ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်မျိုးကွဲများ)ကို အန်တုရင်ဆိုင် ဖြတ်ကျော်ကြပါစို့

ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန်မျိုးကွဲများ)ကို အန်တုရင်ဆိုင် ဖြတ်ကျော်ကြပါစို့

ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးဟာ အသွင်အမျိုးမျိုး ပြောင်းလဲပြီး လူသားတွေကို တိုက်ခိုက်လျက်ရှိပါတယ်။   ခုလက်ရှိကာလမှာ ဖြစ်ထွန်းလာတဲ့ အိုမီခရွန်ရဲ့ မျိုးကွဲသစ်များဖြစ်တဲ့ BA4 နှင့် BA5  တို့ဟာ အလွန်ကူးစက်မြန်တဲ့ မျိုးကွဲများအဖြစ် ထွက်ပေါ်လာနေပြီပဲဖြစ်ပါတယ်။  နိုင်ငံတကာမှာလည်း အထူးသဖြင့်   ဥရောပ၊ အာဖရိကနဲ့ မြောက်အမေရိကတိုက်ရှိ နိုင်ငံများမှာ အိုမီခရွန် မျိုးကွဲသစ်များကြောင့် ကူးစက်မှုများ အကြီးအကျယ် မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိနေတယ်။ ကာကွယ်ဆေးထိုး ထားသူများရော ယခင်ကိုဗစ်ဖြစ်ပွားသူများပါ ကူးစက်ခံနေရပါတယ်။ ဒါဟာဆိုရင် လူ့အသက် အန္တရာယ်သာမက လူမှုစီးပွားဘဝတွေကိုပါ    ခြိမ်းခြောက်နေခြင်းလည်း ဖြစ်တယ်။

လွန်ခဲ့သောကာလအတွင်းမှာပဲ  အဆိုပါအိုမီခရွန်မျိုးကွဲဟာ  အာရှ-ပစိဖိတ်ဒေသကိုပါ ခြေဆန့်လာနေပြီဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့တတိယလှိုင်းနှင့် စတုတ္ထလှိုင်း တို့မှာဆိုရင် အိန္ဒိယနိုင်ငံမှာ အကြီးအကျယ် ကူးစက်ပြီးနောက် မကြာမီမှာပဲ   ဖြစ်ပွားခဲ့တာမမေ့သင့်ပါဘူး။ အခုထပ်မံပေါ်ပေါက်လာတဲ့ အဆိုပါ အိုမီခရွန် မျိုးကွဲသစ်များဟာ မူလအိုမီခရွန် မျိုးကွဲထက် လေးဆခန့်  ကူးစက်မှုပိုမိုမြန်ဆန်ကြောင်း တွေ့ရတာဖြစ်တဲ့အတွက်     မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားတာနဲ့ ရုတ်တရက်  ကူးစက်မှုများ မြင့်တက်လာမှာ မလွဲပါဘူး။

ကိုဗစ်နှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ စတုတ္ထလှိုင်းအထိ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးလည်း ဖြစ်တယ်။ ဒယ်တာမျိုးကွဲကြောင့် ဖြစ်ပွားတဲ့ တတိယလှိုင်းတုန်းကဆိုရင် ကျွန်တော်တို့ မိသားစုတွေ အားလုံးရဲ့ တန်ဖိုးထားရတဲ့ သက်ကြီးရွယ်အိုတွေ၊  မိတ်ဆွေတွေနဲ့ နာတာရှည်ရောဂါတွေကိုအန်တုရင်ဆိုင်ရင်း  ဘဝမှာကြံ့ကြံ့ခံ ရပ်တည်နေခဲ့ကြသူတွေပါ  အသက်တွေဆုံးရှုံးခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်။ အလွန်ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီးကို ကျွန်တော်တို့အားလုံး  ထိတ်လန့်ကြောက်ရွံ့စွာ ဖြတ်သန်းခဲ့ကြပြီးလည်းဖြစ်တယ်။

ဒါတွေကို မမေ့ဖို့လိုပါတယ်။ ခုဆိုရင် လူအများစုဟာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုငြိမ်သွားတာနဲ့   ပုံမှန်အတိုင်း လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်လာကြပါပြီ။ ဒါဟာလည်း  မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လူမှုစီးပွားဘဝတွေဟာ ရပ်နေလို့မရပါဘူး။ အမြဲရှင်သန်လှုပ်ရှား ရုန်းကန်နေကြရတာ ဓမ္မတာပဲဖြစ်တယ်။ ထို့ပြင် လူဆိုတာလည်း ပေါင်းသင်းဆက်ဆံရေး ဆိုတာကို ရှောင်လွှွဲလို့ မရတာမို့ ကူးလူးဆက်ဆံ ပေါင်းသင်းခြင်းဟာလည်း  လူမှုစီးပွားရေး အတွက်သာမက စိတ်ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အားတွေ အတွက် မရှိမဖြစ် အရေးပါပါတယ်။

