အိုဇုန်းလွှာထိန်းသိမ်းရေးမှသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆီသို့

အိုဇုန်းလွှာထိန်းသိမ်းရေးမှသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆီသို့

အိုဇုန်းလွှာ

အိုဇုန်းလွှာသည် ကမ္ဘာ့လေထုထဲတွင်ရှိသော အလွှာတစ်လွှာဖြစ်ပြီး ထိုအလွှာထဲတွင် အိုဇုန်းဓာတ်ငွေ့စုစည်းမှု အများအပြားပါဝင်သည်။ အိုဇုန်းလွှာသည် နေမှလာပြီး ကမ္ဘာပေါ်ရှိသက်ရှိတို့ကို   ပျက်စီးစေနိုင်သော ခရမ်းလွန်ရောင်ခြည်များ၏ ၉၀ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိကို စုပ်ယူပေးလေ့ရှိသည်။ အိုဇုန်းလွှာသည်စထရာ တိုစဖီးယားအလွှာ၏ အောက်ဘက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်အထက် ၁၉ မိုင်မှ ၂၅ မိုင် (၃၀ ကီလိုမီတာမှ ၄၀ ကီလိုမီတာ)ခန့်အကွာတွင်ရှိသည်။

အထူမှာမူ ရာသီဥတုနှင့် ပထဝီအနေအထားပေါ် မူတည်၍ပြောင်းလဲမှုရှိသည်။ အိုဇုန်းလွှာကို  ၁၉၁၃ ခုနှစ်တွင် ပြင်သစ်ရူပဗေဒပညာရှင်ချားလ်စ်ဖာဘရီနှင့် အွန်နရီဘွီဆန်တို့က ရှာဖွေတွေ့ရှိခဲ့ပြီး အိုဇုန်းလွှာ၏ ဂုဏ်သတ္တိများကို ဗြိတိသျှလေထုပညာရှင်ဂျီအမ်ဘီဒေါ့ဘ်ဆန်က အသေးစိတ်လေ့လာခဲ့သည်။ ဒေါ့ဘ်ဆန်သည် စပက်ထရိုဖိုတိုမီတာ သို့မဟုတ် ဒေါ့ဘ်ဆန်မီတာဟုခေါ်သော အိုဇုန်းလွှာကိုမြေကြီးပေါ်မှ တိုင်းတာသည့် ကိရိယာကိုတီထွင်ဖန်တီးခဲ့သည်။ ၁၉၂၈ မှ ၁၉၅၈ ခုနှစ်အတွင်းတွင် ဒေါ့ဘ်ဆန်သည် ကမ္ဘာတစ်ဝန်းလုံးတွင်  အိုဇုန်းလွှာစောင့်ကြည့်သည့်စတေရှင်များကို တည်ထောင်ခဲ့သည်။

ကမ္ဘာ့လေထုအလွှာများ

စာရေးသူတို့နေထိုင်ရာကမ္ဘာကြီးကိုလေထုမှ ဝန်းရံထားသည်။ ကမ္ဘာမြေကြီး၏ ဆွဲအားကြောင့် လေထုသည်လည်း ကမ္ဘာနှင့်အတူလိုက်ပါလည်ပတ်နေသည်။ ကမ္ဘာ့လေထုသည် အလွှာလေးခုဖြင့် ဖွဲ့စည်းထားသည်။ လေထုအလွှာလေးလွှာမှာ ထရိုပိုစဖီးယားအလွှာ၊ စထရာတိုစဖီးယားအလွှာ၊ မီဆိုစဖီးယားအလွှာ၊ သာမိုစဖီးယားအလွှာတို့ဖြစ်သည်။  ထရိုပိုစဖီးယားအလွှာသည်အောက်ဆုံးအလွှာဖြစ်ပြီး  ကမ္ဘာ့မြေမျက်နှာပြင်နှင့် အနီးကပ်ဆုံးအလွှာဖြစ်၍ အမြင့်ပေ ၁၀ ကီလိုမီတာသာရှိသည်။ စထရာတိုစဖီးယား အလွှာသည် ထရိုပိုစဖီးယားအလွှာ၏အထက်တွင်ရှိပြီး အမြင့် ၁၀ ပေမှ ၅၀ ကီလိုမီတာအထိရှိသည်။ ဤအလွှာ၏အပေါ်ဆုံးပိုင်းကို အိုဇုန်းလွှာဟုခေါ်သည်။   မီဆိုစဖီးယားအလွှာသည် လေထု၏တတိယမြောက် အလွှာဖြစ်ပြီး အမြင့်ပေ ၅၀ မှ ၉၀ ကီလိုမီတာအထိမြင့်သည်။ အပူချိန်နည်း၍အအေးဆုံးအလွှာဖြစ်ပြီး လေထုသည်သုညအောက် ၈၀ ဒီဂရီ အထိအေးသည်။ သာမိုစဖီးယားအလွှာသည်အမြင့်ပေ ၉၀ မှ ၁၂၀ ကီလိုမီတာအထိတည်ရှိပြီး လေထုသိပ်သည်းဆအလွန်နည်းပါးပေသည်။

