မဝေးသည့် နှလုံးသား ပိုနီးလာသည်

မဝေးသည့် နှလုံးသား ပိုနီးလာသည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဘနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်    ကိုယ်စားလှယ်အဖွဲ့၏ ယာဉ်တန်းသည် လုံခြုံရေးယာဉ်တန်းများ ခြံရံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဦးတည်ထွက်ခွာလျက်ရှိသည်။ စတင်ရောက်ရှိသည်မှ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအထိ ခေတ္တတည်းခို နေထိုင်ခဲ့သည့် ဗလာဒီဗော့စတော့ခ်မြို့၊  Far Eastern Federal University(FEFU) တက္ကသိုလ်ကြီးမှာ ခံ့ထည်စွာဖြင့် ကျန်ရစ်သည်။ စက်တင်ဘာ ၉ ရက်နံနက်ပိုင်းတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စတင်သွားရောက်မည့် နေရာမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ Amurပြည်နယ်၊ Blagoveshchensk မြို့သို့ဖြစ်သည်။

ခရီးဆက်မည့် အကြီးအကဲနှင့်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား  ဗလာဒီဗော့ စတော့ခ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက  လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အကြီးအကဲနှင့်မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ် ဆိုက်ကပ်ချိန်တွင် Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Vasilii Orlov နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ လှိုက်လှဲပျူငှာသည့် ကြိုဆိုမှု အပြီးတွင် အကြီးအကဲနှင့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နားနေချိန်မရှိ။ ရတန်သည့်အချိန်အတွင်း ခရီးဆက်ကာ လေ့လာရေးခရီးကို စတင်ရန်အတွက် ရဟတ်ယာဉ်များပေါ်သို့ တက်ရောက်ကြသည်။ ရဟတ်ယာဉ်များ၏ ဦးတည်ရာ နေရာမှာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အာကာသလွှတ်တင်ရေး စခန်းဖြစ်သည့် Vostochny Cosmodrome သို့ဖြစ်သည်။

Vostochny Cosmodrome အာကာသ လွှတ်တင်ရေးစခန်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံပိုင်၊ အာကာသကော်ပိုရေးရှင်း State Space Corporation "Roscosmos"၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov? "Roscosmos" အာကာသအေဂျင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ပညာရှင် Mr. NiKita Perminov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ ကြိုဆိုနှုတ်ဆက်မှုအပြီးတွင်  Angara ဒုံးပျံလွှတ်စင် တည်ဆောက်မှု လုပ်ငန်းခွင်နှင့် ှသပကဖ-၂ ဒုံးပျံလွှတ်တင်စင် နေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ကြီးမားလှသည့် လုပ်ငန်းဆောင်ရွက်မှု ဖြစ်သည့်အပြင်   ခေတ်မီနည်းပညာများကို အသုံးပြု၍ ဆောင်ရွက်နေသည့် အနေ အထားဖြစ်၍ ကြီးကျယ် ခမ်းနားလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်ကာလမှ စတင်၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ပညာတော်သင်များကို စေလွှတ် တက်ရောက်စေခဲ့ရာ ယခုလေ့လာလျက်ရှိသည့် နယ်ပယ်နှင့် ပတ်သက်သည့် ပညာရပ်များလည်း ပါဝင်သည်။  ပထမဆုံးသော ခြေလှမ်းအဖြစ် ပညာတော်သင်များ စေလွှတ်ခြင်းမှသည် ယခုတစ်လှမ်းမကသော ခြေလှမ်းများသို့ လှမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ရာ မဝေးတော့သည့် ကာလတွင် အမိမြန်မာပြည်၌ လည်း အလားတူစီမံကိန်းများ ပေါ်လာနိုင်တော့မည်ဟုလည်း  ယုံကြည်မိသည်။ အခြေအနေပေးလာမည့် အချိန်ကာလအတွက် အကြီးအကဲအနေဖြင့် ကြိုတင်စီမံမှုအဖြစ် ဆောင်ရွက်မှုအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ အခြေအနေများကို မေးမြန်းသည်။ အကြီးအကဲ၏မေးခွန်းအား စခန်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တို့လွှတ်ထားတဲ့ ပညာတော်သင်တွေ၊ တို့ဆီမှာ ဘာတွေကြိုလုပ်လို့ ရမလဲ။ တို့ဆီမှာ ဘာတွေရှိတယ်လေ အစချီသည့် အကြီးအကဲ၏ ပြောကြားချက် တစ်စွန်းတစ်စများတွင် အနာဂတ်အတွက် စီမံဆောင်ရွက်မှု အခြေအနေ  တစ်စွန်းတစ်စ ပေါ်လွင်သည်။

