အစားအစာရှားပါးမှု ၁၂၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများ

အစားအစာရှားပါးမှု ၁၂၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများ

ဆင်းရဲနွမ်းပါးသည့်   နိုင်ငံများတွင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုတွင် ချမ်းသာကြွယ်ဝသည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက အများဆုံး တာဝန်ရှိသည်ဟု လူမှုရေးအဖွဲ့ကြီး တစ်ခုဖြစ်သည့် Oxfam အဖွဲ့က ပြောကြားလိုက်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်လာသည့် အစားအစာရှားပါးမှုသည် ၁၂၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရာသီဥတုပြောင်းလဲမှုသည် ဆင်းရဲနွမ်းပါးသည့်    ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုးရွားဆုံး ဖြစ်ပွားလျက်ရှိပြီး ယင်းနိုင်ငံ များသည် ယခုအခါ ရေကြီးမှုများ၊ စံချိန်တင် မိုးခေါင်မှုတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။

ထို့ကြောင့် အဆိုပါ နိုင်ငံများတွင် ယခင်ကထက် ဆိုးရွားသည့် အစားအစာ ရှားပါးမှုများ ဖြစ်ပွားလျက်ရှိသောကြောင့် ငွေကြေးချမ်းသာကြွယ်ဝသည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ခြင်းကို လျှော့ချနိုင်ရေး လုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်ကြောင်း လူမှုရေးအဖွဲ့ကြီးက တိုက်တွန်းထားသည်။

ထို့ပြင်  အဆိုပါချမ်းသာကြွယ်ဝသည့် နိုင်ငံများအနေဖြင့်  ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် နိုင်ငံများကို အကူအညီများ ပေးအပ်ရန် Oxfam  အဖွဲ့က တောင်းဆိုထားသည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့်  နိုင်ငံများအနက် ၁၀ နိုင်ငံတွင် အစားအစာ ရှားပါးမှုသည် ခြောက်နှစ်အတွင်းမှာပင် ၁၂၃ ရာခိုင်နှုန်း အထိမြင့်တက်လာသည်။

ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် နိုင်ငံများတွင် ဆိုမာလီယာ၊ ဟေတီ၊ ဂျီဘူတီ၊ ကင်ညာ၊ နိုင်ဂျာ၊အာဖဂန်နစ္စတန်၊ ဂွါတီမာလာ၊ မဂါဒက်စကာ၊ ဘာကီနာဖာဆိုနှင့် ဇင်ဘာဘွေတို့ ပါဝင်လျက်ရှိသည်။

ယင်းနိုင်ငံများသည် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း ရာသီဥတု ဆိုးရွားမှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် လက်ရှိတွင် လူ ၄၈ သန်းခန့်မှာ ဆိုးရွားသည့် အစားအစာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

အစားအစာရှားပါးမှုသည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသည့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအပါအဝင် လက်နက်ကိုင် ပဋိပက္ခများ၊ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းခြင်းတို့ကြောင့် ပိုမိုဆိုးရွား လာစေခဲ့သည်။

ရာသီဥတုပြောင်းလဲမှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများအနက် ဆိုမာလီယာနိုင်ငံသည် ယခုအခါ စံချိန်တင်မိုးခေါင်မှုနှင့် ရင်ဆိုင်နေရသောကြောင့်   လူတစ်သန်းခန့်မှာ နေအိမ်များကို စွန့်ခွာသွားရပြီဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံးတွင်လည်း အစာအာဟာရ ပြတ်လပ်မှုကြောင့် ကလေးသူငယ် ရာပေါင်းများစွာ  သေဆုံးသွားခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် ပြည်သူများမှာ အစားအစာ ရရှိရေးအတွက် နေအိမ်များကို စွန့်ခွာ၍ မိုင်ပေါင်းများစွာ ကွာဝေးသောဒေသများသို့ ထွက်ခွာသွားရခြင်းဖြစ်သည်။

ထို့ပြင်  ဆိုမာလီယာရှိ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့သည်  နိုင်ငံအတွင်းရှိ စစ်ဘက်ပစ်မှတ်များကိုသာမက အရပ်ဘက်ပစ်မှတ်များကိုပါ တိုက်ခိုက်နေခြင်းကြောင့်နိုင်ငံအတွင်း၌ ဖြစ်ပွားနေသည့် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ရသည်။

ဆိုမာလီယာနိုင်ငံအတွက် အကူအညီ အဖြစ် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံရှာဖွေပေးရန် ကုလသမဂ္ဂအဖွဲ့က ကတိပြုထားပြီး လက်ရှိအချိန်အထိ ယင်းပမာဏ၏ ၆၇ ရာခိုင်နှုန်းခန့်ကို ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် ဆိုမာလီယာအတွက် အကူအညီများ ပိုမိုလိုအပ် လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက   သတိပေးထားသည်။

အာဖရိကဦးချိုဒေသသည် ယခုအခါ ငါးနှစ်ဆက်တိုက်   မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသောကြောင့်  ဆိုမာလီယာ တစ်နိုင်ငံတည်းမှာပင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် အစားအစာ ရှားပါးမှုကြောင့် လူပေါင်း ၂၅၀၀၀၀ ကျော်သေဆုံးခဲ့ရသည်။   ၎င်းတို့အနက် အများစုမှာ ကလေးသူငယ်များဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်သည့် အပူလှိုင်းဖြတ်သန်းမှုများ အပါအဝင် ရေကြီးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

