ဖျာပုံမြို့နယ်၌ ယခုနှစ် ငါးဖမ်းရာသီတွင် ကျော့ပိုက်ငါးဖမ်း စက်လှေအစင်းရေ တိုးချဲ့လုပ်ကိုင်လာ

ဖျာပုံမြို့နယ်၌ ယခုနှစ် ငါးဖမ်းရာသီတွင် ကျော့ပိုက်ငါးဖမ်း စက်လှေအစင်းရေ တိုးချဲ့လုပ်ကိုင်လာ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ ယခုနှစ် ငါးဖမ်းရာသီတွင် ပင်လယ်ပြင်၌ ကျော့ပိုက်ငါးဖမ်း စက်လှေဖြင့် ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သည့် ငါးဖမ်းစက်လှေ ၁၀ စင်းခန့် တိုးချဲ့လုပ်ကိုင်လာကြောင်း ဖျာပုံမြို့နယ်ရှိ ကျော့ပိုက်ငါးဖမ်းလုပ်ငန်း  လုပ်ကိုင်သူ  ဦးကြည်လင်း၏ ပြောဆိုချက် အရ သိရသည်။

ဖျာပုံမြို့နယ်၌ ကျော့ပိုက်ငါးဖမ်းစက်လှေဖြင့် ငါးဖမ်းသည့် လုပ်ငန်းကို နှစ်စဉ် လုပ်ကိုင်လျက်ရှိရာ ယခင်နှစ် ငါးဖမ်းရာသီ က ကျော့ပိုက်ငါးဖမ်း စက်လှေ ကိုးစင်းသာ ရှိခဲ့ပြီး  ယခုနှစ်ငါးဖမ်းရာသီတွင်  ကျော့ ပိုက်ငါးဖမ်းစက်လှေ ၁၀ စင်းခန့် တိုးချဲ့ လုပ်ကိုင်လာကြောင်း သိရသည်။ ယခုကဲ့သို့ ကျော့ပိုက်ငါးဖမ်းစက်လှေ အစင်းရေ တိုးလာခြင်းသည် ဒေသတွင်း ငါးလိုအပ်ချက် ရှိနေခြင်း၊  ကျော့ပိုက်ဖြင့်ငါးဖမ်းခြင်းကို စိတ်ပါဝင်စားသည့် လုပ်ငန်းရှင် တိုးလာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

“ကျော့ပိုက်လုပ်ငန်းရှင် တစ်ဦးကို  ရေလုပ်သား    အနည်းဆုံး ခုနစ်ဦးလောက် မှီခိုနေတာပါ။ အခုလို ကျော့ပိုက်ငါးဖမ်း စက်လှေတွေတိုးလာခြင်းက ဒီကျော့ပိုက် လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်စားသောက် နေကြတဲ့ ရေလုပ်သားတွေနဲ့ သူတို့မိသားစု တွေအတွက်  အခွင့်အလမ်းပါပဲ။  တိုးချဲ့ လုပ်ကိုင်သူ တိုးလာတဲ့အတွက် ဒီလုပ်ငန်း ကိုမှီခိုလုပ်ကိုင်နေတဲ့ ရေလုပ်သားတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေ ပြေလည် လာမှာဖြစ်ပါတယ်။ ဒေသတွင်း ငါးလိုအပ်ချက်၊ ငါးဈေးကောင်း လာတာနဲ့ ကျော့ပိုက် လုပ်ငန်းမှာ ရင်းနှီးထားတဲ့ အတွက် တခြား လုပ်ငန်းတွေနဲ့ယှဉ်ရင် အဆင်ပြေလို့ တိုးချဲ့ လုပ်ကိုင်လာကြတာပါ။  ငါးဖမ်းလုပ်ငန်း တွေကို  စက်တင်ဘာ တတိယပတ်ထဲမှာ စတင်မှာပါ။ လိုအပ်တာတွေ အကုန်ပြင် ဆင်ပြီးပါပြီ။  လုပ်သားတွေလည်း  ခေါ်ထားပြီးပြီ”  ဟု   ဦးကြည်လင်းက ပြောသည်။

ကျော့ပိုက်ငါးဖမ်းစက်လှေ တစ်စင်းလျှင် အနည်းဆုံး ရေလုပ်သား ခုနစ်ဦးမှ ၂၀ ဦး အထိ ငှားရမ်း လုပ်ကိုင်ကြပြီး ရေလုပ်သား တစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၄၀၀၀၀ မှ  ၁၆၀၀၀၀ အထိပေးရကြောင်း၊ ယခုနှစ် ကျော့ပိုက်စက်လှေ ပြင်ဆင်စရိတ်နှင့် စက် လှေတွင်အသုံးပြုရသည့်  စက်သုံးဆီဈေး မြင့်တက်မှုရှိသော်လည်း   ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ကွာခြားမှုမရှိနိုင်သည့်အတွက်   စက်လှေအစင်းရေ   တိုးချဲ့ လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း   သိရသည်။