ဆက်လက်လေ့လာမှုတွင်  Technical Complexအတွင်းရှိ Rocket တပ်ဆင်ရေး အလုပ်ရုံနှင့် ဂြိုဟ်တု ထုတ်လုပ်ရေး အလုပ်ရုံများ ဘက်သို့ လှည့်သည်။ နက်နဲလှသည့် သိပ္ပံပညာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများမှာ လွယ်ကူမှုမရှိနိုင်တာကို လှည့်လည်ကြည့်ရှုလေ့လာရင်း သတိပြုမိသည်။ ပညာရပ်တစ်ခုကို လေ့လာသင်ကြားခြင်းမှ စတင်ဆည်းပူးရသည်။ ရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့ လုပ်ငန်းခွင်နှင့် ပေါင်းစပ်၍ အောင်မြင်မှု ပန်းတိုင်သို့သွားရသည်။ မြန်မာနိုင်ငံမှ  ပညာသင်များအနေဖြင့် လေ့လာသင်ယူမှုကို  ပြုခဲ့ကြပြီးဖြစ်သည်။ မဝေးတော့သည့် ကာလတွင် လက်တွေ့လုပ်ငန်းခွင်နှင့်  ပေါင်းစပ်၍ အမိမြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို ယူဆောင်ပေးရမည်ကို အကြီးအကဲ အနေဖြင့် ယုံကြည်မှုရှိသည်။ အကြီးအကဲ အနေဖြင့် မည်သည်တို့ကို စီမံပေးရမည်၊

မည်သည်တို့ကို   ဖြည့်ဆည်းပေးရမည် စသည်တို့အတွက်  မေးခွန်းများဖြင့် လေ့လာစူးစမ်းသည်။  တစ်ဖက်တာဝန် ရှိသူများ၏  ရှင်းလင်းတင်ပြချက်ကို စေ့စေ့စပ်စပ်နားစွင့်  မှတ်သားသည်။

အစကောင်းလျှင်  အနှောင်းသေချာမည်ကို  သိမှတ်ထားသည်ဟု ယုံကြည်မိသည်။

ရသမျှအချိန်တိုအတွင်း လေ့လာမှု အပြီးတွင်   Soyuz-2 ဒုံးပျံရှေ့တွင် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး Engineering-technical building (GP-5)သို့ သွားရောက်၍  State Space Corporation "Roscosmos"အထွေထွေညွှန်ကြားရေးမှူးချုပ်  Mr. Yuri Borisov နှင့်တွေ့ဆုံဆွေးနွေးသည်။

နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏   အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် အချက်များကို  ဦးတည်ဆွေးနွေးသည်။ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် အတွေ့အကြုံများ၊ ဆောင်ရွက်ရန်အတွက် အကြံပြုချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များ အပါအဝင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး တို့ကို အသေးစိတ် ဆွေးနွေးသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်မှလည်း ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေ၊  နည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးသည်။  သဘောထားအရ  တူညီမှုရှိသည့်အတွက် ဆွေးနွေးချက်များမှာ အထစ်အငေါ့မရှိ။

မျှဝေကြမည်။ ပူးပေါင်းဆောင်ရွက်ကြမည်ဟု ရလဒ်ကောင်းများသာ ထွက်ပေါ်သည်။ ၂၀၁၂ ခုနှစ်၊  သြဂုတ်လတွင် စတင်ထူထောင်ပြီး ၂၀၁၆ ခုနှစ်တွင် ပထမဆုံး အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် hfVostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေး စခန်းမှာ ယနေ့အထိ  အာကာသယာဉ် ၁၁ စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည့် စခန်းဖြစ်သည်။ စတင်သည့်ကာလ မကြာသေးဟုဆိုနိုင်သော်လည်း အချိန်တို အတွင်း အာကာသယာဉ် ၁၁ စင်းအထိ အောင်မြင်စွာ  လွှတ်တင်နိုင်ခဲ့သည်မှာ ဤစခန်း၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။ မြင့်မားသည့်ဂုဏ်ဒြပ်ကို   ယခုအကြီးအကဲ၏ ခရီးစဉ်တွင် ပူးပေါင်းဆောင်ရွက်မည်ဟူသော ရလဒ်ကောင်းဖြင့် ပိုမိုခံ့ထည်စေခဲ့သည်ဟု ဆိုချင်မိသည်။