လောလောဆယ်တွင် ပါကစ္စတန်နိုင်ငံသည် မကြုံစဖူး ဆိုးရွားလှသည့် ရေကြီးမှုများနှင့် ရင်ဆိုင်နေရသည်။

ယင်းနိုင်ငံတွင် စံချိန်တင်ရေကြီးမှုကြောင့် နိုင်ငံအတွင်းရှိ ကောက်ပဲသီးနှံ သုံးပုံတစ်ပုံမှာ ပျက်စီးခဲ့ရသည့်အပြင်  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံ အဆောက်အဦများပါ ပျက်စီးခဲ့ရသည်။

လက်ရှိဖြစ်ပွားနေသည့် ရေကြီးမှုများကြောင့် ပါကစ္စတန်တွင် သေဆုံးသူ အရေအတွက်မှာ ၁၅၄၅ ဦးအထိ မြင့်တက်လာခဲ့သည်။

ရေကြီးမှုများကြောင့် ယခုနှစ်ဇွန်လမှ စတင်၍ လူပေါင်းတစ်သန်းခွဲ နီးပါးမှာ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၃၆၀၀၀ ကျော် ပျက်စီးသွားခဲ့ရသည်။

အလားတူ ဂွါတီမာလာနိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအတွင်း စိုက်ပျိုးထားသည့် ပြောင်းဖူးစိုက်ခင်း ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် ပြည်သူအများအပြားမှာ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ရန် ကြိုးပမ်းလာခဲ့ကြသည်။

ထို့ကြောင့်ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့်  အစားအစာ ရှားပါးမှုသည် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုကိုဖော်ပြနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြထား သည်။

နိုင်ငံအချို့တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် ကမ္ဘာ့စားသောက်ကုန် ထောက်ပံ့ရေး လမ်းကြောင်းများကို ရပ်ဆိုင်းစေခဲ့ခြင်းကြောင့် အစားအစာ ရှားပါးမှုသည် လာမည့် ၂၀၂၃ ခုနှစ်တွင် ပိုမို ဆိုးရွားလာဖွယ်ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက အစောပိုင်းတွင် သတိပေးထားသည်။

မကြာမီကာလအတွင်း ဓာတ်မြေသြဇာနှင့် စွမ်းအင်ဈေးနှုန်းများမှာ မြင့်တက်လာခြင်းကြောင့် အဆိုပါ အကျိုးဆက်သည် ဆန်နှင့်ပြောင်းဖူး စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်း ခြင်းတို့အပေါ် သက်ရောက်လာနိုင်သည်။

ယင်းအကျိုးဆက်သည်   အာရှ၊ အာဖရိကနှင့် အမေရိကဒေသရှိ နိုင်ငံများအပေါ်သို့ ကျရောက်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

ငွေကြေးချမ်းသာကြွယ်ဝသည့် စက်မှုအင်အားကြီးနိုင်ငံများသည် တစ်ကမ္ဘာလုံးက ထုတ်လွှတ်နေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏစုစုပေါင်း၏    လေးပုံသုံးပုံကို ထုတ်လွှတ်လျက်ရှိသည်။

ထို့ကြောင့် ယင်းနိုင်ငံများမှ ခေါင်းဆောင်များ အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် ပေးအပ်ထားသည့် ကတိကဝတ်ကို လိုက်နာရန် ကျွမ်းကျင်သူများက တောင်းဆိုထားသည်။

ထို့ပြင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အား အနည်းဆုံး ထုတ်လွှတ်နေသည့် ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း ၎င်းတို့က ဆက်လက်ပြောကြားထားသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် နိုင်ငံများအား အကူအညီပေးရန်အတွက် ယခုနှစ်အတွင်း ဒေါ်လာ ၄၉ ဘီလီယံ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် ချမ်းသာကြွယ်ဝသည့်နိုင်ငံများ အနေဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်နှင့် ရင်ဆိုင်နေရသည့်နိုင်ငံများမှ ရရှိရန်ကျန်ရှိသည့်ကြွေးမြီများကို  ဖြေလျှော့ပေးခြင်းအားဖြင့် အကူအညီ ပေးအပ်နိုင်ကြောင်း Oxfam  အဖွဲ့က တိုက်တွန်းထားသည်။

ထို့ကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့်   နိုင်ငံများတွင် ဖြစ်ပွားနေသည့် အစားအစာ ရှားပါးမှုကို  တုံ့ပြန်နိုင်ရေးအတွက် ချမ်းသာကြွယ်ဝသည့် နိုင်ငံများက အလျင်အမြန် အကူအညီပေးရန် လိုအပ်လျက်ရှိရာ ယင်းနိုင်ငံများမှ ခေါင်းဆောင်များ

အနေဖြင့်   ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေး ပိုမိုကြိုးပမ်း လုပ်ဆောင်ရန်   ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

Ref: Trt,Thenews, ST

မောင်ယုယ