အဆီဓာတ်အခြေပြု အချိုလျှော့စားသောက်မှုပုံစံအကြောင်း သိကောင်းစရာ(၁)
အခုတလော မိတ်ဆွေအပေါင်းအသင်းများအကြား ကီတိုဒိုင်ယက်စားနေကြသည့် အကြောင်းတွေ အတော်များများ ကြားရသည်။ အများစုကတော့ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ကီတိုဒိုင်ယက်ကို စားနေကြခြင်း ဖြစ်သည်။ ကီတိုဒိုင်ယက်(Keto diet) ထဲမှာ ဘာတွေများပါသလဲ လေ့လာကြည့်မိတော့ ကာဗိုဟိုက်ဒရိတ် ခေါ်သည့် အချိုဓာတ်၊ ကစီဓာတ်ကို လုံးဝလျှော့ချထားတာကို တွေ့ရသည်။ မြန်မာလူမျိုးတွေ အဓိကအား ပြုစားကြသည့် ထမင်းလုံးဝမပါတော့တာ တွေ့ရသည်။ အသားလေး၊ ငါးလေးတော့နည်းနည်းပါသည်။ ဆီဦးထောပတ်၊ အုန်းဆီ၊ နှမ်းဆီ၊ အရွက်မျိုးစုံပါတာတွေ့ရသည်။ သကြားအစားထိုး ဆေးသကြားဖြင့် ပြုလုပ်ထားသည့် ကိတ်မုန့်လေးတွေ ပါတတ်သည်။ အချိုကဲသည့် သစ်သီးတွေတော့ လုံးဝမပါ။
Keto diet က Ketogenic diet ၏ အတိုကောက် စကားလုံးဖြစ်သည်။ လူသားတို့ နေ့စဉ်မှီဝဲရသည့် အစာအုပ်စုများထဲတွင် ကာဗိုဟိုက်ဒရိတ်ခေါ် အချိုဓာတ်၊ ပရိုတင်း ခေါ် အသားဓာတ်နှင့် Fat ခေါ် အဆီဓာတ်များ အဓိကပါဝင်သည်။ လူသားတစ်ယောက် လှုပ်ရှားသက်ဝင်နိုင်ဖို့ ကယ်လိုရီစွမ်းအားတွေကို အချိုဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များမှ ရသည်ဟုဆိုရာတွင် အချိုဓာတ်မှ အဓိကရရှိနေခြင်းဖြစ် သည်။
လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ သတ်မှတ်ထားသည့် အမေရိကန်စားသောက်မှုပုံစံ စံနမူနာအရ ကာဗိုဟိုက်ဒရိတ် အချိုဓာတ်များကို နေ့စဉ်အစားအစာများ၏ ၅၅ ရာခိုင်နှုန်း၊ အသားဓာတ်ကို နေ့စဉ်အစားအစာ၏ ၁၅ ရာခိုင်နှုန်းနှင့် အဆီဓာတ်ကို ၃၀ ရာခိုင်နှုန်း စားသုံးရမည်ဟုသတ်မှတ်ထားသည်။ Keto diet စံညွှန်းမှာတော့ တစ်ရက်စားသောက်မှု ပမာဏ၏ ငါးရာခိုင်နှုန်းသာလျှင် ကာဗိုဟိုက်ဒရိတ် ဖြစ်သွားသည်။ အသားဓာတ်ကိုတော့ ၂၀ ရာခိုင်နှုန်းမျှစားခိုင်းပြီး အဆီဓာတ်ကိုတော့ ၇၅ ရာခိုင်နှုန်းအထိ အားပြုစားသောက်ခိုင်းတာကို တွေ့ကြရသည်။ ကုထုံးကီတိုဒိုင်ယက် ခေါ် Therapeutic Ketogenic Diet မှာတော့ အဆီဓာတ်ကို ၉၀ ရာခိုင်နှုန်းအထိ စားသောက်ခိုင်းတာတွေ့ရပြီး ကင်ဆာရောဂါများနှင့် အတက်ရောဂါများကုသရာမှာ အသုံးပြုကြသည်ဟု ဆိုသည်။
