သစ်တော်သီးနှင့်ကျန်းမာရေး

သစ်တော်သီးနှင့်ကျန်းမာရေး

သစ်တော်သီးဟုဆိုလိုက်သည်နှင့်  အညိုရောင်အခွံပေါ်မှာ အစက်အပြောက်လေးများပါရှိနေပြီး အလယ်ချက်တိုင်တစ်ဝိုက်တွင်  အနက်ရောင်အစေ့တချို့ရှိနေကာ အတွင်းသားက ဖြူဖြူကြွပ်ကြွပ်လေးဖြင့် ချိုချိုချဉ်ချဉ် အရသာလေးကို စားဖူးသူတိုင်း သိနေကြမည်ဖြစ်သည်။ သစ်တော်သီးက မိုးရာသီစာ သစ်သီးဝလံ တစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိ  တွေ့ရတတ်သည်။        

အင်္ဂလိပ်အမည် စနမေ ဟုခေါ်သည့် သစ်တော်သီး ကို ရှင်သန်ပေါက်ရောက်ရာ  ဥတုရာသီနှင့်ရေမြေဒေသအရ အစိမ်း၊ အညို၊ အနီ၊ အဝါ စသည်ဖြင့် တွေ့ရတတ်သည်။ အရောင်အသွေးနှင့်ပုံသဏ္ဌာန်တို့ပေါ် မူတည်ပြီး    ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ ခွဲခြား ထားသည်။   အာရှသစ်တော်သီးက အရွယ်အစားမကြီးမားဘဲ  လုံးဝန်းကာ  အပေါ်ယံအခွံတွင် အစက်အပြောက်များပါရှိသည်။  ၎င်းအခွံသည် အတော်အတန်မာတင်းသောအနေအထားရှိပြီး အသီးမှည့်သည်အထိ   ထူးထူးခြားခြားပြောင်းလဲမှုမရှိတတ်ပေ။  ဥရောပသစ်တော်သီးများကမူ မှည့်လာသည်နှင့်အမျှ  တဖြည်းဖြည်းပျော့ပျောင်းလာပြီး အရည်ရွှမ်းလာကြသည်။

မြန်မာနိုင်ငံတွင် သစ်တော်သီးကို သရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိသည်။  အခြားနိုင်ငံများတွင် အချိုပွဲအနေဖြင့်စားရုံသာမက   စည်သွတ်ဘူးများပြုလုပ်ခြင်း၊   ဖျော်ရည်နှင့်သစ်သီးခြောက်များ ပြုလုပ်ခြင်းစသည်ဖြင့် ပုံစံမျိုးစုံထုတ်လုပ်ရောင်းချနေကြသည်။ ကမ္ဘာအနှံ့အပြား သစ်တော်သီးမျိုးကွဲပေါင်း ၃၀၀၀ ကျော်ရှိရာ ၎င်းတို့အနက်    ထင်ရှားကျော်ကြားသော  သစ်တော်သီးမျိုးကွဲတချို့ကို အောက်ပါအတိုင်း  လေ့လာတွေ့ရှိရသည်။

          Bosc အမျိုးအစားသည်  အညိုရောင်ခပ် ရှည်ရှည်ဖြစ်ပြီး အရသာမှာပျားရည်ကဲ့သို့ ချိုသည်။

          Bartlett အမျိုးအစားသည် အဝါရောင် စိမ်းဖန့်ဖန့်ဖြစ်ပြီး ချိုချဉ်အရသာရှိသည်။

          Comice အမျိုးအစားသည် အနီအစိမ်းရောယှက်နေပြီး  ပုလုံးလုံးသဏ္ဌာန်ဖြစ်ကာ ပျော့ပျောင်းနူးညံ့ပြီး         အရည်လည်းရွှမ်းသည်။

          Forelle သည် အလုံးအသေးမျိုးဖြစ်ပြီး ဝါညို    ရောင်ရှိကာ အရသာချို၍ အရည်ရွှမ်းသည်။

          Green Anjou အမျိုးအစားသည် အစိမ်းရောင် ပုတိုတိုဖြစ်ပြီး အရသာမှာချဉ်ဖြုံးဖြုံးလေးဖြစ်သည်။

          Red Anjou အမျိုးအစားသည် အနီရဲရဲဖြစ်ကာ ချိုချဉ်အရသာရှိပြီး မဆိုသလောက်ခါးသည်။

          Red Bartlett အမျိုးအစားသည်   အနီတောက် တောက်ပေါ်တွင်  အညိုရောင်အစင်းကြားရှိကာ          အရသာချိုမြပြီး အရည်ရွှမ်းသည်။

