စားနပ်ရိက္ခာဖူလုံမှုမှ ပိုလျှံစွာထုတ်လုပ်နိုင်ရေး

စားနပ်ရိက္ခာဖူလုံမှုမှ ပိုလျှံစွာထုတ်လုပ်နိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံ

ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံ တိုးတက်မှုရှိနေရန် လိုအပ်လှသည်။ အဓိကအားဖြင့် ဆိုရလျှင် စီးပွားရေးသည်

အဓိကဖြစ်သည်။ စီးပွားရေးအင်အားတောင့်တင်းခိုင်မာမှသာ အခြားသောကဏ္ဍများသည်လည်း ကောင်းမွန်စွာ ရှင်သန်လည်ပတ်နိုင်ပေလိမ့်မည်။

စီးပွားရေးဟု ဆိုရာတွင်လည်း ပြည်တွင်းထုတ်ကုန်တိုးတက်မှု များပြားရေးသည် အဓိကနေရာတွင် တည်ရှိနေပြန်သည်။ ပြည်ပမှ မှာယူတင်သွင်းနေခြင်းထက် ပြည်ပသို့တင်ပို့နေမှု  များပြားနေမှသာ စီးပွားရေး အင်အားခိုင်မာမှု ရှိနေပေမည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေခြင်း ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွက် အဓိကလိုအပ်နေသည်မှာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့သည် နိုင်ငံတော်စွမ်းပကားကို မြှင့်တင်ပေးသည့်ကဏ္ဍများ ဖြစ်ကြောင်း၊ ခရိုင်အဆင့်တာဝန်ရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက် သွားမည်ဆိုပါက တိုးတက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် ရခြင်းသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖြစ်ကြောင်း၊ ထိုအထဲမှ ထူးချွန်သူများ အနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့်တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ကြရမည်ဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးသည် နိုင်ငံတော်က ဆောင်ရွက်နေသော အမျိုးသားရေး ပန်းတိုင်နှစ်ရပ် ဖြစ်သည်။ ထိုအမျိုးသားရေးပန်းတိုင်နှစ်ရပ် အောင်မြင်ရန်မှာ ပြည်သူ တစ်ရပ်လုံးက မိမိတို့ကျရာအခန်းကဏ္ဍတွင် ထူးချွန်ထက်မြက်စွာ ကြိုးစားကြရမည်ဖြစ်သည်။ စပါးစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့်နွေစပါးစိုက်ဧက သုံးသန်းခန့်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သည့် သွင်းအားစုများနှင့် နည်းပညာများကို ဖြည့်ဆည်းပေးထားပြီဖြစ်သည်။ ထိုစိုက်ဧကများတွင် သတ်မှတ်ရည်မှန်းချက် ပြည့်ဝအောင် စိုက်ပျိုးနိုင်ရေးကို တောင်သူများ၊ သက်ဆိုင်ရာ ကုမ္ပဏီများက ကြိုးစားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးထွက်ကုန်သည် အဓိကကျ လှသည်ဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် တက်ညီလက်ညီပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ စပါး၊ ပဲ၊ ပြောင်း၊နှမ်း၊ ဝါ၊ နေကြာ၊ လက်ဖက်နှင့်ကော်ဖီတို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မေလပထမပတ်မှ စက်တင်ဘာ ပထမပတ်အထိ ကော်ဖီရာသီချိန်အတွင်း အထူးတန်းဝင်စပါယ်ရှယ်ကော်ဖီတန်ချိန် ၁၅၀ ကျော်ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရှိသည်။ ပြည်တွင်း၌ တစ်နှစ်လျှင် ကော်ဖီစေ့တန်ချိန် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်အထိ ထုတ်လုပ်လျက်ရှိပြီး အထူးတန်းဝင်ပရီမီယံနှင့် ဈေးကွက်ဝင်ကော်ဖီများလည်း ပါဝင်သည်။ အဆိုပါ ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်း ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဆီထွက်သီးနှံများ ပါဝင်ပေရာ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးသည်လည်း နိုင်ငံ့စီးပွားရေးအတွက် အင်အားတစ်ခုဖြစ်သည်။ ဆီထွက်သီးနှံပိုမို ထုတ်လုပ်နိုင်ရေးမှာ အဓိကအားဖြင့် ပြည်ပမှမှာ ယူတင်သွင်းနေရသော စားအုန်းဆီသွင်းကုန် အစားထိုးနိုင်ရေး အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။ နေကြာ၊ ပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို သမဝါယမအသင်းများက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်နေသကဲ့သို့ အဆိုပါဆီထွက်သီးနှံများကိုလည်း သမဝါယမအသင်းပိုင်ဆီကြိတ်ခွဲစက်များဖြင့် ကြိတ်ခွဲပေးလျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ဖော်ဆောင် ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ် များကိုလည်း စတင်မွေးထုတ်ပေးလျက်ရှိပြီ ဖြစ်ပေရာ မြန်မာနိုင်ငံ၏စိုက်ပျိုးရေး မွေးမြူရေးထုတ်ကုန်များမှာ အရည်အသွေးကောင်းကောင်းဖြင့် ပြည်ပသို့ပိုမို တင်ပို့နိုင်တော့မည်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံသည့်အပြင် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးမှာ အောင်မြင်မှုများ ရှိလာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။