Keto diet စားသောက်မှုပုံစံများကို အများနားလည်လွယ်အောင် မြန်မာမှုပြုမည်ဟု စဉ်းစားမိတော့ Keto diet မှာ မြန်မာတွေ ကြိုက်တတ်သည့် ကစီဓာတ်၊ အချိုဓာတ်ကို လုံးဝနီးပါးဖြတ်လိုက်သည်။ အသားဓာတ်ကို ပုံမှန်အတိုင်းကျွေးပြီး အဆီဓာတ်ကို ပုံမှန်အတိုင်းစားစေတာကိုတွေ့ရသည်။ ထို့အတွက်ကြောင့် အဆီဓာတ်အခြေပြု အချိုလျှော့စားသောက်မှုပုံစံဟု မြန်မာမှုပြုလိုက်သည်။ သို့ပေမယ့် စာရှည်မည် စိုးသည့်အတွက် နိုင်ငံတကာမှာရေးသား သုံးစွဲကြသလို Keto diet ၏ အတိုကောက် KD ဟုပဲ ရေးသားသုံးစွဲသွားပါမည်။
တစ်ရက်လျှင် ပုံမှန်လူသားတို့စားသည့် ကာဗိုဟိုက်ဒရိတ်က ၂၂၅ ဂရမ်မှ ၃၂၅ ဂရမ်အထိရှိသည်။ ထိုမျှသော ကာဗိုဟိုက်ဒရိတ်ကို စားလိုက်လျှင် ခန္ဓာကိုယ်ထဲ ကယ်လိုရီနှစ်ထောင်ခန့် ဝင်သွားသည်။ KD စားသောက်မှုမှာ ကျတော့ ကာဗိုဟိုက်ဒရိတ်ကို ၅၀ ဂရမ်လောက်အထိ လျှော့ချလိုက်သည်။ တချို့ပြင်းထန်သည့် KD စားသောက်မှုပုံစံများမှာ ဆိုလျှင် ကာဗိုဟိုက်ဒရိတ်ကို ၂၀ မှ ၃၀ ဂရမ်အထိ လျှော့ချလိုက်တာတောင် တွေ့ရသည်။
ဒီနေရာမှာ မေးစရာရှိလာတာက ကိုယ်အလေးချိန်ချချင်လို့ KD ကို စားတာ၊ အချိုအစား အဆီတွေ စားနေတာ ပိုဝလာမှာမပူရဘူးလားဟူသည့် မေးခွန်းဖြစ်သည်။ အမှန်တော့ KD မှာ အဆီတွေပိုစားနေရသလိုဖြစ်နေပေမယ့် ကာဗိုဟိုက်ဒရိတ်နေရာမှာ အဆီတွေစားပြီး အစားထိုးလိုက်တာမျိုးမဟုတ်။ KD စားခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှ ကယ်လိုရီတွေလျော့နည်းလာသည်။ ထိုအခါ ကာဗိုဟိုက်ဒရိတ်အစား အဆီဓာတ်တွေကို ချေဖျက်ပြီး ကယ်လိုရီစွမ်းအင်ကိုထုတ်ရသည်။ သကြားဓာတ်ကို မီးရှို့ပြီး စွမ်းအင်ထုတ်သည့်နေရာမှာ သကြားအစား အဆီကို မီးရှို့ပြီး စွမ်းအင်ထုတ်သည့်သဘောဖြစ်သည်။
ခန္ဓာကိုယ်တွင်း အဆီဓာတ်တွေကို ချေဖျက်ဖို့ အဓိကတာဝန်ရှိသူက အသည်းဖြစ်သည်။ ထို့ကြောင့် အသည်းမကောင်းသူများသည် KD စားသောက်မှု မတည့်ကြောင်း သတိပြုရမည်။ အသည်းက အဆီဓာတ်တွေကို ချေဖျက်လိုက်တော့ ကီတုန်းဘော်ဒီ(Ketone bodies) လေးတွေထွက်လာသည်။ ကီတုန်းဘော်ဒီ သုံးမျိုးရှိသည်။ Acetone၊ Aceto-acetate နှင့် B- hydroxybutyrate တို့ ဖြစ်သည်။ တချို့ KD စားသူတွေ အစားအသောက်စားလိုစိတ် နည်းလာတာတွေ့ဖူးကြမည်။ B- hydroxybutyrate က အစားစားချင်စိတ်ကို လျှော့ချပေးနိုင်သည့် အာနိသင်ရှိခြင်းကြောင့်ဖြစ်သည်။ ကီတုန်းဘော်ဒီတွေ ထွက်၊ မထွက်၊ ကီတို ဝင်၊ မဝင် ဆီးစစ်ကြည့်လို့ရသည်။ အချိုဖြတ်ပြီး အသည်းက အဆီဓာတ်တွေကို အမှန်တကယ်ချေဖျက်နေပြီဆိုရင် ဆီးစစ်တံထဲမှာ ကီတုန်းဘော်ဒီရှိနေကြောင်း အဖြေထွက်သည်။
KD တွေစားနေပြီး အဆီဓာတ်တွေ ကြေပျက်နေတာသေချာပြီဆိုရင်တော့ ကိုယ်အလေးချိန်ကျသွားလိမ့်မည်။ အဆီပိုတွေ တစ်စတစ်စလျော့လာမည်။
KD ကို ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ဘယ်လောက်ကြာကြာစားရမလဲ၊ အချိုဓာတ်ကို ဖြတ်ထားသည့် ခန္ဓာကိုယ်မှာ ကျန်းမာရေး ထိခိုက်လာမှာလား စတာတွေကိုတော့ ဆက်လက် စောင့်ကြည့်လေ့လာကြဖို့ လိုသေးသည်။
ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း(BMI) ကို အများကြားဖူးကြမည်။ BMI က ၁၈ ဒသမ ၅ နှင့် ၂၄ ဒသမ ၉ ထဲမှာပဲရှိသင့်သည်။ BMI ၂၅ မှ ၂၉ ဒသမ ၉ အထိကို ပေါင်ပိုနေသည်ဟုခေါ်ကြပြီး BMI ၃၀ ကျော်နေပြီဆိုရင်တော့ အဝလွန်ရောဂါဖြစ်နေပြီဟု သတ်မှတ်လိုက်ကြသည်။ အဝလွန်ရောဂါမှာတောင်မှ BMI ၃၀ မှ ၃၄ ဒသမ ၉ အထိကို အုပ်စု(၁)၊ BMI ၃၅ မှ ၃၉ ဒသမ ၉ အထိကို အုပ်စု(၂)နှင့် BMI ၄၀ ကျော်အဖွဲ့များကို အုပ်စု(၃)ဟု သတ်မှတ်ထားကြပြန်သေးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်ထဲမှာ ကမ္ဘာပေါ်မှ အရွယ်ရောက်ပြီးသူ ဦးရေ၏ ၃၉ ရာခိုင်နှုန်း(လူဦးရေ ၁ ဒသမ ၉ ဘီလီယံခန့်)မှာ ပေါင်ပိုနေကြပြီး ၁၃ ရာခိုင်နှုန်း(လူဦးရေ သန်း၆၅၀ ကျော်)ကတော့ အဝလွန်နေကြသည်ဟုဆိုထားသည်။ အဝလွန်ခြင်းနှင့်အတူ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောရောဂါနှင့် ကင်ဆာရောဂါများဆက်စပ်မှုရှိနေသည်။ ထိုရောဂါများကိုကာကွယ်ဖို့ ကိုယ်အလေးချိန် လျှော့ချနိုင်ရေး နည်းမျိုးစုံဖြင့်ကြိုးစားလာကြသည့် အထဲမှာ ယခု KD စားသောက်မှု ပုံစံပါဝင်လာခြင်း ဖြစ်သည်။