          Seckel အမျိုးအစားသည်   သံလွင်သီးကဲ့သို့ အရွယ်အစားသေးငယ်ပြီး  အစိမ်းရောင်ပေါ်တွင် အနီကွက်တချို့ပါရှိကာ ခါးသက်ချိုချဉ်ဖြုံး အရသာမျိုးဖြစ်သည်။

          Starkrimson အမျိုးအစားသည်  အနီရောင်ခပ်ရှည်ရှည်ဖြစ်ပြီး ဥရောပတိုက်တွင် တွေ့ရလေ့ရှိကာ အသုပ်ဟင်းလျာအဖြစ် စားသုံးကြသည်။

သစ်တော်သီးနှင့်ကျန်းမာရေး

          United States Data Assessment အဖွဲ့၏ အဆိုအရ ၁၀၀ ဂရမ်အလေးချိန်ရှိသော သစ်တော်သီးထဲတွင် အရည်ဓာတ်ရာနှုန်းပြည့် နီးပါးပါရှိနေပြီး ခွန်အား ၃ ရာခိုင်နှုန်း၊ ကစီဓာတ် ၁၁ ရာခိုင်နှုန်း၊ အသား ၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၈ ရာခိုင်နှုန်း၊ ဗီတာမင်ဘီအုပ်စု ၅ ရာခိုင်နှုန်း၊ ဗီတာမင်စီ ၇ ရာခိုင်နှုန်း၊ ဗီတာမင်အီး ၁ ရာခိုင်နှုန်း၊ ဗီတာမင်ကေ ၄ ရာခိုင်နှုန်း၊ ဗီတာမင်အေ ၁ ရာခိုင်နှုန်း၊ ဖောလိပ် ၂ ရာခိုင်နှုန်း နှင့် အခြားသတ္တုဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ လူကိုဘေးဖြစ်စေသော အဆီဓာတ်လုံးဝမပါရှိပေ။

          အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးဖြစ်၍ အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း အထောက်အကူပေးသည်။ သစ်တော်သီးသည် အဝလွန်ရောဂါဖြစ်နိုင်ခြေ အလားအလာ လွန်စွာနည်းပါးကြောင်း  အာဟာရဗေဒ ပညာရှင်များက အကြံပြုထားသည်။

          သစ်တော်သီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ကော့ပါးဓာတ် ၁၅ ရာခိုင်နှုန်း ပါဝင်သကဲ့သို့ သတ္တုဓာတ်များစွာ   ပါဝင်နေသည့်အတွက် မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်းအားကောင်းစေသဖြင့် ကလေး သူငယ်များအတွက်  သစ်တော်သီးက အထူးသင့်လျော်သည်။

          သစ်တော်သီးထဲတွင် Quercetin (ခေါ်) လူသားအကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါရှိနေသဖြင့် ဦးနှောက်ဇရာ အကြိုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

          သစ်တော်သီးတွင် Phenolic Phytonutrient ပါရှိနေပြီး ၎င်းကခန္ဓာကိုယ်ရှိ ဆဲလ်များကို အသစ်ဖြစ်စေကာ အရွယ်တင်နုပျိုစေသည်။ ထို့ပြင် အရေပြားရောင်ရမ်းနာများကို သက်သာစေခြင်း၊ အရေပြားပေါ်ရှိ အနာအကျက်မြန်စေခြင်းဖြင့် ကောင်းကျိုးပြုပေးနိုင်သည်။

          သစ်တော်သီးမှာ ပျော်ဝင်လွယ်သော အမျှင်ဓာတ် ပါရှိနေသဖြင့် သွေးတွင်းကအကျိုးမပြု ကိုလက်စထရောများကို ကျဆင်းစေသည်။  သွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးတိုးရောဂါဖြစ်ခြင်းမှ    ကာကွယ်ပေးနိုင်သည်။     ဗီတာမင်ကေကြွယ်ဝသော သစ်သီးဖြစ်သဖြင့် သွေးကျဲရောဂါကို  ပျောက်ကင်း သက်သာစေသည်။ ထို့ပြင်  သွေးကျိတ်ကင်ဆာ(lymphoma) ကို ၄၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည်။

