လမ်းကြောင်းအမှန်တွင် လျှောက်လှမ်းနိုင်ရေး

လမ်းကြောင်းအမှန်တွင် လျှောက်လှမ်းနိုင်ရေး

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် မသိနားမလည်သော လူငယ်လူရွယ်တို့ကို မဟုတ်မမှန် သတင်းများ လွှင့်ထုတ်ကာ လမ်းမှားသို့ ပို့ဆောင်လေ့ရှိသည်မှာ နိုင်ငံနှင့်လူမျိုးကို မချစ်တတ်သောသူများ၏ လုပ်ဆောင်ချက်ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင်လည်း ထိုလုပ်ရပ်မျိုးကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နိုင်ငံရေးအပြောင်းအလဲတွင်လည်း မသမာသူလူတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူငယ်လူရွယ်များလမ်းမှားသို့ ရောက်ရှိသွားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ ပို့ဆောင်ကာ အဖျက်လုပ်ရပ်မျိုးစုံလုပ်ဆောင်တတ် အောင်သင်ကြား စေခဲ့သည်။ အကယ်၍ ဤလူငယ်လူရွယ်များသည် သွေးဆောင်ဖြားယောင်းသူတို့၏ သား သမီး၊ ဆွေမျိုးရင်းချာများဖြစ်ခဲ့လျှင် လမ်းကြောင်းအမှားဖြစ်သော ဒုက္ခနွံတွင်းသို့ဘယ်နည်းနှင့်မျှပို့ဆောင် လိမ့်မည်မဟုတ်ပေ။ အကြမ်းဖက်စိတ်ဓာတ်၊ အဖျက်စိတ်ဓာတ်များရိုက်သွင်းကာ ဆရာတော် သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများကိုအကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်စေခဲ့သည်။ ထို့ပြင်

အများပြည်သူအသုံးပြုနိုင်ရန် တည်ဆောက်ထားသော လမ်း၊ တံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ စာသင် ကျောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသည်။ တကယ်ဆိုလျှင် ဤလုပ်ရပ်များမှာ လွန်စွာအရုပ်ဆိုး အကျည်းတန်လွန်းပြီး လူစိတ်ကင်းမဲ့သူများ၏ လုပ်ဆောင်ချက်သာဖြစ်သည်။ ဆိုလိုသည်မှာ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နစ်နာဆုံးရှုံးသူများမှာ ပြည်သူများသာဖြစ်သည်။ အထူးသဖြင့် ဘာသာရေးအရစော်ကားမှုသည် လွန်စွာရိုင်းပျသော မိစ္ဆာဒိဋ္ဌိတို့၏လုပ်ရပ် ဖြစ်သည်။

ယခုအခါ လူငယ်လူရွယ်အများစုမှာ မိမိတို့၏လုပ်ရပ်များအမှားကြီးမှားနေသည်ကိုသိမြင်လာသည်။ တချို့ဆို လျှင် သတင်းစာရှင်းလင်းပွဲများတွင်ပင် ထုတ်ဖော်ပြောဆိုလာကြသည်မှာ ပြည်သူများတွေ့မြင်ပြီးဖြစ်သည်။ သို့သော် ၎င်းတို့ရွေးချယ်သည့်လမ်းမှာ ပြန်လမ်းမရှိသောလမ်းဟုပင် ဆိုရပေတော့မည်။ အကြမ်းဖက်အဖွဲ့ အစည်းမှထွက်ခွာရန် မလွယ်ကူတော့ပေ။ ထိုအခါမိဘများအနေဖြင့် မိမိတို့သားသမီးများ၏ဘဝနောင်ရေး အတွက် နိုင်ငံတော်အစိုးရထံ တင်ပြအကူအညီတောင်းခံကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် သားသမီးချင်းကိုယ်ချင်းစာနာစိတ်၊ လူသားချင်းကိုယ်ချင်းစာနာစိတ်၊ တိုင်းသူပြည်သားတို့အပေါ် ရင်ဝယ်သားကဲ့သို့ သဘောထားစိတ်ဖြင့် လမ်းမှားသို့ ရောက်နေသော CDM ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့်ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသော သတင်းများကို နေ့စဉ်ကြားမြင်နေရသည်။

ထိုသတင်းကိုကြားရသူတိုင်းကဝမ်းသာမိကြသည်။ မိဘများအနေဖြင့်မူကား အတိုင်းထက်အလွန် ဝမ်းသာမိကြမည်မှာ အမှန်ပင်ဖြစ်သည်။ လူဆိုသည်မှာ မှားတတ်ကြသည်။ လူငယ်ဆိုသည်မှာ ပို၍မှားတတ် ကြပေရာ နိုင်ငံတော်ကခွင့်လွှတ်သည့်စိတ်ဖြင့် ကြိုဆိုနေသည်မှာ နိုင်ငံအတွက် ကောင်းမွန်သော အပေါင်းလက္ခဏာဖြစ်သည်။  ပြန်လည်ဝင်ရောက်လာကြသူများမှာလည်း ပြစ်မှုကျူးလွန်ခြင်းမရှိသူများကိုသာ လက်ခံခြင်းဖြစ်သည်။ ထို့ပြင် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခြင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းများလုပ်ဆောင်ပြီးသည်နှင့် ၎င်းင်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

PDF အပါအဝင်အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့်    နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင်  ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသည်မှာ တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံတော်ကိုဘက်စုံကဏ္ဍ စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိရာတွင် လူငယ်လူရွယ်တို့၏ ဘဝများကို တန်ဖိုးမဲ့စွာ ကုန်ဆုံးသွားမည်ကို မလိုလားပေ။

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်တို့သည် အနာဂတ်တွင် တိုင်းပြည်တာဝန်ကိုကျရာ နေရာကနေဆက်လက်ထမ်းဆောင်ကြရမည့်သူများသာ ဖြစ်သည်။ လူငယ်လူရွယ်တို့သည် ကျန်းမာကြံ့ခိုင်၍ပညာ ရည်မြင့်မားသူများဖြစ်နေကြရပေမည်။ ထို့ထက်ပို၍လိုအပ်သည်မှာ အတွေးအခေါ် မှန်ကန်ဖို့လိုပေသည်။ လက်ရှိနိုင်ငံတော်အစိုးရ၏လုပ်ဆောင်ချက်များကို အမှန်အတိုင်း သိမြင်ကြရန် လိုအပ်သည်။ မမှန်မကန်သွေးထိုးလှုံ့ဆော်မှုသည် လူငယ်လူရွယ်တို့ကိုဖျက်ဆီးနေခြင်းသာဖြစ်ပေရာ  လူငယ်လူရွယ်တိုင်းလမ်းမှန်သို့ လျှောက်လှမ်းကြရန်ဖိတ်ခေါ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။