KD ဟု ဆိုလိုက်သည်နှင့် အချိုဓာတ်ကို သိသာစွာလျှော့ချမည်၊ အသားဓာတ် သင့်တင့်ရုံမျှပေးမည်၊ အဆီဓာတ်ကိုတော့မလျှော့ဘဲ ပုံမှန်အတိုင်းစားခွင့်ပြုသည်ဟု နားလည်ထားရမည်။ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင် KD စားသောက်မှု အယူအဆကို ၁၉၂၁ ခုနှစ် ကလေးသူငယ်ဝက်ရူးပြန်အတက်ရောဂါမှာ စတင်အသုံးပြုခဲ့ကြောင်းတွေ့ရသည်။ ထိုစဉ်က KD စားသောက်မှုပုံစံမှာ အဆီဓာတ်နှင့် အသားဓာတ်၊ အချိုဓာတ် နှစ်ခုပေါင်းကို လေးချိုးတစ်ချိုးနှုန်းဖြင့် ကျွေးမွေးသည်။ ကယ်လိုရီစွမ်းအင်၏ ၉၀ ရာခိုင်နှုန်းကို အဆီဓာတ်မှရရှိဖို့ မှန်းသည်။ တစ်ရက်စာ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ၅၀ ဂရမ်အောက်အထိ လျှော့ချလိုက်ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။
KD စားသောက်မှုပုံစံကို ကိုယ်အလေးချိန်လျှော့ချဖို့ အတွက်သာမက အမျိုးအစား(၂)ဆီးချိုရောဂါ ကုသရာမှာလည်း အသုံးပြုနိုင်သည်။
အကြမ်းဖျင်းအားဖြင့် အမျိုးအစား(၂)ဆီးချိုဆိုသည်မှာ အင်ဆူလင်အထွက်များပြီး ၎င်းင်းထွက်လာသည့် အင်ဆူလင်က တကယ်တမ်း အာနိသင်မရှိသည့် ပြဿနာကြောင့်ဖြစ်ရသည်။ KD စားသောက်မှုပုံစံက သွေးတွင်း အင်ဆူလင်ပမာဏကို ထိန်းညှိပေးနိုင်သည်။ တစ်ခုမှတ်သားရန်မှာ ဆီးချိုလူနာအများစုက သွေးတွင်းသကြားဓာတ်လျှော့ချနိုင်ဖို့ ဆီးချို၊ သွေးချိုထိန်းဆေးတွေ မှီဝဲနေရသည်။ KD စားသောက်မှု ပုံစံကလည်း အချိုဓာတ်ကို ဖြတ်ချပစ်လိုက်သည်။
ထိုအခါမှာ သွေးတွင်းအချိုဓာတ်အလွန်အမင်းကျဆင်းပြီး အချိန်မီမကုသနိုင်ပါက အသက်အန္တရာယ် ဖြစ်သွားနိုင်သည်။ ဒီတစ်ချက်ကို သတိပြုရမည်။
KD စားနေကြသည့် တချို့သောသူများမှာ စစားပြီး သုံး၊ လေးရက်မှ ရက်သတ္တပတ်အနည်းငယ်အတွင်း ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့အန်၊ အားအင်ကုန်ခန်း၊ ဝမ်းချုပ်၊အမောမခံနိုင် စသည့်လက္ခဏာများ ခံစားရတတ်သည်။ Keto flu က ကီတိုအဖျားဟုခေါ်သည်။ အချိုဓာတ်နည်းသည့်ဒဏ်ကို ခန္ဓာကိုယ်မှကျင့်သားရသွားသည့်အခါ ကီတိုအဖျားပျောက်သွားသည်။ KD စားသောက်မှုပုံစံ၏ ရေရှည်ဘေးထွက်ဆိုးကျိုးများအဖြစ် အသည်းအဆီဖုံးခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ခန္ဓာကိုယ်တွင်း အသားဓာတ်လျော့နည်းခြင်းနှင့် ဗီတာမင်အားနည်းခြင်းများ ခံစားရနိုင်ပါသည်။
