ယခုတလောတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာလျက် ရှိသည်။ ဖျားနာသူများထူပြောလာပြီး ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားနေကြရသည်။ ဆေးစစ်ကြည့်လိုက်သည့် အချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရသည်။ တချို့သောသူများသည် ဖျားနာနေသည့် တိုင်အောင် ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ဘဲလုပ်ငန်း ခွင်ဝင်နေကြသည်။ ပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်များကလည်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသည်။ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ပူးပေါင်းဆောင်ရွက်သွားမှသာလျှင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်မည်ဖြစ်သည်။
မြင့်တက်လာ
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ် ဆေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာ ၂၀ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၃ ဒသမ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး သေဆုံးသူ စုစုပေါင်း ၁၉၄၅၀ ဦးအထိရှိနေပြီဖြစ်သည်။ စက်တင်ဘာလဆန်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းတဖြည်းဖြည်း မြင့်တက်လာလျက်ရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်သွားသင့်ပေသည်။ ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းကျော်လာပြီဆိုလျှင် စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များတွင် အန္တရာယ်ရှိလာနိုင်ပေသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန်လိုအပ်ပေသည်။
ကာကွယ်ဆေးထိုးနှံသင့်
နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၇-၉-၂၀၂၂ ရက်နေ့အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း သန်းသုံးဆယ်ကျော်နှင့်အသက် ၁၈ နှစ်အောက် လူဦးရေ စုစုပေါင်း ၆ ဒသမ ၅ သန်းကျော်တို့အား ထိုးနှံထားရှိပြီးဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက် လုပ်ဆောင်သွားသင့်ပေသည်။
မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၉-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၃၈ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၉၇ ဦး ၇၀ ရာခိုင်နှုန်းမှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါစသည့် နာတာရှည်ရောဂါအခံတစ်ခုခုရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ၊ ရောဂါအခံရှိသူ များ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူ များ၏ ၇၉ ဒသမ ၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး ၁၈ ဒသမ ၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများနှင့် ၂ ရာခိုင်နှုန်းသည်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများဖြစ်ကြသည်။
ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူများနှင့် ထပ်ဆောင်းကာ ကွယ်ဆေးထိုးနှံ ထားသူများတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးမှုကို သိသာစွာလျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည်တို့ ကဲ့သို့သော နာတာရှည်ရောဂါအခံတစ်ခုခုရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ခြင်း တို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်သွားသင့်ပေသည်။
ကြိုတင်ပြင်ဆင်ထားသင့်
မည်သို့ပင်ဆိုစေ ယခင်လှိုင်းများတွင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် အတွေ့အကြုံများကို ကြိုတင်ဖြည့်ဆည်းထားနိုင်မည်ဆိုလျှင်၊ သင်ခန်းစာဖော်ထုတ်နိုင်မည်ဆိုလျှင် ကူးစက်ပျံ့နှံ့မှုနှင့် အသေ အပျောက်နှုန်းလည်းကျဆင်းစေမည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ် သောစံနှုန်းများအတိုင်း နေထိုင်သွားရန်လိုအပ်သည်။ ထိုသို့နေထိုင်ခြင်းမရှိဘူးဆိုလျှင် တစ်ဦးတစ်ယောက် ၏ပေါ့ဆမှုမှ တစ်မိသားစုလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးကိုရောဂါပိုးကူးစက်ပျံ့နှံ့ သွားနိုင်ပေသည်။ ထို့ကြောင့်ပြည်သူများ၏ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးအသိ ကျန်းမာရေး သတိရှိမှု သည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရာတွင် များစွာအရေးပါလျက်ရှိသည်။ အမှန်တော့ အသိဉာဏ် ရှိသောလူသားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမခံရစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို တစ်သဝေမတိမ်းလိုက်နာဆောင်ရွက်သွားမည်ဆိုလျှင် ကြောက်ရွံ့ထိတ်လန့်နေရန် မလိုပေ။ လူတိုင်း ကျန်းမာရေးအသိ ကျန်းမာရေးသတိ ရှိဖို့တော့ လိုအပ်ပေသည်။