ယခုအခါ  ကိုဗစ်-၁၉ ကာကွယ်ဆေးများလည်း အားဖြည့်ကာကွယ်ဆေးများ အပါအဝင်   အထိုက်အလျောက် ထိုးနှံထားကြပြီးဖြစ်တယ်။  သို့ရာတွင် အိုမီခရွန်မျိုးကွဲသစ်ဟာ     ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု အာနိသင်ကို လျော့ကျစေကြောင်းလည်း ကြားသိနေရပြန်တယ်။ ဒါ့ကြောင့် မပေါ့ဖို့တော့ လိုမှာဖြစ်တယ်။    အိုမီခရွန်မျိုးကွဲသစ်ဟာ မည်သို့ပင် ကူးစက်မြန်လာပါစေ  ကာကွယ်ရေး နည်းလမ်းများ အထူးသဖြင့်  ဆေးဝါးမဟုတ်သော  ကာကွယ်ရေး နည်းလမ်းများကတော့  ထိရောက်နေဆဲဖြစ်ကြောင်း တွေ့ရှိရတယ်။  ဒါ့ကြောင့်   ကိုဗစ်ဗိုင်းရပ်ဟာ မည်သို့ပင်မျိုးကွဲများ ထွက်ပေါ်လာပါစေ  ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အတွက်၊  ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ကာကွယ် တားဆီးနိုင်မယ့် နည်းလမ်းများကို ပြန်လည်သတိပြုနိုင်စေရန် နှိုးဆော်လိုပါတယ်။

ဘာတွေကို ရှောင်ရမလဲ

ကွဲပြားခြားနားသော အခြေအနေများမှာ  မတူကွဲပြားသော အန္တရာယ်အဆင့်များ ရှိကြောင်း  သတိပြုပါ။  အချို့နေရာများမှာ ကိုဗစ်-၁၉ ရောဂါ အလွယ်တကူ ပျံ့နှံ့နိုင်တယ်။  ဘယ်လိုနေရာတွေလဲ ဆိုတာ  ယေဘုယျမှတ်မယ်ဆိုရင်  လူထူထပ်သော နေရာများ၊ အနီးအနားမှာ လူများစွာရှိသော နေရာများ၊ လူအများနီးကပ်စွာ ရှိသောနေရာများ  အထူးသဖြင့် အနီးကပ် စကားဝိုင်းဖြင့် ပြောဆိုသော နေရာများ၊ လေဝင်လေထွက် မကောင်းသောနေရာများ၊  ကန့်သတ်နေရာများနှင့်   အလုံပိတ်ထားသောနေရာများ စသည်တို့ပဲဖြစ်တယ်။    သွားမယ်လာမယ်ဆိုရင် ဖော်ပြပါနေရာများကိုတော့ ရှောင်ရှားသင့်တယ်။

ရှောင်လို့မရသွားရမယ်ဆိုရင်  အချိန်အကန့်အသတ် ဖြင့်သာ နေပါ။   ခပ်ကြာကြာ မနေမိပါစေနဲ့။ တခြားသူများနဲ့  အနည်းဆုံး ၆ ပေအကွာတွင်နေပါ။

ဖြစ်နိုင်လျှင်ပြတင်းပေါက်များနဲ့ တံခါးများကို လေဝင်လေထွက် ကောင်းအောင် ဖွင့်ထားပါ။  လက်များကို စင်ကြယ်အောင်  မကြာခဏသန့်ရှင်းပါ။ နှာချေ၊ချောင်းဆိုးလျှင် အုပ်ထားပါ။  နှာခေါင်းစည်း အမြဲတပ်ထားပါ။ နေမကောင်းဖြစ်လျှင် အိမ်တွင်နေပါ။ လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှု ခံယူကြပါ။

အရေးကြီးဆုံးသည် နှာခေါင်းစည်းတပ်ဆင်ခြင်း

နှာခေါင်းစည်းတပ်ဆင်ခြင်းဟာ    နိစ္စဓူဝကိစ္စ  ( အပေါ့အလေး သွားခြင်းကဲ့သို့) ဖြစ်နေပါပြီ။ လူတိုင်းဟာ  နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ အိမ်ပြင် ထွက်ရမယ်ဆိုတာ သိတန်သလောက် သိနေကြပါပြီ။ သို့ရာတွင်  နှာခေါင်းစည်း တပ်ဆင်ခြင်းနဲ့ ပတ်သက်လို့ အရေးကြီးတာလေးတွေ ဖော်ပြလိုပါတယ်။ ကူးစက်မှုမြင့်တက်နေတဲ့ အချိန်မှာ အရောင်စုံလင်စွာနဲ့ လျှော်ဖွပ်တပ်ဆင်လို့ရတဲ့  အဝတ်စပိတ်စ နှာခေါင်းစည်းတွေကို  အသုံးပြုမယ်ဆိုရင်တော့ သတိထားဖို့လိုပါမယ်။ ဖက်ရှင် အသုံးအဆောင် ပစ္စည်းသာသာဖြစ်တဲ့ အဆိုပါအဝတ်စတွေဟာ တကယ်တမ်း ကူးစက်မှုကို သိသိသာသာ မကာကွယ်နိုင်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်လွှာတည်းပါတဲ့ နှာခေါင်းစည်းများဟာ မတပ်တာနဲ့ယှဉ်ရင် ဘာမှထူးပြီး ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။  ဒါ့ကြောင့် နှာခေါင်းစည်း တပ်ရတာချင်းအတူတူ ထိရောက်မှုရှိတဲ့ နှာခေါင်းစည်းများကို ရွေးချယ် အသုံးပြုသင့်တယ်။

