နိုင်ငံ့စီးပွားအလေးထား ဆောင်ရွက်လျက်ရှိ
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူသည့် ကာလမှယနေ့တိုင် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို စွမ်းဆောင်ကြိုးပမ်းလျက် ရှိသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ စည်းစနစ်ကျနစွာ ဆောင်ရွက်နေခြင်းကြောင့် အောင်မြင်မှုများစွာလည်း ရှိနေသည်။ စီးပွားရေး ဦးတည်ချက် (၃) ရပ်တွင် “ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဆိုသည့်အတိုင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအထူးအားပေး ဆောင်ရွက်လျက်ရှိသလို ပြည်ပမှရင်းနှီး မြှုပ်နှံမှုများမှာလည်း စဉ်ဆက်မပြတ် ဝင်ရောက်လာလျက်ရှိသည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ခြင်းကြောင့် ပြည်ပဝင်ငွေများ ရရှိခြင်း၊ ပြည်ပမှသွင်းကုန်များ အားလျော့နည်း တင်သွင်းမှုများကြောင့် ကုန်သွယ်မှုပိုငွေများ တိုးတက်ခြင်းများ ရှိလာခဲ့သည်။ ဆန်စပါး၊ သား၊ ငါးများတင်ပို့ရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်ရရှိ ထားပြီးဖြစ်သည်။ ပြည်ပရင်းနှီးမှု အခွင့်အလမ်းသစ်များကိုလည်း နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း ဖိတ်ခေါ်ခဲ့ပြီးဖြစ်သည်။ ကုန်သွယ်မှုဆိုင်ရာ စာချုပ်များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သတင်းကောင်းကို ပြည်သူများ ကြားသိပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကိုသီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ထားရှိပြီး သြဂုတ် ၁၂ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့သို့ ပြည်နယ်တစ်ခုလျှင် ၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုလျှင် ၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျှင် ၅ ဘီလီယံစသည်ဖြင့် လွှဲအပ်ပေးထားပြီး ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စီးပွားရေး လုပ်ငန်းများမှာလည်း အရှိန်အဟုန်မြှင့် လည်ပတ်လျက်ရှိသည်။ ကျေးလက်ဒေသတိုင်းတွင် မြစိမ်းရောင်စီမံကိန်းဖြင့် အောင်မြင်စွာ ဆောင်ရွက်ကာ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ပေးလျက်ရှိသည်။ စီးပွားရေး ကောင်းမွန်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးမှာ အဓိကအချက်ဖြစ်ပေရာ မီးရထားခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ ရီးစဉ်သစ်များ တိုးချဲ့ဖွင့်လှစ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်း၏ အဓိကအကြောင်းရင်းမှန်သည် ဝိသမလောဘသမားတို့၏ ရလေလိုလေ လောဘစိတ်ကြောင့်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးတို့ အတွက် စီမံဆောင်ရွက်ပေးနေသော်လည်း ဈေးတင်ထားပြီးသော ကုန်ပစ္စည်းကို ဈေးနှုန်းပြန်လည် ကျဆင်းရန် လုပ်ဆောင်လိုစိတ် မရှိသူများကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းဖြစ်သည်။ အခြေခံပြည်သူများ နေ့စဉ်ဘဝစားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောဈေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်ရေး အတွက် တပ်မတော်တပ်ရင်း/တပ်ဖွဲ့များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက နေ့စဉ်နှင့်အမျှ ရောင်းချပေးလျက်ရှိသည်။
မြန်မာနိုင်ငံပျက်စီးရေးအတွက် သွေးထိုးလှုံ့ဆော် နှောင့်ယှက်နေသူများ အနေဖြင့် ကုန်ဈေးနှုန်းကြီး မြင့်နေခြင်းသည် နိုင်ငံစီးပွားရေး ကျဆင်းနေခြင်းဟု ထင်ယောင်ထင်မှား ဖြစ်အောင်ဝါဒဖြန့်လျက်ရှိသည်။ ဤသည်မှာ လုံးဝမှန်ကန်မှု မရှိသော အချက်ဖြစ်သည်။ ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းသည် နိုင်ငံတကာတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများ ဖြစ်ပွားနေမှုတို့အပြင် ဒေါ်လာလက်ဝယ်ရှိသူတို့က လွှမ်းမိုးခြယ်လှယ်နေမှုတို့ကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ခုတည်း ကြုံတွေ့ရခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတကာတွင် ကြုံတွေ့နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်အထိအသစ် ဖွင့်လှစ်သည့်စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်သည့်စက်ရုံ ၁၀၀ ရုံရှိသဖြင့် စုစုပေါင်း ၂၁၄ ရုံဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။ စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်နိုင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့ အကျိုးစီးပွား ဖြစ်ထွန်းမည့်အပြင် နိုင်ငံတော်၏ စီးပွားရေးလည်ပတ်မှုသည်လည်း ကောင်းမွန်နေမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် အလုပ်ရှင်များ၊ အလုပ်သမားများ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ်သည်။ နိုင်ငံစီးပွားရေး တိုးတက်စေရေးတွင် အနှောင့်အယှက်တစ်ခု ဖြစ်သည့် တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသဖြင့် နေ့စဉ်တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုများ ရှိနေသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို ဘက်ပေါင်းစုံမှကြိုးပမ်း ဆောင်ရွက်လျက်ရှိသဖြင့် နိုင်ငံ့စီးပွားရေးမှာ တိုးတက်လျက်ရှိပါကြောင်း။ ။