ပန်းကိုလို၍ အပင်ပျိုးခဲ့သည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တတိယမြောက်နေ့ မွန်းလွဲပိုင်းဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီမော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU) တက္ကသိုလ်၏ ဧည့်ခန်းမဆောင်အတွင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် တက္ကသိုလ်၏ပါမောက္ခချုပ် Mr.Boris Nikolaevich Korobets ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုကို ဆောင်ရွက်နေကြသည်။
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံတော်အကြီးအကဲအပါအဝင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါ လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)တို့ဖြင့် ဆွေးနွေးပွဲကို သိုက်သိုက်ဝန်းဝန်းဆိုသလို တက်ရောက်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ FEFU တက္ကသိုလ်ဘက်မှလည်း တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ် Mr. Evgeny E.VLASOV၊ တက္ကသိုလ်၏ဌာန အသီးသီးမှ တာဝန်ရှိ အကြီးအကဲများဖြင့် စုံလင်စွာ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးမှုအစတွင် FEFU တက္ကသိုလ်ပါမောက္ခချုပ်မှ တက္ကသိုလ်၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံတကာမှ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု၊ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ စားနပ်ရိက္ခာ လုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအပေါ် သုံးသပ်ထင်မြင်မှု စသည်တို့ကို ဆွေးနွေး ပြောကြားသည်။ ပါမောက္ခချုပ်မှ ဆွေးနွေးပြောကြားမှုတွင် စားနပ်ရိက္ခာလုံခြုံရေး (Food Security) ၏ အရေးပါမှုကို သတိပြုမိစေရန် ထောက်ပြ ဆွေးနွေးမှုများအပေါ် ချီးကျူးစကားသံများက လွှမ်းမိုးနေသည်။ အကြီးအကဲ၏ အနာဂတ်သို့ လှမ်းမျှော်ဆွေးနွေးမှုကို လေးစားစကားဆိုရင်း ၎င်း၏တက္ကသိုလ်သို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်တက်ရောက်ပါက ဝမ်းမြောက်စွာကြိုဆို လက်ခံမည့်အကြောင်း ဆွေးနွေးပြောကြားသည်။
အကြီးအကဲအနေဖြင့် FEFU တက္ကသိုလ်၏ ပါမောက္ခချုပ် အပါအဝင် တက္ကသိုလ်တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်းဖြစ်သည့်အတွက် ပညာရေးကဏ္ဍကိုသာ ဦးတည်သည့် ဆွေးနွေးခြင်းကိုဆောင်ရွက်သည်။ မြန်မာနိုင်ငံမှ ပညာတော်သင်များအား ရုရှားနိုင်ငံ၏ အနောက်ပိုင်းရှိ တက္ကသိုလ်အများအပြားတွင် စေလွှတ်တက်ရောက်စေ၍ အဆင့်မြင့် ပညာရပ်များသင်ကြားရေးဆောင်ရွက်နေမှုကို စတင်ဆွေးနွေးသည်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ပညာရေးကူးလူးဆက်ဆံမှု အခြေအနေကောင်းများကို ထုတ်ဖော်ဆွေးနွေးခြင်းဖြင့် ပညာရေးအလှမ်းမဝေးသည့် အခြေအနေကို စတင်ဆွေးနွေးသည်။
လက်ရှိ FEFU တက္ကသိုလ်သို့ ဆေးဘက်ဆိုင်ရာဘွဲ့လွန်ပညာရပ်များကို စေလွှတ်တက်ရောက်စေမည်ဟု ပြောကြား၍ FEFU တက္ကသိုလ်နှင့် မြန်မာနိုင်ငံတို့ကြား ပညာရေးကဏ္ဍသစ်ကို စတင်မည့်အခြေအနေကို ပြောကြားရာ တက္ကသိုလ်ပါမောက္ခချုပ်တို့ဘက်မှ ဝမ်းသာစကားဖြင့် ကြိုဆိုနေကြောင်း တုံ့ပြန်သည်။ နိုင်ငံတော်အကြီးအကဲ အနေဖြင့်လည်း မဝေးသည့်ကာလအတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာတော်သင်များ လာရောက်ပညာသင်ကြားကြမည့် အခြေအနေ၊ အမိမြန်မာပြည်ကြီး၏ ကျန်းမာရေး ကဏ္ဍအတွက် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်မည့် အခြေအနေတို့ကို