အသုံးချခံကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ကိုယ်စားပြုမှု
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ ပြည်ပသြဇာခံ အဖွဲ့အစည်းအသီးသီးမှ NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေး ဝိုင်းဝန်းလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။
ပြဿနာ၏အစမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ရယူခဲ့သည့်အပေါ် အချို့သော ဝန်ထမ်းများနည်းတူ နယူးယောက်မြို့ရှိ အမြဲတမ်းကိုယ်စားလှယ် တာဝန်ယူထားခဲ့သူ ကျော်မိုးထွန်းက နိုင်ငံတော်ကို သစ္စာဖောက်ဖျက်၍ ရာထူးကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် တရားစွဲဆိုထားပြီး နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ထားပါသည်။ ထို့ကြောင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာကိုလည်းကောင်း၊ ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သီးသန့်တာဝန်ပေးအပ်ပြီးဖြစ်ပါသည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုအပေါ်ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ပါသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း Rule 29 အရ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ အထွေထွေညီလာခံက ဆုံးဖြတ်ချက်မချမှတ်ရသေးမီ လက်ရှိရှိနေသည့် အမြဲတမ်းကိုယ်စားလှယ်ကို ဆက်လက်ထား ရှိရန်ပါရှိသည်။ ယင်းစည်းမျဉ်းကို အကြောင်းပြု၍ ကျော်မိုးထွန်းကို ဆက်လက်ထားရှိနေခြင်း ဖြစ်ပြီး ယင်းမှာ NUG အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂ က အသိအမှတ်ပြုထားခြင်းမဟုတ်ပေ။
သို့ရာတွင် ကျော်မိုးထွန်းသည် NUG အကြမ်းဖက်အဖွဲ့ကိုကိုယ်စားပြုကြောင်းကိုယ်တိုင်ပြောကြားခဲ့သလို ၎င်းအဖွဲ့က ထုတ်ပြန်သော ဝါဒဖြန့်စာစောင်များနှင့် လက်ရှိလှုပ်ရှားနေသော ကမ်ပိန်းများအရ တွေ့ရှိရသည်။ ယင်းမှာ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ရွှေ့ဆိုင်းမှုကို လက်တစ်လုံးခြားပြုကာ ကုလသမဂ္ဂမျက်နှာစာ အစည်းအဝေးများတွင် အစည်းအဝေးခေါင်းစဉ်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ မြေပြင်တွင် မရှိသော NUG အကြမ်းဖက်အဖွဲ့၏ လိုလားချက်များကို ကျော်မိုးထွန်းက သခွတ်ပင်က မီးတကျည်ကျည်ပြုနေခြင်းသာ ဖြစ်သည်။
အမှန်စင်စစ်တွင် ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများက အားကိုးအားထား ပြုရသည့် အတွင်းရေးမှူးချုပ် ဦးသန့်ခေတ်ကဲ့သို့ ဘက်မလိုက်သော၊ သမာသမတ်ကျသောကုလသမဂ္ဂ၏ ခေတ်သည် ကုန်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုသလိုအဓိပ္ပာယ်ဖွင့်ခြင်း၊ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်များကို အင်အားကြီး နိုင်ငံများကသာ လွှမ်းမိုးခြင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကျော်လွန်သော R2P ကဲ့သို့ နည်းလမ်းများကို အသုံးပြုခြင်းတို့ဖြင့် ကုလသမဂ္ဂသည် သြဇာခံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလာသည်မှာ အများအသိပင်ဖြစ်သည်။