နိုင်ငံ့အကြီးအကဲ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် ကား  ဆက်ရန်ကျန်သေးသည့်အတွက် Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ထွက်ခွာသည်။

လေဆိပ်ရှိ အထူးလေယာဉ်ပေါ်သို့ ပြန်လည်တက်ရောက်၍ ခရီးဆက်လက် ထွက်ခွာမှုကို Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ JMr. Vasilii Orlov နှင့်တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်သည်။ ရသည့်အချိန်တိုအတွင်း   ၎င်းအုပ်ချုပ်သည့် ပြည်နယ်အတွင်း လာရောက်လေ့လာခြင်းကို ဂုဏ်ယူနေဟန်လည်း   တွေ့ရသည်။

နိုင်ငံ့အကြီးအကဲ  လိုက်ပါလာသည့်  အထူးလေယာဉ်သည် Buryatia ပြည်နယ်၊ Ulan-Udeမြို့၏ Baikal၊ လေဆိပ် ဆင်းသက်ချိန်တွင် Republic of Buryatia  ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sam-buyevich Tsydenov နှင့် တာဝန်ရှိသူများက  ကြိုဆိုနှုတ်ဆက်ကြသည်။ (၇)ကြိမ်မြောက်  အရှေ့ဖျား စီးပွားရေးဖိုရမ်၏ Buryatia ဒေသပြခန်းသို့ အကြီးအကဲ သွားရောက်ကြည့်ရှု လေ့လာစဉ် တွေ့ဆုံဖူးသည့်အတွက်  မိတ်ဆွေပမာ ကြိုဆိုမှုမှာ နွေးထွေးလှသည်။

ကြိုဆိုနှုတ်ဆက်မှုအပြီးတွင် ပြည်နယ် အကြီးအကဲက လေဆိပ်အတွင်းရှိ ရဟတ် ယာဉ်ထားရှိရာနေရာသို့ အကြီးအကဲအား လိုက်လံကြည့်ရှုရန် ဖိတ်ကြားသည်။ မဝေး လှသည့် ရဟတ်ယာဉ် ထားရှိရာနေရာသို့ အရောက်တွင် ရဟတ်ယာဉ်အား ပြသ၍ နောက်ဆုံးအဆင့်မြှင့်တင် ထုတ်လုပ်ထား ရှိမှု အခြေအနေ၊ ရဟတ်ယာဉ်၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများတွင် ပြင်ဆင်ထားရှိမှု၊ အဆင့်မြှင့်တင်ပြီး ရဟတ်ယာဉ်၏ စွမ်းဆောင်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှု အပေါ် အကြီးအကဲမှ  သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။

နိုင်ငံ့အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Baikal လေဆိပ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာမှုမှာ ခေတ္တတည်းခိုနားနေမည့် နေရာသို့မဟုတ်သေး။  Ivolginsky Dastan မဟာယာနဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသို့ဖြစ်ပြီး ကျောင်း သို့ရောက်ရှိချိန်တွင် မဟာယာနဗုဒ္ဓဘာသာ ခေါင်းဆောင် Damba BandmaeichAyusheevနှင့် သံဃာတော်များက ကြိုဆိုသည်။ ထို့နောက် ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်း မိန့်ကြားပြီးနောက် ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကာ  ဆရာတော်ကြီး၏  သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုကို နာယူကြည်ညိုကြသည်။ ထေရဝါဒဟူသော အစွဲအလမ်းကိုမထား။ မြတ်စွာဘုရားရှင်ကို  ကိုးကွယ်ယုံကြည်သည့် ဆရာတော်အဖြစ် လေးမြတ်စွာဖူးမြော်မှု၊ နာယူကြည်ညိုမှုတို့မှာ    အကြီးအကဲ၏ စိတ်သဘောထားကို အကဲခတ်ခွင့်ရသည်။

လားမားဘုန်းတော်ကြီး၏ ရုပ်ကလာပ်အား ဖူးမြော်ကြည်ညိုအပြီးတွင် မဟာယာန ဗုဒ္ဓဘာသာခေါင်းဆောင် Damba Bandmaeich Ayusheev က ကျောင်းတော်အတွင်းရှိ  ဧည့်ခန်းမတွင်  အကြီးအကဲနှင့်  အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံရင်း စကားစမြည်ပြောဆိုမှုမှာ မြန်မာမှုနယ်ပယ်၏ ယဉ်ကျေးမှုနှင့်ပင် ဆင်တူနေသေးသည်။