KD စားသောက်မှုပုံစံအရ ကိုယ်အလေးချိန်ကျသွားသည်ဆိုရာမှာ အစားစားချင်စိတ်လျော့နည်းခြင်း၊ Visceral fat ခေါ်သည့် ကိုယ်တွင်းကလီစာများမှာ ကပ်နေသည့် အဆီများလျော့ကျလာခြင်း၊ အရိုးနှင့်အသားထုထည်ကို မလျော့စေဘဲ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကျစ်လျစ်မှုကို မထိခိုက်စေဘဲ ကိုယ်အလေးချိန်ကျခြင်း စသည်တို့ကြောင့်ဖြစ်သည်။ KD ကြောင့် ဆီးချိုရောဂါကုနိုင်သည် ဆိုရာမှာတော့ HbA1c ဓာတ်ကျဆင်းခြင်း၊ အင်ဆူလင်လိုအပ်ချက်လျော့နည်းလာခြင်းနှင့် အင်ဆူလင်အာနိသင်အစွမ်းထက်လာခြင်းတို့ကြောင့်ဖြစ်သည်။ နှလုံးသွေးကြောရောဂါများအပေါ် KD ၏ အာနိသင်က Triglycerides ခေါ်သည့် အဆီဓာတ်လျော့ကျစေနိုင်ခြင်း၊ HDL အမည်ရသည့် ကောင်းမွန်သော အဆီဓာတ်များလာစေခြင်း၊ sdLDL ဟု ခေါ်သည့် ကျန်းမာရေးအတွက် မသင့်လျော်သည့် အဆီဓာတ်ကျဆင်းစေခြင်းတို့ကြောင့် ဖြစ်သည်။
KD စားသောက်မှုပုံစံကို ကင်ဆာရောဂါများ ကုသရာမှာလည်း အသုံးပြုနေကြသည်။ ကင်ဆာကုသရေးတွင် အသုံးပြုသည့် KD စားသောက်မှုပုံစံက ပြင်းထန်သည်။ တစ်ရက်စာ ကယ်လိုရီ၏ ၉၀ ရာခိုင်နှုန်းကို အဆီဓာတ်မှသာ ရစေသည်။ အသားဓာတ်နှင့် အချိုဓာတ်ကို ၅ ရာခိုင်နှုန်းစီသာ စားခွင့်ပြုထားသည်။ ကင်ဆာရောဂါများ ကြီးထွားမှုမှာ အင်ဆူလင်က အရေးပါသည်။ KD စားသောက်မှုက အင်ဆူလင်ဓာတ်ကို လျော့ကျစေနိုင်သဖြင့် ကင်ဆာရောဂါများအတွက် အသုံးတည့်သည်။ ကင်ဆာဆဲလ်ကလာပ်စည်းများ ကြီးထွားမှုကို မီးထိုးပေးနေသည့် ဂလူးကို့စ်အချိုဓာတ်များကို KD စားသောက်မှုက ဖြတ်ချပေးနိုင်သည်ဟု မျှော်မှန်းကြသည်။ ကင်ဆာလူနာများ KD စားသောက်မှုကို ကျင့်သုံးသည့်အခါ ဓာတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာဆေးသွင်းကုသမှုများ ပိုမိုအစွမ်းထက်လာသည့်အပြင် ကင်ဆာမဟုတ်သည့် ပုံမှန်ဆဲလ်များကိုလည်း ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။
KD စားသောက်မှုပုံစံနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊ KD နှင့် ဆီးချိုရောဂါကုသခြင်း၊ KD နှင့် နှလုံးသွေးကြောရောဂါများ ကာကွယ်ခြင်း၊ KD နှင့် ကင်ဆာရောဂါကုသခြင်းများ အကြောင်းကို အသေးစိတ် ဆက်လက်ဖော်ပြပါမည်။ ။
ဒေါက်တာလွှမ်းမိုးဟန်