်ဆီကို သွားရာမှာ သမားရိုးကျ ဒုံးကျည်တစ်စင်းလိုမျိုး လေထဲကနေ ပျံသန်းသွားနိုင်ရုံသာမကဘဲ တော်ပီဒို တစ်စင်းလိုမျိုး ရေထဲကနေလည်း သွားနိုင်တဲ့အတွက်ကြောင့်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြပါဦးမယ်။

တရုတ်နိုင်ငံအနေနဲ့ သင်္ဘောဖျက်ဒုံးကျည် တစ်မျိုးကို တီထွင်ဖန်တီးနေတယ်လို့ ယခုသီတင်းပတ် အတွင်းမှာပဲ   South China Morning Post သတင်းဌာနက ထုတ်ပြန်လာတာ တွေ့ရပါတယ်။

အဲဒီဒုံးကျည်က  လက်နက်တစ်မျိုးတည်းမှာ စွမ်းရည်နှစ်မျိုး ပေါင်းစပ်ပါဝင်တဲ့ ဒုံးကျည်ဖြစ်ပြီး ပါဝင်တဲ့ စွမ်းရည်တွေကတော့ ပစ်မှတ်ဆီကိုသွားရာမှာ  ဦးစွာလေပေါ် ပျံသန်းသွားပြီးမှ သူ့ရဲ့နောက်ဆုံး အဆင့်မှာ တော်ပီဒိုတစ်စင်းလိုမျိုး ပြောင်းလဲပြီး ရေထဲကနေသွားနိုင်တဲ့ စွမ်းရည်တွေပဲ ဖြစ်ပါတယ်။

အလျား ၅ ဒသမ ၄ မီတာရှိတဲ့ အဲဒီဒုံးကျည်ဟာ လေထဲမှာ အသံထက်နှစ်ဆခွဲ ပိုမြန်တဲ့နှုန်းနဲ့ ကီလိုမီတာ ၂၀၀ အထိ ဦးစွာ ပျံသန်းနိုင်ပါတယ်။ ပြီးတဲ့နောက် အသံထက်မြန်ရေပေါ် ရှပ်ပြေးပုံစံမျိုးနဲ့ နောက်ထပ် ကီလိုမီတာ ၂၀ အထိ သွားနိုင်ပါတယ်။

ပစ်မှတ်ဆီကိုမရောက်မီ နောက်ဆုံး ၁၀ ကီလိုမီတာကိုတော့ ဒုံးကျည်ရဲ့နောက်ဆုံး အဆင့်လို့ သတ်မှတ်ထားပါတယ်။ ဒီအဆင့်မှာတော့ ဒုံးကျည်က တော်ပီဒိုတစ်စင်း လိုမျိုး တစ်စက္ကန့်ကို မီတာ ၁၀၀ နှုန်းနဲ့ရေထဲကနေ သွားနိုင်ဦးမှာပါ။

ဒီဒုံးကျည်ကို ဖန်တီးသူများကတော့ တရုတ်နိုင်ငံ ချန်းရှမြို့ရှိအမျိုးသား ကာကွယ်ရေး နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် လီပန်ဖေးနဲ့အဖွဲ့ဖြစ်ပါတယ်။

သူတို့ပြောဆိုချက် အရဆိုရင် လက်ရှိထုတ်လုပ် တပ်ဆင် အသုံးပြုလျက်ရှိတဲ့ ဘယ်လိုသင်္ဘော ကာကွယ်ရေးစနစ်ကမှ အဲဒီဒုံးကျည်ကို မတားဆီးနိုင်ဘူးလို့ သိရပါတယ်။

အဓိကအကြောင်းရင်းကတော့ ဒုံးကျည်ဟာ သူ့ရဲ့ပျံသန်းမှု အခြေအနေကို လိုအပ်သလို ပြောင်းလဲနိုင်တာကြောင့်ပါပဲ။ ဒီလိုမျိုး ပျံသန်းမှု အခြေအနေပြောင်းလဲပြီး ရေထဲကနေ သွားရာမှာ ပူဖောင်းငယ်လေးများကို ဖန်တီးခြင်းအားဖြင့် ပွတ်တိုက်မှုကို လျှော့ချတဲ့နည်းနဲ့ သွားတာဖြစ်ပါတယ်။