အိုဇုန်းဓာတ်ငွေ့

အိုဇုန်းဓာတ်ငွေ့သည် အောက်ဆီဂျင်အက်တမ်သုံးလုံးပါဝင်သောမော်လီကျူးဖြစ်သည်။ အပြာရောင် ဖျော့ဖျော့ဖြစ်ပြီး အနံ့ပြင်းသဖြင့်  ကမ္ဘာမြေပေါ်တွင်ရှိပါက လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည်။ အောက်ဆီဂျင် အက်တမ်များနှင့် မော်တော်ယာဉ်များ၊ စက်ရုံများမှထုတ်လွှတ်လိုက်သော  နိုက်ထရိုဂျင်တို့ ပေါင်းစပ်ပြီး စထရာတိုစဖီးယားအလွှာမှ   အပူချိန်ကူညီပေးခြင်းကြောင့် အိုဇုန်းဓာတ်ငွေ့အဖြစ် ပြောင်းလဲသွားကြသည်။

အိုဇုန်းလွှာတည်ရှိခြင်းသည်   လူသားတို့အတွက် အန္တရာယ်ဖြစ်စေသော  နေရောင်ခြည်မှလာသည့် ခရမ်းလွန်ရောင်ခြည် (UVB) ကို ၉၅ ရာခိုင်နှုန်း၊ (UVB) ကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူပေးထားနိုင်ပေသည်။

အိုဇုန်းလွှာပျက်စီးရသည့် အကြောင်းရင်းအိုဇုန်းလွှာပါး၍ ပျက်စီးရခြင်းမှာ ကလိုရိုဖလူရိုကာဗွန် (CFCs)၊  ဖရီယွန်  (Freons)  နှင့်ဟေလုံ (Halons) ဒြပ်ပေါင်းများကြောင့်ဖြစ်ကြောင်း ၁၉၇၄ ခုနှစ်တွင် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။

ယခုအခါအသုံးများလာသော လေအေးပေးစက်၊ ရေခဲသေတ္တာတို့မှ ကလိုရင်း၊ ဖလိုရင်း၊ ဘရိုမင်းစသော ဓာတ်ငွေ့များပါသည့်  ဒြပ်ပစ္စည်းများသည်လည်း အိုဇုန်းလွှာကိုပျက်စီးစေသည်။

၁၉၇၀ ပြည့်နှစ်ဝန်းကျင်တွင် သိပ္ပံပညာရှင်များက အိုဇုန်းလွှာကိုပျက်စီးစေသည့် (CFCs) ကလိုရိုဖလူရိုကာဗွန်ကို တွေ့ရှိလာရသည်။   ထိုဓာတ်ငွေ့သည် ခြင်ဆေးဘူး၊ စပရေးဘူး၊ တီဗွီ၊ ကွန်ပျူတာများမှ ထွက်ရှိနေသည်။ ထို (CFCs) မော်လီကျူးတစ်ခုသည် အိုဇုန်းမော်လီကျူးပေါင်းတစ်သိန်းခန့်ကို ဖျက်ဆီးနိုင်ပေသည်။ထို့ပြင် စက်ရုံ၊ အလုပ်ရုံများမှထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုက်၊ ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာတို့မှထွက်လာသော နိုက်ထရိုဂျင်ဓာတ်ငွေ့တို့သည်လည်း အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည်။

