ပြည်သူများ၏လူမှုစီးပွားဘဝပိုမိုဖွံ့ ဖြိုးတိုးတက်ရေး

ပြည်သူများ၏လူမှုစီးပွားဘဝပိုမိုဖွံ့ ဖြိုးတိုးတက်ရေး

ကမ္ဘာ့နိုင်ငံများကိုလေ့လာကြည့်မည်ဆိုလျှင် တိုးတက်သောနိုင်ငံတိုင်း၌ နျူကလီးယားစွမ်းအင်ကို အသုံးပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အချို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုနေကြသည် ဖြစ်ရာ မြန်မာနိုင်ငံ သည်လည်း မိမိနိုင်ငံတိုးတက်ရေးအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုရန် လိုအပ်နေပြီဖြစ်သည်။ ထိုလိုအပ်ချက်များသည် မကြာမီကာလများအတွင်း ပြည့်ဝပေတော့မည်။ နျူကလီးယား စွမ်းအင်ဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာအောင် ဖန်တီးနိုင်တော့မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev  ဦးဆောင်သည့်အဖွဲ့ဝင်များအား FEFU Campus အတွင်းတွေ့ဆုံ၍ နျူကလီးယားစွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အတွေ့အကြုံနှင့်နည်းပညာများကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကိုနိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ(Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို    လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သိပ္ပံနှင့်သုတေသန လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုကဏ္ဍနှင့်ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံအဏုမြူကော်ပိုရေးရှင်း Rosatom State Corporations တို့အကြား ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဆက်လက် ဆောင်ရွက်ကြသည်။ Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာများကို အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။

သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးဟူသောဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ ခေတ်နှင့်အညီဖွံ့ဖြိုး တိုးတက်လာသော နည်းပညာရပ်များနှင့်အတူ နျူကလီးယားစွမ်းအင်ကိုလည်း မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ငြိမ်းချမ်းစွာ၊ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် တတ်ကျွမ်းပြီး လက်တွေ့ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်းပီသစွာ ကောင်းမွန်သော ဆက်ဆံရေးကို  အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ် တွင်(၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိတော့မည် ဖြစ်သည်။  လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှစတင်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ဆယ်စုနှစ်ကာလ များအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံနှင့်စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။

မြန်မာနိုင်ငံ၏အနာဂတ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး ဆွေးနွေးမှုတို့သည်  လက်တွေ့အကောင်အထည်ဖော် အောင်မြင်လာတော့မည်ဖြစ်သည်။  ဤသည်မှာတိုင်းချစ်ပြည်ချစ် စိတ်ရှိသူတိုင်း၏ မျှော်လင့်ချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထား ရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကိုယ်တိုင်ထုတ်ဖော် ပြောကြား ထားသည်မှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မှတ်ကျောက်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုများ၏ ရလဒ်ကောင်းများအဖြစ် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝပိုမို တိုးတက်ဖွံ့ဖြိုး တော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။