စဉ်းစားရင်း အတွေးဖြင့်ပင် ကြည်နူးနေမိမည် ထင်ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲဆက်ဆံရေးနှင့် စီးပွားရေးကူးလူးဆက်ဆံမှုများကို ထပ်မံတိုးမြှင့် ဆောင်ရွက်နေသည့် အချိန်ကာလ ဖြစ်သည့်အတွက် ပညာရေးနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေကောင်းများ အကြောင်းကို ပြောကြားရင်း အကြီးအကဲက ဆွေးနွေးမှုကိုဆက်သည်။ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်နေသည့် အခြေအနေကို ဆွေးနွေးကြခြင်းဖြစ်၍ နှစ်ဖက်ဆွေးနွေးမှုများတွင် နွေးထွေးမှုများ လွှမ်းခြုံနေသည်။ အပြန်အလှန်ကူညီဖေးမမှု၊ ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း အသင့်ဖြစ်နေသည်ကို နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့များ၏ မျက်နှာထက်တွင် အထင်းသားမြင်တွေ့နိုင်သည်။
ချစ်ခင်ရင်းနှီးမှုကို အခြေခံသည့် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံမှ သင်တန်းသား ပညာတော်သင်များ လာရောက် တက်ရောက်စဉ်တွင် တက္ကသိုလ်မှ စီမံဆောင်ရွက်ပေး မည့်အခြေအနေများ၊ FEFU တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တို့အကြား သဘောတူညီမှုတစ်ရပ်အား မကြာမီ လက်မှတ် ရေးထိုးမည့် အခြေအနေများလည်း ပါသည်။ ဆွေးနွေးသည့် အချိန်ကာလတစ်ခုအတွင်းတွင် ပညာရေးအခြေခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထိရောက်စေခြင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား မြှင့်တင်နိုင်ခြင်း၊ ပညာရေးအားမျှဝေဖလှယ်ခြင်းအားဖြင့် ခေတ်ပညာတတ်ကျွမ်းမှုကို အဆင့်မြှင့်တင်နိုင်ခြင်း အစရှိသည့် များပြားလှစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်ဟု ထင်မြင်မိသည်။ ၁၈၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည့် FEFU တက္ကသိုလ်၏ သင်ကြားပို့ချနေသည့် ပညာရပ်များမှာ များပြားလွန်းလှပြီး မဝေးတော့သည့်ကာလတွင် ၎င်းပညာရပ်များကို မြန်မာပညာတော်သင်များက လာရောက်သင်ယူနိုင်ရေး တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဟုလည်း ထင်မြင်ယူဆမိပါသည်။
FEFU တက္ကသိုလ်ပါမောက္ခချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အကြီးအကဲအနေဖြင့် Primorsky ဒေသအစိုးရ အဖွဲ့အကြီးအကဲ Mr. Oleg Nikolaevich Kozhemyako နှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်သည်။ တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်စဉ် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ စုံလင်စွာတက်ရောက်ကြပြီး အပြန်အလှန် နှုတ်ဆက်မှုအပြီးတွင် တွေ့ဆုံဆွေးနွေးမှုကိုစသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိနေသည့် ဏမငာသမျုပ ဒေသနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာကုန်စည် ပို့ဆောင်ရေး၊ ပို့ကုန်၊ သွင်းကုန်ကဏ္ဍများမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ကြီးမားလှသည့် ကုန်တင်ဆိပ်ကမ်းတည်ရှိရာ ဒေသဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ် ရရှိလာနိုင်မည့် အကျိုးကျေးဇူးကား နည်းမည်မဟုတ်။ အလားတူ မြန်မာနိုင်ငံ၏ ထွက်ကုန်များသည်လည်း ယခု Primorsky ဒေသနှင့် ရုရှားနိုင်ငံ တစ်နံတစ်လျားတွင် ကျယ်ပြောလှသည့် ဈေးကွက်တစ်ခုအဖြစ် ရောက်လာမည့် အခြေအနေကောင်းဟု ဆိုရမည်ဖြစ်သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မှုကို