အိန္ဒိယနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်လာမည့် အနောက်နိုင်ငံများ
လွှမ်းမိုးမှုနှင့် အင်အားကြီးထွားလာသည့် တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေး အတွက် အမေရိကန်အစိုးရသည် ဒေသတွင်းအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်လာသည်။
နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သည့် အနေဖြင့် အမေရိကန်က အိန္ဒိယနှင့်အတူ မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်မည်ဟု အမေ ရိကန်အရာရှိများက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။ မောင်းသူ မဲ့လေယာဉ်များကို နှစ်နိုင်ငံစလုံးက ပူးတွဲ ထုတ်လုပ်မည်ဖြစ်ပြီး အိန္ဒိယအစိုးရ အနေ ဖြင့် ထုတ်လုပ်ပြီးသည့် မောင်းသူမဲ့လေ ယာဉ်များကို ဒေသတွင်း တခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် လက်နက်မျိုးစုံ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး လက် နက်နည်းပညာ ကဏ္ဍတွင် ရုရှား၊ အမေ ရိကန်တို့နှင့်သာမက တခြားအနောက်နိုင်ငံ ကြီးများနှင့်လည်း ပူးပေါင်း လုပ်ဆောင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။လက်ရှိတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်ထားသည့် လက်နက်ပစ္စည်းများကို အသုံးပြု လျက်ရှိသည့်အပြင် တချို့ကို ပြည်တွင်း၌ ပင်ထုတ်လုပ်နေသည်။
အိန္ဒိယအစိုးရက ဖော်ဆောင်နေသည့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းအား အဆင့်မြှင့်တင်နိုင်ရေး အတွက် အမေရိကန်က အထောက်အပံ့ပေးရန် စီစဉ်နေခြင်းဖြစ် သည်ဟု အင်ဒို-ပစိဖိတ် ဒေသလုံခြုံရေး ဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး အယ်လီရက်တနာက သတင်းထောက်များ ကို ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်စစ်ဘက်အနေဖြင့် မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ တခြားလက်နက်ပစ္စည်းများကို ဆက်လက်ထုတ်လုပ်ရန် စီစဉ်လျက်ရှိ သည်။ သို့သော် အသေးစိတ်အချက် အလက်များကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
အမေရိကန်သည် အိန္ဒိယနှင့်ပူးပေါင်း၍ အဆိုပါ မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ပြီးနောက် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံများ သို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် တင်ပို့ရောင်းချမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင် ခြင်းအားဖြင့် တောင်အာရှဒေသနှင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများနှင့် ကာကွယ်ရေးအရ ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာရှိသည်။
လက်ရှိတွင် အမေရိကန်စစ်ဘက်မှ တာဝန်ရှိသူများသည် အိန္ဒိယအစိုးရနှင့် အဆင့်မြင့်တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပလျက်ရှိပြီး ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနေသည်။
အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးသည် နှစ်ပေါင်းများစွာကြာ အေးသွားခဲ့သော်လည်း အင်ဒို-ပစိဖိတ် ဒေသတွင် ဖြစ်ပွားနေသည့် အပြောင်းအလဲ ဖြစ်ရပ်များသည် အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုနီးစပ်လာ စေခဲ့သည်။ အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ အင်အားချဲ့ထွင်မှုများ၊ ဒေသအတွင်း ဖြစ်ပွားနေသည့် သဘောထားကွဲလွဲမှုများနှင့် စစ်ရေးအင်အား တိုးချဲ့လာခြင်းတို့သည် အမေရိကန်နှင့် အိန္ဒိယတို့ကြား ဆက်ဆံရေးအပေါ် များစွာ သက်ရောက်စေခဲ့သည်ဟု ဆိုနိုင်သည်။ နှစ်နိုင်ငံဆက်ဆံရေးသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ လက်ထက်တွင် ပိုမိုနီးစပ်လာခြင်းဖြစ် သည်။
အမေရိကန်အစိုးရသည် အိန္ဒိယနိုင်ငံကို ကာကွယ်ရေးကဏ္ဍတွင် အဓိကအရေးပါသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံ အဖြစ် ၂၀၁၆ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ထိုအချိန်မှစ၍ နှစ်နိုင်ငံကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ သည်။ အဆိုပါ သဘောတူညီချက်များတွင် ထိပ်တန်းအဆင့်ရှိ လက်နက်ခဲယမ်းများကို လွှဲပြောင်းပေးရေးနှင့် စစ်ရေးပူးပေါင်းမှုကို မြှင့်တင်ရေးတို့ ပါဝင်လျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် တခြားအနောက် နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်တို့နှင့် လည်း ကာကွယ်ရေးအရ ဆက်ဆံမှုကို တိုးမြှင့်ရန် ဆန္ဒရှိနေသည်။ အကြောင်းမှာ အိန္ဒိယအစိုးရအနေဖြင့် အဆိုပါအင်အား ကြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းအားဖြင့် နိုင်ငံ၏ကာကွယ်ရေး နည်းပညာ တိုးတက်လာစေရန် ရည် ရွယ်ခြင်းဖြစ်သည်။
အလားတူပင် ဥရောပနိုင်ငံများကလည်း အိန္ဒိယနိုင်ငံနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။ အဘယ်ကြောင့် ဆိုသော် အနောက်နိုင်ငံများ အနေဖြင့် အိန္ဒိယက ကာကွယ်ရေးကဏ္ဍတွင် ရုရှား အပေါ် အမှီသဟဲပြုနေရခြင်းကို လျှော့ချ နိုင်ရန်ဖြစ်သည်။ သို့သော် အိန္ဒိယအစိုးရ အနေဖြင့် ယင်းအချက်ကို ကောင်းစွာ ရိပ်စားမိပုံရသည်။ ထို့ကြောင့် ရုရှားနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို လည်း ရပ်ဆိုင်းပစ်ခဲ့ခြင်းမရှိဘဲ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ကောင်းစွာထိန်းသိမ်းထားနိုင်သည့် အခြေအနေတွင် ရှိနေသည်။
အိန္ဒိယနိုင်ငံသည် စစ်အေးကာလ အတွင်းကလည်း ရုရှား (ယခင်ဆိုဗီယက်)နိုင်ငံ၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခဲ့သည့် နိုင်ငံဖြစ်သည်။သို့သော် နောက်ပိုင်းတွင် အိန္ဒိယအစိုးရသည် ရုရှားနှင့် အနောက်နိုင်ငံများကြား ဆက်ဆံ ရေးဟန်ချက်ညီစေရေး အတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့ရသည်။ လက်ရှိတွင် အိန္ဒိယ အစိုးရအနေဖြင့် ရုရှားလုပ်စစ်လက်နက် ပစ္စည်းများအတွက် လိုအပ်သည့်အပိုပစ္စည်းများ ရရှိရေးအတွက် ရုရှားနိုင်ငံအပေါ် အမှီသဟဲပြုနေရသည်။ ဒုံးကျည်ထုတ်လုပ် ရေးတွင်လည်း ရုရှားနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။
ထို့ကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများ အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် လောလောဆယ်ဖြစ်ပွားနေသည့် အင်အားချဲ့ထွင်မှုများ၊ စစ် အင်အားပြင်ဆင်မှုများအပြင် အိန္ဒိယ၏ လက်ရှိအခြေအနေများကို ပြောင်းလဲပစ်နိုင် ရန် ယင်းနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် လုပ်ဆောင်လာမည့် အလားအလာရှိ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Ref: Businesstimes, ST
ဇေယျဘုန်း