မိုးပျံ-ရေကူးဒုံးကျည်ကို ဖန်တီးရာမှာ သိပ္ပံပညာရှင် လီပန်ဖေးနဲ့အဖွဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ဒုံးကျည်ပျံသန်းနိုင်ရေး အတွက် တွန်းအားပေးမယ့် စွမ်းအင်စနစ်ပါပဲ။

ဒုံးကျည်က လေပေါ်ပျံသန်းမှုအတွက် လိုအပ်တဲ့ စွမ်းအင်က အဓိကမဟုတ်ပေမယ့် ရေအောက်ထဲကနေ သွားဖို့အတွက်ကျတော့ စဉ်းစားရပါပြီ။

သာမန်အားဖြင့်ဆိုရင် ရေအောက်ထဲမှာ သွားမယ့် တော်ပီဒိုတွေအတွက် အလူမီနီယံ သို့မဟုတ် မဂ္ဂနီစီယမ်ကို လောင်စာအဖြစ် ရွေးချယ်လေ့ရှိပါတယ်။

ဒါပေမဲ့ မိုးပေါ်ကလည်း ပျံရမယ်၊ ရေထဲကလည်း သွားရမယ်ဆိုတဲ့ အခြေအနေ အတွက်တော့ သမားရိုးကျ လောင်စာတွေကို သုံးလို့မရတော့ပါဘူး။ ဒါကြောင့် သိပ္ပံပညာရှင်များကဘိုရွန်ဒြပ်စင်ကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်စနစ်အတွက် စိန်ခေါ်မှုကို ဖြေရှင်းလိုက်ပါတယ်။

ဘိုရွန်ဆိုတာ အပေါ့စား ဓာတုဒြပ်စင်တစ်ခုဖြစ်ပြီး လေနဲ့ဖြစ်စေ၊ ရေနဲ့ဖြစ်စေ ထိတွေ့လိုက်ပြီဆိုတာနဲ့ ကြီးမားတဲ့အပူ စွမ်းအင်ကို ထုတ်လွှတ်ပေးပါတယ်။

သိပ္ပံပညာရှင်များဟာ မိုးပျံ-ရေကူးဒုံးကျည်အတွက် ဘိုရွန်စွမ်းအင်သုံး လောင်စာခဲ ရမ်ဂျက်အင်ဂျင်ကို တီထွင်ဖန်တီး အသုံးပြုလိုက်ပါတယ်။

အဲဒီအင်ဂျင်မှာ အဓိက အစိတ်အပိုင်းကြီး သုံးရပ်ပါဝင်ပါတယ်။  အဲဒါတွေကတော့ လေသွင်းစနစ်၊ ပေါက်ကွဲခန်းနဲ့ နော်ဇယ်တို့ဖြစ်ပြီး အင်ဂျင်တစ်ခုလုံးက အသံထက်မြန်တဲ့ ပျံသန်းနှုန်းရရှိဖို့အတွက် ရှိပြီးသား နည်းလမ်းကိုသာ အသုံးပြုထားတာပါ။

ဒုံးကျည်အနေနဲ့   ရှေ့ကိုသွားနိုင်ဖို့ အတွက် ဝင်လာတဲ့လေကို ဖိသိပ်မှုအပေါ် မှီခိုနေပေမယ့်လည်း သူ့မှာဘယ်လို လှုပ်ရှားမှု အစိတ်အပိုင်းမှ မပါဝင်ပါဘူး။ ဒီဇိုင်းပိုင်းကရိုးရှင်းတယ်ဆိုပေမယ့် မီးလောင်ပေါက်ကွဲမှု လုပ်ငန်းစဉ်ကတော့  တော်တော်လေးကို ရှုပ်ထွေးပါတယ်။

ဒုံးကျည်ပျံသန်းမှု အတွက် စွမ်းအင်ပေးတဲ့ လောင်စာချောင်းများကို  သတ်မှတ်မီးလောင်မှု နှုန်းထား ရရှိစေဖို့ကို  ထိန်းချုပ် ရတာက သူတို့ရဲ့ဒီဇိုင်းအတွက် အလွန်ကြီးမားတဲ့ အခက်အခဲဖြစ်တယ်လို့ သိပ္ပံပညာရှင် လီပန်ဖေးက ပြောပါတယ်။