မဟာယာနဗုဒ္ဓဘာသာ ခေါင်းဆောင်၏ မိန့်ကြားမှုတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ဆောင်ရွက်မှု အခြေအနေများကို စတင်မိန့်ကြားသည်။ ကိုးကွယ်ယုံကြည်မှု မတူညီသည့် နိုင်ငံရပ်ခြားတွင် သာသနာပြုရသည်မှာ မလွယ်ကူသည်ကို မိန့်ကြားချက်တွင် မြင်သာသည်။     

Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ   မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့စဉ်က ရှေးဟောင်းဘုရားစေတီ၊ ပုထိုးများကို ရှေးမူလ လက်ရာမပျက် ထိန်းသိမ်းထားရှိမှု၊ နိုင်ငံအနှံ့အပြားတွင် ဗုဒ္ဓသာသနာတော်၏ ယဉ်ကျေးမှုဆိုင်ရာ လက်ရာများကို  တွေ့မြင်ရမှုတို့အတွက် ပီတိစကားသံကို ဝမ်းမြောက်ဟန်နှင့် ဆိုသည်။ မကြာသေးသည့်အချိန်က ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် မြန်မာနိုင်ငံက ရွှေစည်းခုံပုံတူ စေတီတော်  လာရောက်တည်ထား ကိုးကွယ်ခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံအတွင်းသာမက ကမ္ဘာ့ အဆင့်ထိ ဗုဒ္ဓသာသနာတော် ထွန်းကားရေး အထောက်အကူပြုမှုကိုလည်း အားပါးတရ မိန့်သည်။ စေတီကြီးတည်ထားမှုမှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ပထမဆုံးသော ဗုဒ္ဓသာသနာ၏  စေတီပုထိုးဖြစ်သည့် အတွက်  ဆရာတော်၏ မျှော်လင့်ချက်၊ မိန့်ကြားချက်မှာ အားရဝမ်းသာဟန်အပြည့် ရှိနေသည်မှာ မထူးဆန်းလှ။

ဆရာတော်၏  မိန့်ကြားမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်  ဗုဒ္ဓဘာသာအများစု ကိုးကွယ်ကြပြီး အခြားသောဘာသာ တရားများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည့် အခြေအနေများကို စတင်လျှောက်ထားသည်။ နိုင်ငံအတွင်းရှိ  သာသနာတော်ဆိုင်ရာ အဆောက်အဦများကို အထွတ်အမြတ် ထားကာ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိမှု၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်း မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်လျက် ရှိမှုများကို ဆက်လက်လျှောက်ထားသည်။ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များ အနက်  ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့်   ရုပ်ပွားတော်ကြီး တည်ဆောက်မှု အခြေအနေ၊ ရုပ်ပွားတော်ကြီး တည်ဆောက်ပူဇော်မှုနှင့် အတူ ဗုဒ္ဓဘုရားရှင်၏ နှုတ်ကပါဌ်တော်များအား ကျောက်စာချပ်များတွင် ရေးထိုး ပူဇော်နေမှု၊ ရေးထိုးပူဇော်ရာတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ခေတ်မီ စက်ကိရိယာများ အသုံးပြုရေးထိုးနေမှု၊ ရေးထိုးပြီးစီးချိန်တွင် ကျောက်စာရုံစေတီများဖြင့် တည်ထားပူဇော်ရန် ဆောင်ရွက်နေမှုများကို လျှောက်ထားသည်။ သာသနာရေးဆိုင်ရာ ဆောင်ရွက်မှုများကို တင်လျှောက်ချိန်တွင် အကြီးအကဲ၏ လျှောက်ထားမှုက ဂုဏ်ယူမှုအပြည့်၊ ဝမ်းသာမှုအပြည့်ဖြင့် လျှောက် ထားမှုဖြစ်ကြောင်းကို လျှောက်တင်သံနှင့် မျက်နှာအမူအရာတို့တွင် ပေါ်လွင်လှသည်။ နားစွင့်နေသည့် ဆရာတော်အပါအဝင်  သံဃာတော်များ၏  မျက်နှာတွင်လည်း အံ့သြမှု၊ ဝမ်းမြောက်မှုတို့ကို အထင်းသားမြင်နေရသည်။