NUG အကြမ်းဖက်အဖွဲ့ကိုလိုလားသူ ကျော်မိုးထွန်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂမှ စစ်ရေးအရ အင်အားသုံး ဖြေရှင်းရေး၊ R2P ဝင်ရေးနှင့် No-fly zone သတ်မှတ်ရေး စသည်တို့ကို လမ်းကြောင်းခဲ့သော နိုင်ငံတော်ကို သစ္စာဖောက်ဖျက်သူ သက်သက်သာဖြစ်သည်။ နိုင်ငံအပေါ် သစ္စာစောင့်သိသော မည်သည့်နိုင်ငံမှ ပညာရှင်သံတမန်မျိုးမှ မပြုလုပ်မည့် မပြုအပ်သော ကျင့်ဝတ်ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ယင်းသို့သော R2P အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မပါဘဲ NATO မှ လစ်ဗျားနိုင်ငံကို ၂၀၁၁ ခုနှစ်တွင် စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ချိန်က ကြွယ်ဝခဲ့သောလစ်ဗျားနိုင်ငံသည် ပဋိပက္ခများဖြင့် နစ်မျောလျက်ရှိသည်။
အကျိုးစီးပွားခြင်း မတူသော ဒေသတွင်းနိုင်ငံများနှင့် အင်အားကြီး နိုင်ငံများက နိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့အမျိုးမျိုးကို ကျောထောက် နောက်ခံပြုထားခြင်းဖြင့် ငြိမ်းချမ်းရေး လမ်းစပျောက်လျက်ရှိသည်။ အလားတူ အဖျက်စွမ်းအားကြီးမားသော လက်နက်များရှိသည်ဟု အကြောင်းပြ၍ အမေရိကန်တို့ ဆင်နွှဲခဲ့သော အီရတ်ကျူးကျော်စစ်ကြောင့် ယနေ့တိုင် လစဉ် အရပ်သားပြည်သူရာဂဏန်း သေဆုံးနေရဆဲဖြစ်သည်။ ကုလသမဂ္ဂ၏ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့် အထူးနိုင်ငံရေးမစ်ရှင်များ စေလွှတ်ခြင်းခံရသော နိုင်ငံများတွင်လည်း ယင်းတပ်ဖွဲ့များကို ဆယ်စုနှစ်များစွာ လက်ခံထားသည့်တိုင် အခြေအနေများ ထူးခြားကောင်းမွန်လာခြင်း မရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ ယင်းသို့မည်သည့်နိုင်ငံတွင်မျှအောင်မြင်ခြင်း မရှိသည့်အပြင် နောင် မျိုးဆက်ပေါင်းများစွာကို ပဋိပက္ခဒုက္ခပေါင်းမျိုးစုံနှင့်ချန်ရစ်ရသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏ နမူနာများရှိသည့် တိုင်အောင် မြန်မာနိုင်ငံကို စစ်ရေးအရဝင်ရောက်ရန် ဖိတ်ခေါ်သူအပေါင်းမှာ နိုင်ငံ၏ အမျိုးသားအကျိုး စီးပွားထက် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြင့် အလုံးစုံပျက်သုဉ်းရေးကို လိုလားသူ အမျိုးသားသစ္စာဖောက်များသာ ဖြစ်သည်။
ယင်းသို့သောအတ္တမှာ တစ်စတစ်စပိုမိုထင်ရှားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် မည်သည့်အခါကမျှမရှိခဲ့သော ရိုဟင်ဂျာ ဆိုသည်ကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြု၍ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းရန် ပြောင်ပြောင်တင်းတင်းပြောကြားခဲ့သည့် NUG အကြမ်းဖက်အဖွဲ့၏ နိုင်ငံနှင့် လူမျိုးအပေါ်သစ္စာဖောက်မှု၊ မထောက်ထားမှုမှာလည်း ဘွင်းဘွင်းကြီးပေါ်ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံရှိ မွတ်စလင်များဟု ခေါ်ဆိုရေး အမိန့်၏နောက်တွင် ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုရေး အာဂျင်ဒါမှာ ဖုံးဖိမရ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော်ကို ဖိအားပေးမည့် အကြောင်းအရာနှင့် အဖွဲ့အစည်းမှန်သမျှနှင့် ပေါင်း၍ ပြည်တွင်းတွင်တပ်မတော်အင်အား ချည့်နဲ့စေရေးနှင့် ပြည်ပနိုင်ငံများ၏သြဇာခံ၍ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်ဂုဏ်သိက္ခာကျဆင်းပြီး ဖြိုခွဲခံရရေးကိုသာ ဦးတည်ခဲ့သည်မှာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားစေခဲ့ပြီဖြစ်သည်။
