ကိုဗစ်-၁၉ ရောဂါ၏ ဆေးရုံများအပေါ်သက်ရောက်မှုများ
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်လွှားရှိဆေးရုံများအပေါ် သက်ရောက်မှုများဖြစ်ပေါ်စေခဲ့တယ်။ ကိုဗစ်-၁၉ ကာလတွင် ဆေးရုံများသည် အရေးပေါ်ကုသမှုခံယူရန်မလိုသော လူနာအတော်များများကို ပြန်လည်ချိန်းဆိုခြင်း သို့မဟုတ် ကုသမှုခံယူရန်ရက်နောက်ဆုတ်ခြင်းများ လုပ်ဆောင်ခဲ့ကြရပါတယ်။
ထိုသို့ဆောင်ရွက်ရခြင်းကြောင့် ဆေးရုံများနှင့် ပုံမှန်ကုသမှုခံယူနေသူများအတွက် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေတယ်။ ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးနှင့် လူမှုစနစ်များသည် ကိုဗစ်-၁၉ကာလအတွင်း ရုန်းကန်လည်ပတ် ခဲ့ကြရပါတယ်။ ကျန်းမာရေးနှင့် လူနေမှုစနစ်အားနည်းသော ဝင်ငွေနိမ့်တိုင်းပြည်များ အတွက်မူ ပိုမိုပြင်းထန်သည့် ကြီးမားသောစိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။ ကိုဗစ်-၁၉ရောဂါပြင်းထန်နေချိန် ကာလများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် နေရာအများစုသည် ဝန်နှင့်အား မမျှတမှုကြောင့် ဆေးရုံပိတ်ရခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခြင်းမျိုး တွေ့ရှိရတယ်။ ပုံမှန်ဆောင်ရွက်ပေးနေသော မိခင်နှင့်ကလေးဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုများမှာ ကိုဗစ်ကာလအတွင်း ဆောင်ရွက်နိုင်မှု အားနည်းသွားသည့်အတွက် မိခင်နှင့် ကလေးသေဆုံးနှုန်းများ မြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိရတယ်။
ကျန်းမာရေးကဏ္ဍရှိ လူသားအရင်းအမြစ်များသည် ကိုဗစ်-၁၉ရောဂါကာလအတွင်း ၎င်းတို့၏ ပုံမှန်လုပ်ငန်းများထက် ပိုမိုဆတိုး လုပ်ဆောင်ခဲ့ကြရတယ်။ သူနာပြုများနှင့် ဆရာဝန်များ တာဝန်ကျချိန် ပိုမိုများပြားလာခြင်း၊ တာဝန်ချိန်ပိုမိုရှည်ကြာလာခြင်း စသည်တို့ကြောင့် ပိုမိုပင်ပန်းကြတယ်။ ကျန်းမာရေးဝန်ထမ်းများ အကြားတွင်လည်း ကိုဗစ်-၁၉ကူးစက်ခံရမှုများ ရှိခဲ့သည့်အတွက် မြွေပူရာ ကင်းမှောင့် ဆိုသလို လက်ကျန်လူအင်အားဖြင့်သာ ရုန်းကန်ခဲ့ကြရတယ်။
စောင့်ကြည့်လေ့လာမှုများအရ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည့် ၁၂ ပတ်တာကာလအတွင်း ခွဲစိတ်ကုသမှုပေါင်း ၂၈ ဒသမ ၄ သန်းကို ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ကင်ဆာခွဲစိတ်မှုပေါင်း ၂ ဒသမ ၃ သန်းခန့်ကိုလည်း ခွဲစိတ်မှု ရွှေ့ဆိုင်းခဲ့ရကြောင်း တွေ့ရှိရတယ်။ ခန့်မှန်းချက်အရ ခွဲစိတ်မှုများ၏ ၇၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို သတ်မှတ်ရက်တွင် မခွဲစိတ်နိုင်ဘဲ ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရတယ်။