ကိုဗစ်ကာကွယ်ရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ နှာခေါင်းစည်း အသုံးပြုခြင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိထားသင့်တဲ့ အချက်တွေကတော့ မိမိနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ နှာခေါင်းစည်း တပ်ဆင်ခြင်းဖြင့်  ကူးစက်မှုကို လျှော့ချနိုင်ပါတယ်။   နှာခေါင်းစည်းဆိုတဲ့ အမည်အတိုင်း ပါးစပ်ပေါက်နဲ့ နှာခေါင်းပေါက်ကို လုံခြုံစွာဖုံးအုပ်ပြီး တပ်ဆင်ထားရမှာဖြစ်တယ်။  တပ်ဆင်ရာမှာ နှာခေါင်းအောက်ရောက်နေခြင်း၊  နှာခေါင်းပေါက် ပေါ်နေခြင်း၊ ပါးစပ်၏ အောက်ဘက်ကျနေခြင်း၊ ဘေးဘက်တွေမှာ  လစ်ဟာမှုတွေရှိနေခြင်း စတဲ့ အံဝင်ခွင်ကျမဖြစ်မှုတွေဟာ    ရောဂါကူးစက်ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

အလေးထားရမည့်အချက်များ

ယခုအခါ မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု    ပြန်လည်မြင့်တက် လာတာနဲ့အညီ အလှူတွေ၊ ပွဲလမ်းသဘင်တွေ  စတဲ့ လူအများစုဝေးတဲ့ပွဲတွေ အပြင် လူငယ်အများအပြား ကခုန်အော်ဟစ်တဲ့ နိုက်ကလပ်လို ဟာမျိုးတွေကို သတိထား လုပ်ဆောင်ကြဖို့ လိုအပ်တယ်။  အလုံပိတ်အခန်းတွေမှာ  အထူးသဖြင့် နှာခေါင်းစည်း အမြဲတပ်ဆင်ထားရန် ခက်ခဲတာကြောင့် ကူးစက်ခံရနိုင်တာ သတိပြုသင့်တယ်။ ကာကွယ်ဆေးထိုးနှုန်း မြင့်တဲ့ နိုင်ငံတွေမှာတောင် အိုမီခရွန် မျိုးကွဲသစ်များဟာ အကြီးအကျယ် ကူးစက်နေတာဖြစ်တာကြောင့် အခုလို ကူးစက်နှုန်းမြင့်တက်စပြုချိန်မှာ လူတိုင်းက ကာကွယ်ရေးနည်းလမ်းတွေ  စနစ်တကျ ကျင့်သုံးလိုက်နာကြဖို့ လိုတယ်။  ပြည်သူအားလုံး အနေဖြင့်    နှာခေါင်းစည်းပုံမှန်တပ်ကာ  လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး ဖျားနာလျှင်လည်း လုံးဝအလုပ်မသွား အပြင်မထွက်ဘဲ အိမ်မှာသီးခြားခွဲ နေထိုင်သင့်တယ်။ ထုံးစံအတိုင်း   ကူးစက်မှု စပြီဆိုလျှင် လူငယ်တွေ၊  အပြင်သွားလာမှုများတဲ့ လူလတ်ပိုင်းတွေကစမှာပါ။    ၎င်းတို့မှတစ်ဆင့် နေအိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေဆီရောက်မှာ   ဖြစ်တယ်။ အန္တရာယ်များတာကတော့ အဆိုပါ သက်ကြီးပိုင်းတွေပဲဖြစ်တယ်။  ဒါ့ကြောင့် လူငယ်များအနေနဲ့ မိမိတို့မိဘဘိုးဘွားများ အတွက် ကိုဗစ် စည်းကမ်းများကို ပိုမိုလိုက်နာပေးကြမှသာ နာကျင်ဖွယ် ဖြစ်ရပ်ဆိုတာတွေကို    ရှောင်ကြဉ်နိုင်ကြမှာပါ။

တစ်နိုင်ငံလုံး ကိုဗစ်ကာလနောက်ပိုင်းမှာ   ကျန်းမာပျော်ရွှင်စွာ ပြန်လည်တွေ့ဆုံ ပျော်ပါးနိုင်အောင်  ခုချိန်မှာ အပျော်အပါး ပွဲလမ်းသဘင်တွေ  သွားလာမှုတွေကို လျှော့ချသင့်တယ်။    ထိုသို့ပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီက တာဝန်ယူလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကူးစက်မြန် (အိုမီခရွန်) ကိုဗစ်-၁၉ ရောဂါပိုးကို အန်တုရင်ဆိုင် ကျော်ဖြတ်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါတယ်။   ။