ဆရာ၊   ဒကာသဖွယ် အပြန်အလှန် မိန့်ကြားမှု၊ လျှောက်တင်မှု၏ အပြီးတွင် အကြီးအကဲက ခေါင်းဆောင်ဆရာတော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်များအား ဆက်ကပ် လှူဒါန်းသည်။ အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ စုပေါင်း လှူဒါန်းငွေများကိုလည်း ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးနှင့် သံဃာတော်များက  လက်ခံတော်မူပြီးနောက် အားလုံးက သာဓုခေါ်သည်။ ဆရာတော်ကြီးကလည်း တုံ့နှင့်သည့်မေတ္တာအဖြစ် ဓမ္မလက်ဆောင်များ ပြန်လည်စွန့်ကြဲသည့်အတွက် သာဓုခေါ်ဆိုသံကမစဲလှ။ တိုင်းတစ်ပါးနယ်မြေ၊ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှု နည်းပါးလှသည့်မြေတွင် သာဓုခေါ်ဆိုသံကား ကြည်နူး ဖွယ်ကောင်းလှသည်။ ၁၉၄၅ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ပြီး လက်ရှိကာလတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ၏   ဌာနချုပ်သဖွယ် တည်ရှိနေသည့် ကျောင်းတော်ကြီးမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာချိန်သည် ညနေပင် အတော်စောင်းလှပြီဖြစ်သည်။

နိုင်ငံအကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ခေတ္တတည်းခို မည့့် Ulan-Ude မြို့၊ Mergen Bator ရောက်ရှိချိန်တွင်လည်း နားနေရန် အခွင့်မရသေး။ ဟိုတယ်ရှိ Tengeri ညီလာခံခန်းမတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည်။

မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် ခရီးစဉ်လိုက်ပါလာသည့် နိုင်ငံတော် အဆင့်၊ ပြည်ထောင်စုအဆင့်တာဝန်ရှိ အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများ ပါဝင်၍  Republic of Buryatiaအစိုးရဘက်တွင် အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊   စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ စသည်ဖြင့် စုံလင်စွာတက်ရောက်သည်။

နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုမှာ ကျယ် ပြန့်လှသည်။ အဏုမြူနည်းပညာ အသုံးပြု ၍ ရောဂါရှာဖွေစမ်းသပ်မှု၊ တွေ့ရှိရောဂါများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ကုသဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ ဆေးပညာရှင်များ အချင်းချင်း၊ ဆေးရုံများ အချင်းချင်း အပြန်အလှန် ဖလှယ်ဆောင်ရွက်ခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။ လာဘ်ကြီးတစ်ပါးအဖြစ် တင်စားလေ့ရှိသည့် ကျန်းမာ ရေးကဏ္ဍအတွက် ဆွေးနွေးမှုရလဒ်ကား ပြည့်စုံကောင်းမွန်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ ကျန်းမာရေးကဏ္ဍဆွေးနွေးမှု အပြီးတွင် သဘာဝသယံဇာတ ထုတ်လုပ်ရေးအတွက်  နည်းပညာရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ရထားသယ်ယူ ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်သုံး စက်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံးခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ရေးကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည်။  အလားတူ  မီးရထား မောင်းနှင်ခုတ်မောင်းမှု နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးကြသည်။ ဆွေးနွေးသည့် အကြောင်းအရာ ကျယ်ပြန့်နက်နဲသည့်တိုင် ရှိရင်းစွဲခင်မင်မှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကြောင့်  အခက်အခဲမရှိ။

အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခြင်းဖြင့် ဆွေးနွေးပွဲအား ရုပ်သိမ်းသည်။

အောင်မြင်သည့် ဆွေးနွေးပွဲအပြီးတွင် Republic of Buryatia အစိုးရအဖွဲ့အကြီး အကဲက ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။    ဂုဏ်ပြုညစာ စားပွဲအား တည်ခင်းဧည့်ခံနေချိန်တွင်  Buryatia ပြည်နယ်မှ နာမည်ကျော် အနုပညာရှင်များက  ရိုးရာတေးသီချင်းများ၊  အကအလှများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။ မတူညီသည့် တူရိယာကွဲပြားသည့် သီဆိုဟန်နှင့် ခြားနားသည့် ဖျော်ဖြေမှုများ ဖြစ်သော်လည်း အမြင်၊ အကြားအရ မစိမ်းသလို ခံစားမိသည်။ ဤသည်ကပင် နှစ်နိုင်ငံ၏ ယဉ်ကျေးမှုကအစ နီးစပ်နေသည့် အခြားကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု များသည်လည်း ဤနည်းနှင်နှင်သာ ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။   ။

ဝဏ္ဏ (TGI)