ကိုဗစ်-၁၉ကူးစက်လူနာများအနေဖြင့် ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာများ ဖြစ်ပွားလေ့ရှိတာကြောင့် သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာတာကိုတွေ့ရှိရတယ်။ ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက် ခုနစ်ပတ်ခန့်အကြာမှ ခွဲစိတ်ခြင်းသည် ထိုကဲ့သို့ နောက်ဆက်တွဲ အဆုတ်ရောဂါဖြစ်ပွားမှုကို သိသိသာသာ လျော့ကျစေကြောင်းကိုလည်း တွေ့ရှိရတယ်။ ထို့ကြောင့် အရေးပေါ် အခြေအနေမဟုတ်သည့် ခွဲစိတ်မှုများကို ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေစဉ်ကာလများအတွင်း ဆိုင်းငံ့ထားကြခြင်း ဖြစ်တယ်။ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးပြီးနောက် ပိုးမတွေ့သူများအနက်မှ ကာကွယ်ဆေး ထိုးထားပြီးသူများကို ဦးစားပေးခွဲစိတ်မှုများ လုပ်ဆောင်လာကြတယ်။
ဆေးရုံသို့ လာရောက်လူနာမေးခွင့်
ကိုဗစ်-၁၉ရောဂါကာလအတွင်း ဆေးရုံများအနေဖြင့် အကြီးမားဆုံးပြောင်းလဲမှုဆိုင်ရာများအနက်မှ တစ်ခုမှာ လူနာလာရောက်ကြည့်ရှုခွင့်ဖြစ်တယ်။ လေ့လာမှုများအရ လူနာရှင်မိသားစု၏ ပံ့ပိုးကူညီမှုသည် ပြန်လည်နာလန်ထူရန် အချိန်ပိုမိုမြန်ဆန်စေပြီး ဆေးရုံတက်ရောက်ကုသမှုကာလကို ပိုမိုတိုတောင်းစေနိုင်တာ တွေ့ရှိရတယ်။ လူနာများ သည် ပုံမှန်အားဖြင့် ၎င်းတို့၏ မိသားစုဝင်များ ရှိနေစဉ် ဆေးရုံတွင် စိုးရိမ်မှုနည်းပါးပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ခံစားကြရတယ်။ မိသားစုရှိနေပြီး လူနာ၏ လိုအပ်ချက်များကို ကူညီပေးနိုင်သည့်အခါ ဆေးဘက်ဆိုင်ရာအမှားအယွင်းများ လျော့ပါးသွားသည်ကို တွေ့ရှိခဲ့တယ်။
ပုံမှန်အခြေအနေတွင် သူနာပြုများ၏တာဝန်မှာ လူနာ၏လိုအပ်ချက်များကို ဆေးဘက်ဆိုင်ရာရောဂါ ရှာဖွေမှုများဖြင့် ကူညီပေးရန် သို့မဟုတ် မိသားစုအား ခက်ခဲသော ဆေးဘက်ဆိုင်ရာ အချက်အလက်များအတွက် ပံ့ပိုးကူညီရန်ဖြစ်တယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် လူနာခုတင်အနီးနှင့် မိသားစုလိုက်လူနာမေးသည့် အလေ့အထကို ပြောင်းလဲသွားစေခဲ့တယ်။ ဤအခြေအနေတွင် သူနာပြုများသည် လူနာအတွက် မိသားစုကိုယ်စား လူနာစောင့်များ အဖြစ် တာဝန်ရှိလာခဲ့တယ်။ လူနာများ၏ စိတ်ခံစားမှုနှင့် ဝေယျာဝစ္စများကိုအသေးစိတ်ပြုစုဆောင်ရွက်ရသည့်အခါ သူနာပြုများ၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပြီး ထိုမှတစ်ဆင့်ဆေးရုံ၏ လူနာအပေါ် ဝန်ဆောင်မှုကိုပါ ထိခိုက်စေနိုင်တယ်။
ဆေးရုံသို့ လူနာလာရောက်မေးမြန်းခွင့်ဆိုင်ရာ ကန့်သတ်ချက်များအပေါ် ဖြေရှင်း ဆောင်ရွက်မှုများ
