နျူကလီးယား အစီအစဉ်အတွက် ဆိုက်ဘာစစ်ဆင်ရေး လုပ်ဆောင်လာသည့် မြောက်ကိုရီးယား
မြောက်ကိုရီးယားနိုင်ငံ၏ ဆိုက်ဘာစစ်ဆင်ရေးသည် ယခုအခါ ယင်းနိုင်ငံ၏ နျူကလီးယားအစီအစဉ်အတွက် ငွေကြေး အဓိက ပံ့ပိုးပေးနေသည့် လုပ်ငန်းကြီး တစ်ခုဖြစ်လာပြီဖြစ်သည်။ ယင်းနိုင်ငံမှ ဆိုက်ဘာ ကျွမ်းကျင်သူများသည် ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာပင် ဆိုက်ဘာ တိုက်ခိုက်မှုများ လုပ်ဆောင်၍ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရယူနိုင်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ယခုနှစ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတစ် စောင်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအစိုးရသည် အဆိုပါ ငွေကြေးများကို အသုံးပြု၍ နျူကလီးယား အစီအစဉ်နှင့် ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင် လျက်ရှိသည့်အပြင် ဆိုက်ဘာတိုက်ခိုက်မှုမှတစ်ဆင့် ရရှိသည့် ငွေကြေးများအား ကုလသမဂ္ဂအဖွဲ့က တားမြစ်ထားသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အသုံးပြုလျက်ရှိသည် ဟူသော ပြောဆိုချက် များလည်း ထွက်ပေါ်လျက်ရှိသည်။
မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် တားမြစ်ထားသည့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ အဖွဲ့က ချမှတ်ထားသော ပိတ်ဆို့မှုများအနက် အတင်းကျပ်ဆုံးသော ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင်ရှိနေသည်။ ယင်းအခြေအနေအတွင်းမှာပင် မြောက်ကိုရီးယားက ထပ်မံလုပ်ဆောင်လာနိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အနောက်နိုင်ငံကြီးများက ဂရုတစိုက် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုနိုင်သည်။
မြောက်ကိုရီးယား ဆိုက်ဘာတိုက်ခိုက်သူများသည် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် Google ကို ဆိုက်ဘာ တိုက်ခိုက်ရန် ယခုနှစ်အစောပိုင်းက ကြိုးပမ်းခဲ့သည်။ သို့သော် မြောက်ကိုရီးယား ဟတ်ကာများ၏ ကြိုးပမ်းချက်ကို Google က ကာကွယ်နိုင်ခဲ့သည်။ ထို့ပြင် အဆိုပါ ဟတ်ကာများသည် တခြားအမေရိကန် ကုမ္ပဏီများ ဖြစ်သည့် IT ၊ Crypto နှင့် Fintech တို့ကိုလည်း ပစ်မှတ်ထားခဲ့သည်။
မြောက်ကိုရီးယား ဟတ်ကာများသည် မကြာမီကာလအတွင်းက အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေကြေးများကို ဆိုက်ဘာ တိုက်ခိုက်ပြီး ခိုးယူခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့ကာ ယင်းဆိုက်ဘာ တိုက်ခိုက်မှုကို Lazarus ဟုအမည်ပေးထားသည့် ဟတ်ကာအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုက ထုတ်ပြန်ထားသည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီးယား၏ တရားမဝင် ဆိုက်ဘာတိုက်ခိုက် မှုများကို ဆက်လက်ဖော်ထုတ်ရန် လုပ်ဆောင်သွားမည်ဟု ဆိုထားပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူမှုများ အပါအဝင် တခြားတရားမဝင် လုပ်ဆောင်ချက်များကိုပါ တိုက်ဖျက်မည်ဟု အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုက ပြောကြားထားသည်။ အမေရိကန်၏ အဓိကရည်ရွယ်ချက်မှာ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုများမှ တစ်ဆင့် မြောက်ကိုရီးယား အစိုးရအတွက် ဘဏ္ဍာငွေကြေး ရှာဖွေပေးနေခြင်းကို ရပ်တန့်ပစ်နိုင်ရေးဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ တရားမဝင် ငွေကြေးစီးဆင်းမှုကို ရပ်တန့်နိုင်ရေးအတွက် သတင်း အချက်အလက် ပေးနိုင်သူကို အမေရိကန်ဒေါ်လာ ငါးသန်း ပေးမည်ဟု အမေရိကန် အစိုးရက ကမ်းလှမ်းထားပြီးဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရပါမူ မြောက်ကိုရီးယား၏ တရားမဝင် ငွေကြေးစီးဆင်းမှု ဟုဆိုရာတွင် ဆိုက်ဘာ တိုက်ခိုက်ခြင်းအားဖြင့် ငွေကြေးများ ခိုးယူနေခြင်းကို ရပ်တန့် နိုင်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် တစ်မိနစ်လျှင် အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၂ ဒေါ်လာ ဆုံးရှုံး လျက်ရှိပြီး ဆိုက်ဘာလုံခြုံရေးအတွက် ယင်းနိုင်ငံများက တစ်မိနစ်လျှင် အမေရိကန်ဒေါ်လာ ၂၈၀၀၆၀ အသုံးပြုနေရ သည်ဟု ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် ခန့်မှန်းဖော်ပြထားသည်။ ထို့ကြောင့် ဆိုက်ဘာတိုက်ခိုက်မှု များ အပေါ် အနောက်နိုင်ငံများက အထူးသဖြင့် အာရုံစိုက်လာခြင်းလည်း ဖြစ်သည်။ ထို့ပြင် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ကြား ပဋိပက္ခဖြစ်ပွားနေစဉ် အတွင်းမှာပင် အမေ ရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အခြေစိုက် သတင်းနှင့်နည်းပညာ စီမံခန့်ခွဲရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Ka-seya ကုမ္ပဏီ ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်အစိုးရမှာ အံ့အားသင့်ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အဖွဲ့အစည်းပေါင်း ၁၅၀၀ ခန့် ထိခိုက်နစ်နာခဲ့ရသည်။
မြောက်ကိုရီးယား ဟတ်ကာများသည် ၂၀၁၉ ခုနှစ်အတွင်းကလည်း ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ပြီး မြောက်ကိုရီးယား အစိုးရအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ တန်ဖိုးရှိ ငွေကြေးများကို ရှာဖွေပေးနိုင်ခဲ့သည်ဟု ကုလ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားအနေဖြင့် အနောက်နိုင်ငံများက သတိပေးထားသော်လည်း နိုင်ငံ၏ ဒုံးကျည် အစီအစဉ်ကို ဆက်လက်လုပ် ဆောင်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါ အစီအစဉ်များ ဆက်လက်လည်ပတ်နိုင်စေရန် ငွေကြေး လိုအပ်နေမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ ဆိုက်ဘာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေ ဦးမည်ဖြစ်သည်။
ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် အနာဂတ်ကာလတွင် အနောက် နိုင်ငံကြီးများကို အဓိကပစ်မှတ်ထား လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများ ရပ်တန့်သွားစေရန် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကိုမူ စိတ်ဝင်တစား စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။
Ref:govinfosec,engadget,
infosecurity