ကျွံခဲ့သော လွန်ခဲ့သောစကားနှင့်ကတိကဝတ်များအတွက် မြန်မာနိုင်ငံနှင့် ပြည်သူလူထုက မြေဇာပင် ဖြစ်ရသည့်တိုင် အနောက်နိုင်ငံများမှပေးအပ်သော အထောက်အပံ့မျိုးစုံတို့နှင့်အတူ ပါရှိလာသည့် သြဇာနှင့်ထိန်းချုပ်မှုတို့မှ ရုန်းထွက်၍မရစကောင်း။ ယခုရက်ပိုင်းအတွင်း Special Advisory Council for Myanmar (SAC-M) ဆိုသည့်အဖွဲ့က မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်ဆက်နွှယ်ပြီး NUG အကြမ်းဖက် အဖွဲ့သည် မြန်မာနိုင်ငံ၌ Effective Control ရှိသဖြင့် ၎င်းကို ကုလသမဂ္ဂက အသိအမှတ်ပြုရေး ရေလာမြောင်းပေးစာတမ်းဖြစ်သည်။ အကြောင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြုမှုကို စဉ်းစားရာ၌ ယင်းနိုင်ငံကိုထိန်းချုပ်နိုင်စွမ်းရှိသည့် အစိုးရကို အသိအမှတ်ပြုကြောင်း ပညာရပ်ပိုင်းဆိုင်ရာ စာတမ်းများကဆိုသည်။
သို့ဖြစ်ရာ SAC-M အမည်ရှိအဖွဲ့က NUG အကြမ်းဖက်အဖွဲ့သည် Effective Control အမသူရှိကြောင်း ဝါဒဖြန့်စာတမ်း ထွက်ရှိလာခြင်းဖြစ်သည်။ စင်စစ်တွင် တစ်ခုတည်းသောမေးခွန်းကို ဖြေနိုင်လျှင်ပင် အဖြေသိပြီ ဖြစ်သည်။ ယင်းမှာ ၎င်းတို့က အစိုးရဟုခေါ်သော NUG အကြမ်းဖက်အဖွဲ့သည် မည်သည့်နေရာတွင် အခြေစိုက်သလဲဟူသည့်မေးခွန်း၏ အဖြေပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံကို Effective control လုပ်နိုင်သည့်အစိုးရမြို့တော်ကို ထိန်းချုပ်နိုင်သည့်အစိုးရသည် တရားဝင်အစိုးရဖြစ်ကြောင်း တိုင်းတာသည့် သတ်မှတ်ချက်များဖြင့် တိုင်းတာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်လုံးကို ထိရောက်စွာကိုင်တွယ်ဆောင်ရွက်နေသည့် အစိုးရဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိပေ။
SAC-M ဆိုသည့်အဖွဲ့၏အဆိုအရ နိုင်ငံ့နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း လိုရာစွဲရေးသားနေခြင်းဖြစ်သည်။ NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ကုလသမဂ္ဂတွင် အသိအမှတ်ပြု ခံရရေးအတွက် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း သက်သေပြ သကဲ့သို့ဖြစ်ပြီး ယင်းအဖွဲ့၏အတ္တကို လှစ်ဟပြရာရောက်ပေသည်။
လက်တွေ့မြေပြင်တွင် အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိခြင်းမဟုတ်သကဲ့သို့ နယ်မြေများလက်လွှတ်ရခြင်းမဟုတ်ဘဲ အကြမ်းဖက်သမားများက လက်နက်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်သည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းသာ ဖြစ်သည်။ နယ်မြေလက်လွှတ်ရသည့် လက်နက်ကိုင် တိုက်ပွဲများ မဟုတ်ဘဲ လက်နက်မဲ့အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်၍ အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း လူပြိန်းကြိုက်သက်သေပြလိုသည့် လူစိတ်ကင်းမဲ့သူတစ်စု၏ အတ္တသာဖြစ်သည်။
လက်တွေ့၌ နိုင်ငံတစ်နိုင်ငံတွင် အစိုးရတစ်ရပ်၏ တရားဝင်မှုဆိုသည်မှာ ကုလသမဂ္ဂ ကသော်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများကသော်လည်းကောင်း ပေးအပ်၍ရသည့်အရာမဟုတ်သကဲ့သို့ မည်သို့သောအစိုးရက တရားဝင်သည်ဆိုသည့်ပုံသေနည်းမှာ နိုင်ငံတကာဥပဒေတွင်လည်းမပါရှိချေ။ သို့ရာတွင် အများအားဖြင့် တိုင်းတာသည်မှာ SAC-M ဆိုသည့်အဖွဲ့က ပြောကြားသည့် Effective Control အယူအဆဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မည်သည့် နေရာ၌ရှိမှန်းမသိရသော လေလှိုင်းအစိုးရ NUG အကြမ်းဖက်အဖွဲ့တွင် Effective Control မည်သို့ရှိမည်ကို စာဖတ်သူများကိုယ်တိုင် အဖြေထုတ်နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အမှန်တကယ်ကိုယ်စားပြုမှုကို နယူးယောက်မြို့တွင် မျက်စိမှိတ်ငြင်းပယ်နိုင်သည့်တိုင် မြန်မာ့မြေပြင်တွင်တော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံထက်လျှော့၍ ဆက်ဆံ၍မရကြောင်း မကြာသေးမီက ကုလသမဂ္ဂအေဂျင်စီများမှကိုယ်စားလှယ်များက တရားဝင်ခန့်အပ်လွှာပေးခြင်းများက ပြသနေသည်။ စင်စစ်တွင် ကမ္ဘာဦးမှရှိခဲ့သော ကြီးနိုင်ငယ်ညှဉ်းဝါဒ (The law of the jungle)သည် ကုလသမဂ္ဂတွင် ကွယ်ဝှက်၍မရသော အရှိတရားဖြစ်သည်။
နိုင်ငံများ၏ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတိုင်း အရွယ်အစားကို ပမာမထား တန်းတူရည်တူရှိရေး စသောကုလသမဂ္ဂ၏မူနှင့်တန်ဖိုးများသည် အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်စသောနိုင်ငံများ၏ ဖြစ်စဉ်များနှင့်အတူ ကွယ်ပျောက်ခဲ့ပြီးဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကပင် စစ်နိုင် နိုင်ငံများက ပြဋ္ဌာန်းသော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုယ်၌တွင် ဟာကွက်များဖြင့် အားကြီးသူ အနိုင်ယူစတမ်း စီမံထားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၌ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စမှာ အစိုးရကို ဖိအားပေးသည့် နည်းလမ်းများအနက်မှတစ်ခု ဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်မပြုခြင်း ဆိုသည်ထက် နိုင်ငံကြီးများက နိုင်ငံငယ်များကို အနိုင်ကျင့်စိုးမိုးသော ဥပမာတစ်ခုဖြစ်ပါသည်။ သို့သော် အနီးစပ်ဆုံးသော ဖြစ်စဉ်များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံ၏အစိုးရအကြီးအကဲအဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည့်အပြင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏သမ္မတ မစ္စတာပူတင် နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ကမ္ဘာ့မီဒီယာ စာမျက်နှာများထက်တွင် အထင်အရှားတွေ့ရမည်ဖြစ်သည်။
၎င်းအပြင် Uzbekisten နိုင်ငံ၊ Samarkand မြို့၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanhai Cooperation Organization-SCO)၏ (၂၂)ကြိမ်မြောက် နိုင်ငံ့အကြီးအကဲများကောင်စီ(Council of Heads of State) အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဆွေးနွေးဖက်နိုင်ငံ(Dialogue Partner) အဖြစ် ဝင်ရောက်ခွင့်ပြုရေး ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အထူးကိုယ်စားလှယ်မှ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်နေမှုများမှာ နိုင်ငံ၏ ကိုယ်စားပြုမှုကို ထင်ရှားသည့် သက်သေများပင် ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ တရားဝင်မှုမှာ ဥပဒေအရရော လက်တွေ့မြေပြင်မှာပင် အငြင်းပွားရန်မရှိဘဲ သြဇာပေးချင်သူနိုင်ငံတစ်စုနှင့် သြဇာခံအကြမ်းဖက် အဖွဲ့တို့က နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေရန် ကုလသမဂ္ဂကို အသုံးချမှုတစ်ရပ်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ဇာမဏီ