အိုဇုန်းလွှာ၏အနိမ့်ဆုံးအထူမှာ ၂၀ ဒေါ့ဘ်ဆန်ယူနစ် ၂ ဒသမ ၂ မီလီမီတာဖြစ်ပြီး ထိုပျမ်းမျှအထူထက် လျော့နည်းလာခြင်းကို အိုဇုန်းလွှာပေါက်ခြင်း သို့မဟုတ် ပျက်စီးခြင်းဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် သိပ္ပံပညာရှင်များက ပထမဆုံးအိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်အပေါ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ၉၄ ဒေါ့ဘ်ဆန်ယူနစ်နှင့် ၂၀၁၆ ခုနှစ်တွင် ၁၂၄ ဒေါ့ဘ်ဆန်ယူနစ်သာရှိကြောင်းတွေ့ရှိခဲ့ကြသည်။

အိုဇုန်းလွှာပျက်စီးခြင်းကြောင့် ရာသီဥတုပြောင်းလဲမှုနှင့်ကျန်းမာရေးဆိုးကျိုးများ

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် အာတိတ်နှင့်အန္တာတိကတိုက်သို့ နေရောင်ခြည်လွန်ကဲစွာကျရောက်ပြီး ကြီးမားသောရေခဲတုံးများ အရည်ပျော်၍ ပင်လယ်ရေထုရေမျက်နှာပြင်မြင့်တက်လာရသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံကြီးများတွင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း စသောရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ထို့ပြင် အပူချိန်လွန်ကဲခြင်းကြောင့် သစ်တောသစ်ပင်များပျက်စီးရပြီး သစ်တောပြုန်းတီးမှု များလည်း ဖြစ်ပေါ်လာရသည်။

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊ ကိုယ်ခံအားကျဆင်းမှုရောဂါများ ဖြစ်စေနိုင်သည့်အပြင် သီးနှံအထွက်နှုန်းလျော့နည်းမှု၊ ဇီဝမျိုးစိတ်များပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးမှုအပြင်  ရုပ်ဝတ္ထုဆိုင်ရာပျက်စီးမှုများလည်း ဖြစ်လာနိုင်ပေသည်။ ခရမ်းလွန်ရောင်ခြည် ကျရောက် မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေ နှစ်သန်းမှ သုံးသန်းအထိ အရေပြားကင်ဆာ ဖြစ်ပွားလျက်ရှိပြီး နှစ်စဉ်လူဦးရေ ၆၆၀၀၀ ခန့်သေဆုံးမှု ဖြစ်ပွားကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP)  အစီရင်ခံစာအရ သိရှိရပေသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

အိုဇုန်းလွှာပျက်စီးခြင်းကို ကမ္ဘာ့နိုင်ငံများဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်   အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲ စာချုပ်ကို(၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်) နေ့တွင် လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းပါဝင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သော စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

အိုဇုန်းလွှာပျက်စီးမှုထိန်းသိမ်းရေးဆောင်ရွက်ချက်များ

 မြန်မာနိုင်ငံသည်အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့်  ကလိုရိုဖလူရိုကာဗွန်  (CFCs)ထုတ်လုပ် အသုံးပြုမှုကို ၂၀၁၀ ပြည့်နှစ်ကပင် ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) များ အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်ကန့်သတ် ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ ကမ္ဘာ့နိုင်ငံအားလုံး၏  အိုဇုန်းလွှာကာကွယ်ရေးကြိုးပမ်းမှုများကြောင့် ၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ၃၅  ဘီလီယံတန်ခန့်နှင့်ညီမျှသည့်  အိုဇုန်းလွှာကိုပျက်စီးစေသောဓာတ်ငွေ့များ လေထုအတွင်းထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခဲ့ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့သည်။