          သစ်တော်သီးထဲတွင် သဘာဝအလျောက်ပါရှိနေသော အက်စစ်ဓာတ်များက   အဆုတ်နှင့် အစာအိမ်ကင်ဆာကို ကာကွယ်ပေးသည်။

          အမျှင်ဓာတ်ကြွယ်ဝသဖြင့် အူသိမ်၊ အူမများအတွက် အာဟာရစုပ်ယူမှုကို ကောင်းမွန်စေသလို  အူတွေ၏ လှုပ်ရှားမှုကို  ကောင်းမွန်စေနိုင်သည်။   အူမကြီးအတွင်းရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သည်။

ဝမ်းမှန်စေကာ အစာမကြေ၊ လေပွရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ထို့ပြင် လိပ်ခေါင်းရောဂါနှင့် အူမကြီးကင်ဆာရောဂါတို့မှလည်း အထူးကာကွယ်ပေးနိုင်သည်။

နေ့စဉ် သစ်တော်သီး သုံးစိတ်ခန့်စားပေးပါက အသက်အရွယ်ကြီးရင့်မှုကြောင့်   ဖြစ်ပေါ်တတ်သော အမြင်အာရုံချို့ယွင်းမှုကို သက်သာစေသည်။

          အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်ရှိ    အကျိုးပြုဗက်တီးရီးယားများကို  ကျန်းမာစေပြီး အစာခြေစနစ်လုပ်ငန်းဆောင်တာများကို  လွန်စွာအထောက်အကူပြုပေးနိုင်သည်။

          Pectin ဓာတ်ကြွယ်ဝခြင်းကြောင့် သွေးထဲနှင့် ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ်များကို လျော့ကျစေသည်။ ပိုတက်စီယမ်နှင့် သတ္တုဓာတ်များကြောင့်  နှလုံးကျန်းမာရေးကိုအားပေးသည်။   

အဆိုပါ စွမ်းဆောင်ချက်များက  နှလုံးနှင့်နှလုံးသွေးကြောများကို အထူးကျန်းမာစေသဖြင့် နှလုံးသွေးကြောနှင့် ဆက်စပ်နေသော လေငန်းရောဂါကို မဖြစ်စေနိုင်ပေ။

          ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သစ်တော်သီးကိုစားပေးသင့်သည်။    သစ်တော်သီးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။

အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီး  ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း မဖြစ်စေရန် ကာကွယ်ပေးသည်။     ဆီးချိုရောဂါ  မရှိသေးသူများလည်း   ကြိုတင်ကာကွယ်သည့်အနေဖြင့် သစ်တော်သီး မကြာခဏစားပေးသင့်သည်။

          သွေးတွင်းကယ်စီယမ်လုပ်ငန်းဆောင်တာများကို အားပေးသဖြင့်  အရိုးပွခြင်းမှ ကာကွယ်ပေးသည်။

          ဖောလိပ်ဓာတ်ကြွယ်ဝသဖြင့်  ကိုယ်ဝန်ဆောင်ကျန်းမာရေးနှင့် သန္ဓေသားအာရုံကြောဖွံ့ဖြိုးမှုတို့အတွက် လွန်စွာကောင်းကျိုးပြုသည်။

          ခံတွင်းရှင်းခြင်း၊ အသံကြည်လင်ခြင်းကို ဖြစ်ပေါ်စေသည်။

Collagen ကြွယ်ဝသော သစ်သီးဖြစ်သည့်အပြင် ရေဓာတ်လည်းကြွယ်ဝသဖြင့် သစ်တော်သီး နေ့စဉ် စားပေးခြင်းက အသားအရေဆိုင်ရာ  ကျန်းမာ လှပမှုရေးရာများအတွက်  အထောက်အပံ့ပေးစွမ်းနိုင်သည်။  

အချုပ်အားဖြင့်ဆိုသော်   သစ်တော်သီးသည် မိုးလယ်မှစ၍ ဆောင်းဦးရာသီစာသစ်သီးဖြစ်သည့်အလျောက် မိုးအေး၊ ဆောင်းအေးသော ရာသီဥတု များတွင် ဖြစ်တတ်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက်  ချိုချိုချဉ်ချဉ် သစ်တော်သီးက အထူးကောင်းမွန်သော ဓာတ်စာဖြစ်ပါကြောင်းနှင့် သစ်တော် သီးစားခြင်းက   ဘေးဥပဒ်လုံးဝ မရှိနိုင်ကြောင်း ရေးသားလိုက်ရပါသည်။    ။

ပေါက်ပေါက်