ကိုဗစ်-၁၉ရောဂါကြောင့် မိသားစုဝင်များ ဆေးရုံသို့ ဝင်ခွင့်ကန့်သတ်ချက်များ ကန့်သတ်ထားသောကြောင့် ကျန်းမာရေးဝန်ထမ်းများသည် နည်းပညာ အရင်းအမြစ်ကို အသုံးပြု၍ လူနာများကိုပံ့ပိုးကူညီရန် နည်းလမ်းများကို ရှာဖွေခဲ့ကြတယ်။ ကင်မရာစနစ်များနှင့်အတူ Face Time နှင့် Skype ကိုအသုံးပြုထားသော web-based ဗီဒီယိုကွန်ဖရင့်များ၊ Viber၊ messenger ကဲ့သို့ အက်ပလီကေးရှင်းများသည် ဆေးရုံဆက်တင်များတွင်အသုံးပြုရာ၌ အလွန်အကျိုးထူးကြောင်း တွေ့ရှိတယ်။ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အစားထိုးဖြည့်ဆည်း ပေးသူမှာ လူမှုရေးပရဟိတ အသင်းအဖွဲ့များပင်ဖြစ်တယ်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောစနစ်များတွင် လူမှုရေးအသင်းအဖွဲ့များ၏ အခန်းကဏ္ဍမှာ ကူးစက်မှုခြေရာကောက်ခြင်းမှသည် လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် နေ့စဉ်အစားအစာ၊ အသုံးအဆောင်များ ထောက်ပံ့ပေးသည်အထိ ကျယ်ပြန့်လှပါတယ်။ အချို့နိုင်ငံများတွင် လူနာများအချင်းချင်းအကြား အွန်လိုင်းမှ တစ်ဆင့် အပြန်အလှန်အားပေးနှစ်သိမ့်နိုင်ရန် လူမှုကွန်ရက် Group များ၊ Chat Group များ စုဖွဲ့ပေးထားပြီး ကိုဗစ်-၁၉ရောဂါကာလအတွင်း လူနာနှင့်ထိတွေ့ရန်မလိုဘဲ ပံ့ပိုးပေးနိုင်ရန် နည်းလမ်းကောင်းများ ရှာဖွေကြလေ့ရှိတယ်။
အာရှနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါအပေါ် ဆေးကုသမှုပေးခြင်းဆိုင်ရာ ရင်ဆိုင်တုံ့ပြန်မှုများ
တရုတ်နိုင်ငံတွင် လူနာအမြောက်အမြား တစ်ပြိုင်နက်တက်ရောက်ကုသနိုင်ရန် ဆေးရုံအသစ်များကို လျင်မြန်စွာ တည်ဆောက်ခဲ့ကြတယ်။ အင်ဒိုနီးရှားအနေဖြင့် နိုင်ငံသား ၁၀၀၀၀ လျှင် ဆရာဝန် လေးဦးနှင့် သူနာပြု ၂၁ ဦးသာရှိသည့်အတွက် ကျန်းမာရေးဝန်ထမ်းအရေအတွက် အနည်းငယ်မျှဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြရတယ်။ အချို့သောဆေးရုံများသည် လူနာများကို ရောဂါပိုးရှိ၊ မရှိ မှန်ကန်စွာစစ်ဆေးခြင်း မပြုနိုင်သည့်အပြင် လုံလောက်သော၊ အရည်အသွေးရှိသော၊ အမှန်တကယ် လိုအပ်သော တစ်ကိုယ်ရေကာကွယ်ရေး ပစ္စည်းကိရိယာ (PPE) များကို ရရှိရန်ခက်ခဲကြောင်း သိရှိရတယ်။
အိန္ဒိယနိုင်ငံတွင် မြို့တော်ဒေလီနှင့် အခြားမြို့ကြီးများ၌ ဆေးရုံခုတင်များ ပြတ်တောက်သွားသဖြင့် ရောဂါပြင်းထန်မှု မရှိသည့် လူနာများကို နေအိမ်တွင်သာ ကုသပေးနိုင်ရန် နည်းလမ်းများ ကျင့်သုံးခဲ့ရတယ်။ မရှိမဖြစ်လိုအပ်သော ဆေးဝါးများနှင့် အောက်ဆီဂျင်များ၏ ဝယ်လိုအားမြင့်မားလာခြင်းကြောင့် လူများလက်လှမ်းမမီနိုင်ဘဲ ဈေးပေါပြီး ထိရောက်မှုမရှိသောဆေးဝါးများ ဈေးကွက်တွင် ပျံ့နှံ့လာခဲ့တယ်။ ဓာတ်ခွဲခန်းများတွင် လူအများကြိတ်ကြိတ်တိုးနေပြီး စမ်းသပ်မှုရလဒ်ရရှိရန်အတွက် ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ကြရတယ်။