သင်ခန်းစာယူရန်လို
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုသည်အချိန် နှစ်နှစ်ကျော် သုံးနှစ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စက်တင်ဘာလ ၈ ရက်အထိ အတည်ပြုလူနာ ၆၁၈ သန်းကျော်နှင့်သေဆုံးသူ ၆ ဒသမ ၅၃ သန်း ကျော်နေပြီဖြစ်သည်။ အထူးသဖြင့် အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဘရာဇီးတို့တွင် အတည်ပြုလူနာသန်းချီ၍ရှိနေပြီး အမေရိကန် တစ်နိုင်ငံတည်း၌ပင် အတည်ပြုလူနာ၉၇ သန်းကျော်ပြီး သေဆုံးသူ ဆယ်သိန်းကျော်ရှိနေပြီဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း နေ့စဉ်ကူးစက်မှုနှုန်းစံချိန်တင်မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် မြန်မာပြည်သူ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတကာတွင် ဖြစ်ပွားလျက်ရှိသည့်ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နေမှုနှင့်သေဆုံးမှုဖြစ်စဉ်များမှ သင်ခန်းစာ ရယူသွားသင့်ပေသည်။
စည်းမျဉ်းစည်းကမ်းများလိုက်နာရန်လိုအပ်
နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ တိုက်တွန်းအကြံပြုချက်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားသင့်သည်။
သာဓကအနေဖြင့်အိမ်ပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်မှန်မှန်ဆေးကြောခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း စသည့် အခြေခံအချက်များကို မပျက်မကွက်လိုက်နာသွားရန် လိုအပ်သည်။ တစ်ဦးတစ်ယောက်ချင်းစီ၏ပေါ့ဆမှု၊ လိုက်နာရန်ပျက်ကွက်မှုတို့ကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာနိုင်သည်။ အထူး သဖြင့်အရေးကြီးကိစ္စမရှိဘဲ အပြင်သို့သွားလာခြင်းမျိုးကို တတ်နိုင်သမျှ လျှော့ချသွားသင့်သည်။
လက်မှန်မှန်ဆေးကြောခြင်း
အမှန်တော့လက်ဆေးကြောခြင်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးအပြင် အခြားသောဗိုင်းရပ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းစသည့် ရောဂါများကိုလည်းကင်းစင်စေနိုင်သည်။ လက်ဆေးကြောခြင်းသည် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည်။ မိသားစုအလိုက်လက်ဆေးကြောသည့် အလေ့အထကို စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်သည်။ အထူးသဖြင့် ရေအိမ်ဝင်ပြီးချိန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးချိန်၊ သားစိမ်းငါးစိမ်းများ ကိုင်တွယ်ပြီးချိန်၊ အပြင်မှပြန်ရောက်ချိန်၊ အိပ်ရာဝင်ချိန်၊ အစားအသောက်တစ်ခုခုမစားမီနှင့် စားပြီးချိန်တို့တွင် မပျက်မကွက် လက်ဆေးကြောသင့်သည်။ လက်ကိုလည်းဆပ်ပြာနှင့်သေချာပွတ်တိုက်ကုတ်ခြစ်ဆေးကြောပြီး ရေများများနှင့် လောင်းကာ ခြောက်သွေ့သည့်အဝတ်၊တစ်ရှူးတို့ဖြင့် သုတ်သင့်သည်။ လက်ကို ဖြစ်သလိုဆေးကြောပြီး စိုနေသည့် လက်နှင့်အစားအသောက်များကို ကိုင်တွယ်စားသုံးမည် ဆိုလျှင်တော့ ရောဂါပိုးကူးစက်နိုင်ခြေများသည်။
တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါသတိပြုစေလို
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်မှာ အချိန် နှစ်နှစ်ကျော် သုံးနှစ် ပြည့်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကြိုတင်ပြင်ဆင်စီမံမှု ကောင်းမွန်သည့် နိုင်ငံများ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို တင်းကျပ်စွာ ချမှတ်ခဲ့သည့်နိုင်ငံများ၊ စည်းကမ်း လိုက်နာမှုကောင်းမွန်သော ပြည်သူများ နေထိုင်လျက်ရှိသည့် နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါလှိုင်းများကို ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်မှုသည် အစိုးရများ၏ စီမံခန့်ခွဲမှုစနစ်ကောင်းမွန်မှုနှင့် ပြည်သူများ၏ စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကူးစက်မှုနှုန်းတစ်ကျော့ပြန်မြင့်တက်လာလျက်ရှိသော ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုများလျော့ကျစေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်ပါ ဆောင်ရွက်သွားရန် အကြံပြုတိုက်တွန်းသွားလိုပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)