အလျင်အမြန်မြှင့်တင်နိုင်ရေးအတွက် ကောင်စစ်ဝန်ချုပ်ရုံးနှင့် Business Centre များ ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ရာ Primorsky ဒေသ၊ ဗလာဒီမော့စတော့ခ်မြို့တွင် အမြန်ဆုံး ဆောင်ရွက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးရာ ဒေသအစိုးရအဖွဲ့မှလည်း ဝမ်းမြောက်စွာကြိုဆို၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးသည်။ ထက်သန်သည့် စိတ်အကြံဆွေးနွေးမှုသည် မကြာမီအကောင်အထည်ပေါ်လာလိမ့်မည် ဆိုသည်ကိုလည်း ယုံကြည်မိသည်။
မြန်မာနိုင်ငံမှ ပညာတော်သင်များကို ပညာရပ်ပေါင်းစုံတွင် လာရောက်သင်ကြားနိုင်ရေးနှင့် လာရောက်ချိန်တွင် ဒေသအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ Primorsky ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် Children Camp များတွင် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များပါဝင်နိုင်မည့် အခြေအနေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။ ဆွေးနွေးမှုတွင် ပါဝင်သည့် Children Camp ဆိုသည်မှာ လူငယ်၊ လူရွယ်များ အချင်းချင်း ပညာရပ်များ၊ အသိအမြင် အတွေ့အကြုံများကို ဖလှယ်ဆောင်ရွက်သည့် အစီအစဉ်ဟု သိရသည်။ အနာဂတ်၏ ခေါင်းဆောင်များဟု ရည်ညွှန်းလေ့ရှိသည့် လူငယ်၊ လူရွယ်များအတွက် စီစဉ်ထားမှုဖြစ်သည့်အတွက် ကောင်းမွန်လှသည့် အစီအစဉ်ဟု ထင်မြင်မိသကဲ့သို့ မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များကို အတွေ့အကြုံကောင်းများ ရယူနိုင်စေရန်အတွက်လည်း မကြာမီပူးပေါင်း ဆောင်ရွက်လာမည် ဟုလည်း ယုံကြည်မိသည်။
စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများကိုလည်း Primorsky ဒေသသို့ လာရောက် လေ့လာစေလိုမှု အခြေအနေ၊ တိုက်ရိုက်ကုန်သွယ်မှု၊ ငွေကြေးစီစဉ်နိုင်မှုအခြေအနေ စသည်တို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြသည်။ ပန်းလိုချင် အပင်ပျိုးတတ်မှဟု မြန်မာဆိုရိုးစကားရှိသည်။ ယခုဆွေးနွေးမှုများသည် မြန်မာဟူသော အမိမြေအား ပွင့်လန်းလာစေလိုစိတ်ဖြင့် အပင်တည်းဟူသော ဆွေးနွေးမှုကို ပြုနေသည်ဟု ညွှန်းလျှင် မှားမည်မထင်ပါ။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အကြီးအကဲဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ ပြခန်းရှိရာသို့ သွားရောက် လေ့လာကြသည်။ အဓိက သွားရောက်လေ့လာမည့်နေရာမှာ Republic of Buryatia ပြည်နယ်ပြခန်းသို့ဖြစ်ပြီး ပြခန်းအရောက်တွင် ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များကကြိုဆိုသည်။ သာမန်မျှသောကြိုဆိုမှုမဟုတ်။ ဒေသ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေရင်း ရင်းနှီးနွေးထွေးစွာ ကြိုဆိုသည်။ ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသမှုကိုလည်း ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲကိုယ်တိုင်လိုက်ပါ ရှင်းလင်းပြသခြင်းဖြင့် အကြီးအကဲအပေါ် အလေးအနက်ထားမှုကိုပြသည်။