မိုးပျံ-ရေကူးဒုံးကျည်အတွက် လောင်စာထဲမှာ ဘိုရွန်ဒြပ်စင်က ၃၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဆိုရရင် ဘိုရွန်ဒြပ်စင်က သာမန်ထက်နှစ်ဆ ပိုမိုပါဝင်နေတာပါ။ ဒါမှလည်း ဒုံးကျည်အတွက်ကြီးမားတဲ့ တွန်းကန်အား ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ ၁၉၅၀ ပြည့်နှစ်များတုန်းက သူတို့အသုံးပြုတဲ့ လေယာဉ်ဆီတွေထဲမှာ ဘိုရွန်ဒြပ်စင်ကို အနည်းငယ်ထည့်သွင်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်ကတော့ အသံထက်မြန်ဗုံးကြဲ လေယာဉ်တွေရဲ့ စွမ်းအင်ကို တိုးတက်စေဖို့ပါ။

ဒါပေမဲ့လည်း မီးလောင်ပြီးသွားတဲ့ ဘိုရွန်အမှုန်တွေကို ထိန်းချုပ်ဖို့ ခက်ခဲတာက တစ်ကြောင်း၊ အင်ဂျင်ထဲမှာ အဲဒီအမှုန် တွေက အလွှာတစ်လွှာအနေနဲ့ ဖြစ်တည်သွားတာကြောင့် အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကျဆင်းတာက တစ်ကြောင်းတို့ကြောင့် အမေရိကန်တို့က အဲဒီစီမံကိန်းကို ဖျက်သိမ်းခဲ့ပါတယ်။

ယနေ့အသံထက်မြန် စစ်လက်နက်နည်းပညာ ယှဉ်ပြိုင်မှု ကဏ္ဍမှာတော့ ဘိုရွန်ကတစ်ဖန် ပြန်လည်ခေတ်စား လာတာဖြစ်ပါတယ်။

ယခုမိုးပျံ-ရေကူးဒုံးကျည်မှာတော့ တရုတ်သိပ္ပံပညာရှင်များက ဘိုရွန်ကိုနာနို အမှုန်လေးများအဖြစ် ပြောင်းလဲပြီး သူ့အပေါ်မှာ အလွှာတစ်ထပ်ကို ထပ်အုပ်ကာ အသုံးပြုထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက အခုလိုမျိုး မိုးပျံ-ရေကူး ဒုံးကျည်မျိုးကို ဖန်တီးထုတ်လုပ် နေပေမယ့်လည်း တချို့သောလေ့လာသူများကတော့ အဲဒီဒုံးကျည်ရဲ့ အားနည်းချက်တွေကို ထောက်ပြထားပါသေးတယ်။

အဲဒီအားနည်းချက်တွေထဲမှာ အထင်ကရဖြစ်တာကတော့ အပူစွမ်းအင် ထုတ်လွှတ်မှုကြီးမားတဲ့ အတွက် အပူငွေ့ရှာရေဒါတွေရဲ့ လက်ကနေပြေးမလွတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တစ်ခုက ပစ်မှတ်ကို ကောင်းစွာထိမှန်နိုင်ဖို့အတွက် လိုအပ်တဲ့ ပဲ့ထိန်းနည်းပညာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ မိုးပျံ-ရေကူးဒုံးကျည်ဟာ တီထွင်ဖန်တီးဆဲ အဆင့်မှာသာ ရှိသေးတဲ့အတွက် လက်တွေ့စမ်းသပ်မှုတွေတော့ မလုပ်ရသေးပါဘူး။

ဒါ့အပြင် တကယ်တမ်းမှာ လက်တွေ့အလုပ်ဖြစ်မလား၊ အလုပ်မဖြစ်ဘူးလား ဆိုတာကိုလည်း အတိအကျ မသိနိုင်သေးပါဘူး။

ဒါပေမဲ့လည်း တော်ရုံလူတွေ မစဉ်းစားမိတဲ့ နည်းလမ်းကို စဉ်းစားပြီး အဲဒီနည်းလမ်းအတိုင်း တိုက်ခိုက်နိုင်ဖို့အတွက် ဒုံးကျည်ဖန်တီးနေတဲ့ တရုတ်နိုင်ငံကတော့ ဒုံးကျည်နည်းပညာမှာ သူမတူအောင်တိုးတက်လာပြီလို့ ဆိုရမှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။    ။