အီရန်နျူကလီးယား အရေးနှင့် စပ်လျဉ်း၍ မူဝါဒပြောင်းလဲရန် လိုအပ်နေသည့် အမေရိကန်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် အီရန်နိုင်ငံအတွက် အကျိုးထူးမည် မဟုတ်သကဲ့သို့ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား သဘောတူညီချက် ပြန်လည်စတင်ရေး အတွက်လည်း အထောက်အကူပြုမည် မဟုတ်ဟု အီရန်သမ္မတက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပရန် စီစဉ်ထားပြီး အီရန်သမ္မတ အီဘရာဟင်ရိုင်စီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့နှစ်ဦး စလုံးသည်လည်း ယင်းညီလာခံတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
အီရန်အနေဖြင့် ဂျိုးဘိုင်ဒင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်မဟုတ်ဟု ထင်မိကြောင်းနှင့် ထိုသို့သော ဆွေးနွေးပွဲ ကျင်းပခြင်းကလည်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည် မဟုတ်ကြောင်း အီဘရာဟင်က CBS သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။
ဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန် အစိုးရအဖွဲ့သည် ယခင် ဒေါ်နယ်ထရမ့် ဦးဆောင်သော အစိုးရအဖွဲ့နှင့် မတူကြောင်း ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ပြောကြားခဲ့သော်လည်း စင်စစ်တွင် ထူးခြားသည့် ပြောင်းလဲမှုမရှိဟု အီရန်က ထောက်ပြပြောဆိုထားသည်။
အီရန်၏ နျူကလီးယား အစီအစဉ်နှင့် စပ်လျဉ်း၍ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့ပါဝင်သည့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ P5+1 အဖွဲ့သည် အီရန်အစိုးရနှင့် ၂၀၁၅ ခုနှစ်က တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် တချို့ချမှတ်နိုင်ခဲ့သည်။
အဆိုပါ သဘောတူညီချက်သည် ထူးခြားသည့် သဘောတူညီချက် တစ်ရပ်ဖြစ်သည်ဟု နိုင်ငံအများအပြားက ယူဆနေစဉ် အတွင်းမှာပင် အမေရိကန်၌ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အစိုးရသစ် တက်ရောက်လာပြီးနောက်တွင် အခြေ အနေမှာ ပြောင်းလဲသွားခဲ့သည်။
ယခင်သမ္မတဟောင်း အိုဘားမား လက်ထက်တွင် ရေးထိုးခဲ့သည့် အဆိုပါနျူကလီးယား သဘောတူညီချက်သည် အမေရိကန်အတွက် အကျိုးတစ်စုံတစ်ရာ မရှိဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်က နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားခဲ့သည်။
ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့် အနေဖြင့် အီရန်ကလည်း ယခင်က ရပ်ဆိုင်းထားခဲ့သည့် နျူကလီးယား အစီအစဉ်တချို့ကို ပြန်လည်စတင်ခဲ့သည်။အမေရိကန်ကလည်း အီရန်အပေါ် တုံ့ပြန်သည့်အနေဖြင့် တင်းကျပ်သည့်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ခြင်းကြောင့် အီရန်-အမေရိကန် ဆက်ဆံရေးမှာ အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်။
ထို့ပြင် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီးနောက်ပိုင်းတွင် ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန် အစိုးရသည် အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ပြီး အထူးသဖြင့် အီရန်၏ ဘဏ္ဍာရေးကဏ္ဍအား ချည့်နဲ့သွားစေရန် တင်းကျပ်သည့်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။
နောက်ပိုင်းတွင် အီရန်၌ အစိုးရ အပြောင်းအလဲ ဖြစ်လာခဲ့သော်လည်း နှစ် နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာခြင်းမရှိပေ။ လက်ရှိ ဂျိုးဘိုင်ဒင် လက်ထက် အီရန်-အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်မည်ဆိုပါက ယင်းနှစ်နိုင်ငံကြားတွင် အီရန်၏ နျူကလီးယား အစီအစဉ် ပြန်လည် အသက်သွင်းရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတချို့ကို ကျင်းပနိုင်ခဲ့သော်လည်း ခိုင်မာပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့်ရလဒ်မျိုး ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပင် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသည့် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ရှေ့ဆက် လုပ်ဆောင်ရမည် ဟူသောအချက်မှာ လက်ရှိတွင် ဂျိုးဘိုင်ဒင်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအတွက် စိတ်ရှုပ်ဖွယ် အကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ဒေသတွင်း လုံခြုံရေး တည်ငြိမ်မှုကိုကြီးမားစွာ အဟန့်အတားပြုလျက်ရှိသည်ဟု အမေရိကန်နှင့် အနောက်နိုင်ငံများက တထစ်ချယူဆနေသောကြောင့် အဆိုပါအစီအစဉ်ကို ရပ်တန့်နိုင်ရေး အတွက် အမေရိကန်အစိုးရက ကြိုးပမ်းရန် ဆန္ဒရှိနေသော်လည်း လက်တွေ့တွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးဟူသော ယူဆချက်များလည်း ထွက်ပေါ်လာလျက်ရှိသည်။
ထို့ကြောင့် ဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန်အစိုးရ၏ မူဝါဒများသည် ယခင် ဒေါ်နယ်ထရမ့်အစိုးရ၏ မူဝါဒနှင့် ကွဲပြားမှုမရှိဟု အီရန်က ထောက်ပြနေခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
အီရန်အစိုးရသည် အမေရိကန်နှင့် လုပ်ဆောင်နေသည့် ဆွေးနွေးပွဲများ၌ နောက်ပြန်ဆုတ်လျက် ရှိသောကြောင့် နျူကလီးယား အစီအစဉ်တွင် ပြန်လည်ပါဝင်ရေး ကြိုးပမ်းချက်များနှင့် စပ်လျဉ်း၍ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်မည့် အလားအလာနှင့် ဝေးကွာလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့သည်။ ဘလင်ကင်သည် အမေရိကန်နှင့် အီရန်တို့ကြား ဥရောပသမဂ္ဂအဖွဲ့က အဆိုပြုထားသည့် သဘောတူညီချက် မူကြမ်းရေးဆွဲခြင်းကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါမူ ဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်နှင့် အီရန်တို့ကြား ခိုင်မာသည့် သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေးအတွက် မူဝါဒပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။ မူဝါဒပြောင်းလဲမှုများ မလုပ်ဆောင်ပါက အီရန်အနေဖြင့် နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်လာနိုင်သည့်အပြင် စစ်အင်အားကိုပါ တိုးချဲ့လာနိုင်သောကြောင့် ယင်းလုပ်ဆောင်ချက်သည် ဒေသတွင်း၌ လက်နက်အပြိုင် တပ်ဆင်မှုကိုပါ ဖြစ်ပွားစေမည့် အလားအလာများ ထွက်ပေါ်လာစေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: Alaraby, ST