ကျန်းမာရေးကဏ္ဍတွင် အစဉ်အမြဲတည်ရှိနေခဲ့သောပြဿနာများသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ရောဂါဖြစ်ပွားချိန်တွင် ပိုမိုထင်ရှားလာပါတယ်။
ကိုဗစ်-၁၉ လူနာများ အစုလိုက်အပြုံလိုက် ဆေးရုံတက်ရောက်ကုသကြခြင်းကြောင့် ဆရာဝန်များနှင့် သူနာပြုများသည် တာဝန်ချိန်ပြင်ပအထိ နေ့စဉ်ရက်ဆက် မရပ်မနားပြေးလွှားနေရတယ်။
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် အထွေထွေဆရာဝန်များပြတ်လပ်မှုအပြင် ကူးစက်ရောဂါအထူးကု ဆရာဝန်များ ရှားပါးမှုကိုပေါ်လွင်စေခဲ့တယ်။
သို့တိုင်အောင် ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ဆေးရုံခုတင်အရေအတွက် ပိုများသော နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံရှိ ဆေးရုံခုတင်အရေအတွက်သည် ပြင်သစ်နိုင်ငံထက်နှစ်ဆပိုများပြီး အမေရိကန်ထက် ငါးဆနီးပါးပိုများကြောင်း သိရှိရတယ်။ ထိုင်းနိုင်ငံတွင် လူနာများက ကိုဗစ်-၁၉ ကူးစက်ခံရခြင်းကို ဖုံးကွယ်ထားခဲ့သည့်အတွက် ဆေးရုံဝန်ထမ်းများထံ ဗိုင်းရပ်ကူးစက်ခြင်းမဖြစ်ပွားစေရန် ဆေးရုံရှစ်ရုံကို ယာယီပိတ်ထားခြင်းများ ဆောင်ရွက်ခဲ့ရတယ်။
ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားကတည်းက ပုဂ္ဂလိကဆေးရုံများရှိ သူနာပြု ၄၀ ရာခိုင်နှုန်းနီးပါးသည် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း ဖိလစ်ပိုင်ပုဂ္ဂလိက ဆေးရုံအသင်း၏ ကြေညာချက်အရ သိရှိရတယ်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကျန်းမာရေးဝန်ထမ်းများသည် အထူးကိုရိုနာဗိုင်းရပ် အန္တရာယ် ထောက်ပံ့ကြေးအပါအဝင် လက်ခံရရှိခြင်း မရှိသေးသည့် ကျန်းမာရေးလုပ်အားခဆိုင်ရာ ခံစားခွင့်များကို ပေးအပ်ရန်အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ မလေးရှားနိုင်ငံတွင်လည်း သူနာပြုများသည် လုပ်ငန်းခွင်ဆိုင်ရာ မကျေနပ်မှုများနှင့် ရင်ဆိုင်လာရသည့်အတွက် အလုပ်ထွက်ရန်နှင့် အသက်မွေးဝမ်းကျောင်း အသစ်ရှာရန် အလားအလာများ တိုးမြင့်လာခဲ့တယ်။
အချုပ်အားဖြင့်ဆိုရလျှင် ကိုဗစ်-၁၉ ရောဂါသည် ၂၁ ရာစု ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ်များစွာ ထိုးနှက်ချက်များဖြစ်စေခဲ့တယ်။ အချိန်တိုအတွင်း အစုလိုက်အပြုံလိုက် ကူးစက်ခံရသော လူနာများသည် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ ဆေးရုံများသည် တောင့်မခံနိုင်ကြောင်း၊ ပိုမိုရှင်းလင်းလွယ်ကူပြီး နည်းပညာအကူအညီရယူကာ ပြည့်စုံသည့် ဆေးကုသမှုစနစ် လိုအပ်ကြောင်း မီးမောင်းထိုးပြလျက်ရှိတယ်။ ကိုဗစ်-၁၉ ရောဂါသည် ဆေးရုံများစီမံခန့်ခွဲမှုဆိုင်ရာ သင်ခန်းစာများစွာ ရရှိပါစေကြောင်း ရေးသား တင်ပြလိုက်ရ
ပါတယ်။
ကိုဇေ