Republic of Buryatia ပြည်နယ်ပြခန်းအတွင်း ခင်းကျင်းပြသထားမှုကလည်း မနည်းလှ။ ဒေသရိုးရာ အထည်အလိပ်လုပ်ငန်းပြကွက်၊ စက်မှု၊ လက်မှု အနုပညာပြကွက်၊ သစ်နှင့်သစ်တောထွက်ပစ္စည်းပြကွက် စသည်တို့ပါသည်။ ရိုးရာမပျက်လုပ်ငန်းလုပ်ကိုင်နေမှုနှင့် ခေတ်မီစက်ကိရိယာ အသုံးပြုပြကွက်များဖြစ်၍ မတူညီသောရသကို ပေးနိုင်စွမ်းသည်ဟုထင်သည်။ ဆက်လက်ပြသသည့်ပြခန်းများတွင် ရဟတ်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ပြကွက်လည်း ပါသည်။ အမိမြန်မာနိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းများတွင်သာမက သဘာဝဘေးအန္တရာယ် ကာကွယ်၊ ကူညီရေးလုပ်ငန်းများတွင် အသုံးဝင်သည့် ပြခန်းဖြစ်သည့်အတွက် အကြီးအကဲ၏ စိတ်ပါဝင်စားမှုကပိုမိုသည်။ သိလိုသည့် အကြောင်းအရာအတွက် မေးခွန်းများလည်း ထုတ်သည်။ ပြည်နယ်အကြီးအကဲနှင့် ပြခန်းတာဝန်ရှိသူများကလည်း အသေးစိတ်ရှင်းလင်းတင်ပြကြသည်။ အခြားပြခန်းများတွင် ခေတ်မီစက်မှုနည်းပညာများ ပေါင်းစပ်ထားသည့် ကျန်းမာရေးဝန်ဆောင်မှု ပြကွက်၊ ရိုးရာကျန်းမာရေးဆိုင်ရာပြကွက်၊ သဘာဝသယံဇာတတူးဖော်မှုဆိုင်ရာ ပြကွက်များပါသည်။ ပြခန်းတိုင်းတွင် အကြီးအကဲ၏မေးခွန်းရှိသလို တာဝန်ရှိသူများကလည်း အသေးစိတ်ရှင်းလင်းတင်ပြကြသည်။
ပြခန်းများအား လိုက်လံကြည့်ရှုပြီးချိန်တွင် အကြီးအကဲဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ ဦးဆောင်သည့်အဖွဲ့တို့ ပြခန်းဧည့်ခန်းမဆောင်အတွင်း တွေ့ဆုံဆွေးနွေးသည်။ ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲမှ ပြခန်းသို့လာရောက် ကြည့်ရှုလေ့လာမှုအပေါ် ကျေးဇူးတင်စကားနှင့် လိုက်လံရှင်းလင်းပြသခွင့်အတွက် ဝမ်းမြောက်မှုကို စတင်ပြောကြားသည်။ ၎င်းဦးဆောင်နေသည့် Buryatia ဒေသ၏ သဘာဝသယံဇာတထွက်ရှိမှု၊ မြန်မာနိုင်ငံ၏ အကြီးအကဲ ၎င်း၏ဒေသသို့ ရောက်ရှိလေ့လာချိန်တွင် လိုက်လံရှင်းလင်းတင်ပြမည့် အခြေအနေများကို ဝမ်းမြောက်ဂုဏ်ယူစွာ ဆွေးနွေးသည်။
ဆက်လက်ဆွေးနွေးမှုများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံမှ ဒေသထွက်ကုန်နှင့် ထုတ်ကုန်ပစ္စည်း များကို အရည်အသွေးမြင့် ကုန်ပစ္စည်းများအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်တို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ အသေးစိတ်ဆွေးနွေး ဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ် ဆွေးနွေးကြသည်။ ဆွေးနွေးမှုအား ရင်းနှီးပွင့်လင်းစွာ ဆောင်ရွက်ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေကိုသာ ဦးတည်ဆွေးနွေးခြင်းဖြစ်၍ ရလဒ်ကောင်းသည်ဟုဆိုနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စက်တင်ဘာလ ၈ ရက် တစ်နေ့တာ ဆွေးနွေးမှုများတွင် သတိပြုမိ သည့် အချက်လည်းရှိသေးသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် Primorsky ဒေသအစိုးရအဖွဲ့အကြီးအကဲနှင့် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတို့၏ လွတ်လပ်စွာဆွေးနွေးမှုနှင့် ၎င်းတို့၏လုပ်ပိုင်ခွင့်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ဖွဲ့စည်းမှုမှာ ဖက်ဒရေးရှင်းစနစ်၊ တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေသနှင့်ပြည်နယ်တို့မှာ ဗဟိုအစိုးရ၏ လက်အောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း ၎င်းတို့၏လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာမှာများပြားလှသည်။ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကဏ္ဍနှစ်ခုမှအပ ကျန်သည့်ကဏ္ဍ၊ နယ်ပယ်အားလုံးကို လုပ်ပိုင်ခွင့် အခွင့်အာဏာ အပြည့်အဝ ပေးအပ်ထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အသုံးတွင်ကျယ်လျက်ရှိသော စကားအားဖြင့်ဆိုရလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည့်ဝစွာပေးအပ်ထားသည်ကို သတိပြုမိသည်။ ဤသည်ကပင် အမိမြန်မာပြည်အတွက် အကျိုးတစ်စုံတစ်ရာ ရလာနိုင်သည်ဟု သုံးသပ် ဖော်ပြအပ်ပါသည်။ ။
ဝဏ္ဏ(TGI)