ယခုအခါ အိုဇုန်းလွှာကိုပျက်စီးစေသော အအေးပေးဒြပ်ပစ္စည်းများအား အစားထိုးအသုံးပြုနေသည့် ဟိုက်ဒရိုဖလူရိုကာဗွန် ( CFCs) များသည် အင်အားကြီးသောမှန်လုံအိမ်အာနိသင်ရှိသည့် (Greenhouse Gas-GHGs) ဓာတ်ငွေ့များဖြစ်ကြောင်း တွေ့ရှိချက်များအရ (HFCs) များ ထုတ်လုပ်မှု၊ သုံးစွဲမှုတို့ကို လျှော့ချနိုင်ရန်  မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးတွင် ကီဂါလီ ပြင်ဆင်ချက်ကို ချမှတ်ခဲ့ကြပြီး (HFCs) များ ထုတ်လုပ်သုံးစွဲမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀  ပြည့်နှစ်တို့မှစ၍လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂၀၁၉ ခုနှစ်မှစ၍လည်းကောင်း လျှော့ချခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်းကိုပါ   တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုဖြင့် အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်လျက်ရှိပေသည်။

အိုဇုန်းလွှာထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး

အိုဇုန်းလွှာမပျက်စီးရန် ထိန်းသိမ်းရေးအတွက်ရေခဲသေတ္တာ၊  လေအေးပေးစက် စသည့် အအေးပေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင်  Ozone Friendly  (33)  CFC/HCFC Free(38) Energy Efficiency အမှတ်အသားပါသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရမည်။ ဟေလုံပါဝင်သည့် မီးသတ်ဆေးဘူးများ သုံးစွဲမှုကို ရှောင်ကြဉ်ကြရမည်။ ပန်းနာရောဂါနှင့် နာတာရှည်အဆုတ်ရောဂါအတွက် ကလိုရိုဖလူရိုကာဗွန် - CFC ပါဝင်သော ရှူဆေးများအစား  အခြားခေတ်မီအစားထိုးကုသနည်းများကို ခံယူကြရမည်။ ပြည်ပသို့တင်ပို့သည့် သီးနှံထုတ်ကုန်များကို  ပိုးသတ်ရာတွင် မီသိုင်းဘရိုမိုဒ်- CH3Br အစား အခြားအိုဇုန်းလွှာ ထိခိုက်မှုမရှိသည့် အစားထိုးပစ္စည်းများကိုအသုံးပြုကြရမည်။ မှန်လုံအိမ်အာနိသင်ရှိသည့် အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်း၊ စနစ်တကျသုံးစွဲခြင်းဖြင့် အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ထိန်းသိမ်းရမည်။  မလိုအပ်ဘဲ  လျှပ်စစ်ဆိုင်ရာပစ္စည်းများသုံးစွဲခြင်း၊ မော်တော်ယာဉ်သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရမည်။

လူသားတို့နှင့်သဘာဝပတ်ဝန်းကျင်သည် အပြန်အလှန်အမှီသဟဲပြုနေသော ဂေဟအဖွဲ့အစည်းဖြစ်သည်။ လူသားတို့၏မဆင်မခြင်ပြုမူလိုက်သော အကြောင်းတရားများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်ပြီး အိုဇုန်းလွှာပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်ပေါ်လာရသည်။ ဂေဟစနစ်ညီမျှနေရန်အတွက်   သဘာဝသယံဇာတအရင်းအမြစ်များ အလွန်အကျွံသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများစုပုံခြင်း၊ သစ်တောသစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းများကို ရှောင်ကြဉ်ကြရမည်။  အဓိကအားဖြင့်  သစ်တောသစ်ပင်များသည်လေထုထဲရှိ  ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးသည်။ လေထု သန့်စင်သည့်အခါ အိုဇုန်းအလွှာကို ထိခိုက်မှုလျော့နည်းလာမည်။  အိုဇုန်းလွှာပျက်စီးမှု လျော့နည်းလာလျှင် ရာသီဥတုသည်လည်း ဆိုးရွားသောပြောင်းလဲမှုရှိမည်မဟုတ်ချေ။ ထို့ကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆီသို့ ဆောင်ပုဒ်အရ လျှပ်စစ်ပစ္စည်းသုံးစွဲခြင်းလျှော့ချ၍  သစ်တောသစ်ပင်များ စိုက်ပျိုးကြပါစို့ဟု တိုက်တွန်း ရေးသားရပေသည်။    ။

နုခန့်ယဉ်(ရစ်ကန်ကြီး)